Friday, December 13, 2013

ဧရာဝတီ ရေကာတာ ပြောင်းရွှေ့ခံရွာသားများ ပုဒ် ၁၈၈ ဖြင့် ဖမ်းဆီးအရေးယူရန် ခြိမ်းခြောက်ခံနေရ

(KNG)

ကချင်ပြည်နယ် မြစ်ကြီး နားမြို့ မြစ်ဆုံပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းကို ရပ်ဆိုင်း ထားသော ကြောင့် ပြန် လည်နေရာ ချ ထားရေးနေရာ အောင်မြင်သာ စံပြကျေးရွာမှ ရွာသား အချို့ မိမိမူလနေရာ သို့ ပြန်လည်နေ ထိုင်လုပ်ကိုင် စားသောက်နေ ရာ ပြီးခဲ့သည့် အပတ်မှ မြစ်ကြီး နားမြို့နယ် အုပ်ချုပ်ရေး မှူးများက အရေးယူမည် ဟုခြိမ်းခြောက်မှု များပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၉ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ် မရက အုပ်ချုပ်ရေးမှူးနှင့် အောင်မြင်သာရွာမှ ရဲများ၊ အုပ်ချုပ်ရေးမှူးများက နေအိမ်သို့ပြန်လည်နေထိုင်သောသူများထံသို့ ပထမဆုံးလာရောက်ပြီး ဓါတ်ပုံများရိုက်ကာ သတိပေးခဲ့ခြင်းဖြစ်ကြောင်း တန်ဖရဲဒေသခံတဦးပြောသည်။


“ပြန်လာကြည့်မယ် အဲချိန်မှာအဝါကဒ်ပြမယ် အဝါကဒ်ပြပြီးဆက်နေနေရင် အနီကဒ်ပြမယ် အနီကဒ်ပြရင်တော့ သိတဲ့အတိုင်းပဲတဲ့ သူတို့ကိုယ်တိုင်ကမဖမ်းဘူးတဲ့ ရဲတွေကို နာမည်ပေးရုံပဲ။ ရဲတွေလာဖမ်း မယ်လို့ပြောတယ်” ဟုပြောသည်။

ယခုချိန် ပြောင်းရွှေ့ တန်ဖရဲ (Tang Hpre) ရွာတွင် ဒေသခံအိမ်ခြေ ၇၀ ကျော် ပြန်လည်နေထိုင်လျက်ရှိပြီး အောက်ပြည်အောက်ရွာမှ ရောက်လာသော မြန်မာများလည်းလာရောက်နေထိုင်ကာ စုစုပေါင်း လူဦးရေ ၁၀၀ ကျော် ရွာအတွင်းလက်ရှိ နေထိုင်နေခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဒေသခံများအား အုပ်ချုပ်ရေးမှူးများအပါဝင် ၇ ဆိုင်ဖွင့်ခွင့်ပြုသော်လည်း ကြက်၊ ဝက် အိမ်မွေးတိရိစ္ဆာန်များမမွေးရန်နှင့် ရွာတွင်ယခင်ကဲ့သို့ပြန်လည်အခြေချနေထိုင်ခြင်း မပြုလုပ်စေလိုကြောင်း၊ ထိုသို့ တားမြစ်ထားသည့်ကြားမှ ဆက်လက်ပြုမူလျင် ပုဒ်မ (၁၈၈) ဖြင့် အရေးယူမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

ထိုသို့ အစိုးရတာဝန်ရှိသူများက တရုတ်အစိုးရအရာရှိများလာရောက်လျင် ရွာဟောင်းတွင် ပြန်လည်နေထိုင်နေသည်ကို မမြင်စေလိုခြင်းဖြစ်သည်ဟုလည်း ပြောဆိုခဲ့ကြောင်းသိရသည်။ ဒေသခံများသည် ထိုသို့လာရောက်ပြောဆိုသော်လည်း ၄င်းတို့၏ ပြန်လည်နေရာချထားရာနေရာတွင် လုပ်ကိုင်စားသောက်ရန် နေရာမရှိပဲ အခက်ခဲရင်ဆိုင်နေရသောကြောင့် အောင်မြင်သာရွာသို့ မပြန်နိုင်သေးကြောင်း ဒေသခံတဦး ကချင်သတင်းဌာန (KNG) သို့ ပြောသည်။

“ဘယ်တော့ ပြန်လာကြည့်မယ်လို့တော့ပြောမသွားဘူး အခုလောလော ဆယ်တော့ မပြန်သေးဘူး တောင်ယာတွေလည်း မပြီးသေးဘူး ဆိုတော့ တချို့က အဝါကဒ်ပြလည်း မလိုဘူးထင်တယ်နောလို့လည်း ပြောကြတယ် ကျမတို့ကသူတို့ရောက်လာတော့ ကြောက်ဖို့ဘဲသိတယ် ဘယ်လိုလုပ်ကြမလဲဆိုပြီး နေနေကြတာ”

အောင်မြင်သာစံပြကျေးရွာမှ တန်ဖရဲရွာသို့ပြန်လည်နေထိုင်လျက်ရှိသော ဒေသခံများတွင် မိမိ လယ်ယာ၊ တောင်ယာများပြန်လည် လုပ်ကိုင်နေခြင်းဖြစ်ပြီး အချို့သည် ဈေးဆိုင်များဖွင့်ကာ မြစ်ကမ်းနားတွင် တနိုင်တပိုင်ရွှေကျင်ပြီး အသက်မွေးဝမ်းကြောင်းပြုလုပ်နေကြောင်း ဒေသခံများပြောသည်။

မြစ်ဆုံတည်ဆောက်မှု တာဝန်ယူဆောက်လုပ်နေသော တရုတ်အစိုးရ စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) သည် ပြောင်းရွှေ့ အောင်မြင်သာရွာသားများအား နှစ်ရှည်ပင်သီးနှံများအတွက် နစ်နာကြေးများ မပေးသေးသော်လည်း ပေးပြီးကြောင်း စာအုပ်များထုတ်ဝေကာ ဒေသခံများအား ဝေပေးခဲ့သည်ကိုလည်း ဒေသခံများက မကျေမနပ်ဖြစ်နေကြသည်။

ရေကာတာကိုလည်း သမ္မတမှရပ်ဆိုင်းထားသည်ဟုဆိုသော်လည်း ယခုချိန်ထိ လှုပ်ရှားမှုများတွေ့မြင်နေရပြီး ဆက်လက်၍ တန်ဖရဲရွာ (Tang Hpre)နှင့် ကျိန်ခရန်ရွာ (Chying Hkrang) လမ်းကို ယခုချိန် ပြုပြင်နေကြောင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ အောင်မြင်သာရွာကိုလည်း လျှပ်စစ်မီး ၂၄ နာရီတပ်ဆင်ပေး၍ ဆန်များထောက်ပံ့ပေးခဲ့သောကြောင့် ဒေသခံများက လက်ခံရရှိထားသော်လည်း တဖက်တွင် မြစ်ဆုံပြန်လည်တည်ဆောက်မည်ကိုစိုးရိမ်နေကြသည်။ ထို့အတူ ယခုချိန် မြစ်တဘက်ကမ်းရှိ မလိယန် (Mali Yang) ကျေးရွာတွင်လည်း ပြောင်းရွှေ့ဒေသခံများအတွက် မီးများတပ်ဆင်ပေးနေကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်းနှင့် မလွှတ်သော တန်ဖရဲရွာကို ၂၀၁၁ ခုနှစ်မှ အောင်မြင်သာရွာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး ယခုချိန် အိမ်ထောင်စုပေါင်း ၃၀၀ ကျော် ရှိုကာ ၄င်းတို့၏ ပုံစံတူအိမ်များကို မြန်မာအစိုးရ အေးရှားဝေါလ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ နှစ်စဉ် မိုးရာသီချိန်တွင် မိုးရွာ၍ လေများတိုက်လာလျင် အမိုးများကွာ၍ ရေ၀ပ်သောကြောင့် ရွာသားများ အခက်ခဲများရင်ဆိုင်ရသောကြောင့် နေထိုင်လိုသည့်ဆန္ဒမရှိခြင်းလည်းဖြစ်ကြောင်း ဒေသခံများပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။