Monday, November 18, 2013

NLD အပါဝင် နိုင်ငံရေး ပါတီ (၁၂) ဖွဲ့နှင့် UNFC ပထမဆုံး အကြိမ် တွေ့မည်

ရွှေဟင်္သာသတင်းဌာန

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ကဲ့သို့သော ပြည်တွင်း အဓိက နိုင်ငံ ရေးပါတီ များနှင့် တိုင်းရင်းသားပါတီများအား တွေ့ဆုံဆွေးနွေးနိုင်ရန်  လာမည့် နိုဝင်ဘာလ (၂၀)ရက်နေ့တွင် အရေး ပေါ် အစည်းအဝေးတရပ် ခေါ်ယူထားကြောင်း အထွေထွေ အတွင်းရေးမှူး (၂) ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါ သည်။

အားလုံး (၁၂) ပါတီ ပါခင်ဗျ၊ တစ်ရက်တည်း ပါပဲ မနက် (၉) နာရီကနေ (၁၂) နာရီ အထိ တွေ့ကြမယ်၊ တွေ့ချိန်က (၃) နာရီ လောက်ပဲ အချိန် ရမယ်ဆိုတော့ အဓိကကျတဲ့ အကြောင်း အရာအဖြစ် ဘာတွေ ဆွေးနွေး ကြမှာလဲ ဆိုတာ ညှိနှိုင်း နိုင်ဖို့ အတွက် အစည်အဝေး ခေါ်ထား တာပါဟု ဆိုပါသည်။


UNFC သည် ယင်းပါတီများနှင့် နိုဝင်ဘာလ (၂၂) ရက်နေ့တွင်  ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဆွေးနွေးရန် ရှိပြီး တိုင်းရင်း သား နိုင်ငံရေး ပါတီ များမှ ကိုယ်စား လှယ်များ အပါအဝင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) မှ ကိုယ်စားလှယ် များ စုစုပေါင်း (၁၅) ဦး ခန့်တက်ရောက်ဖွယ် ရှိနေကြောင်း ဆိုပါသည်။

ဤအစီစဉ်သည် အစိုးရMPC ၏ အစီစဉ်ဖြစ်သဖြင့် မည်သည့်အကြောင်းအရာများ ဆွေးနွေးလာမည်ကို မသိရသေး သော်လည်း  ဆွေးနွေးချက်များသည်  အမြင် ဖလှယ် ခြင်းကို အခြေခံ ဆွေးနွေးကြမည် ဖြစ်ပါသည်။

သူတို့ ဘယ်အချက်ကို ကိုင်ပြီး လာရောက် ဆွေးနွေး မှာလဲ ဆိုတာတော့ ကျနော်တို့ မသိဘူး၊ ဒီပွဲ ကလည်း ပြည် တွင်း ကနေ သူ တို့ လုံ့ဆော် ဆောင်ရွက် မှု (Initiative) ပါ၊ ကျနော်တို့ (Initiative) မဟုတ် ပါဘူး။ ကျနော်တို့ ဘက် ကတော့ UNFC ရပ်တည်ချက် အနေနဲ့ပဲ ဆွေးနွေး နိုင်မှာပါဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါသည်။

ထို့ပြင် UNFC ဖွဲ့စည်းပုံ၊ ရပ်တည်ချက်၊ ပြီးခဲ့သည့် လိုင်ဇာ ညီ လာခံ၌ ချမှတ် ထားသည့် တိုင်းရင်းသား များ၏ ဘုံရပ် တည်ချက် သဘောထား များကို ဆွေးနွေးဖွယ် ရှိနေ ကြောင်း လည်း ဆိုပါသည်။

ယခုကဲ့သို့ တွေ့ဆုံ နိုင်ခြင်း အားဖြင့် ပြည်တွင်း နိုင်ငံရေး ပါတီများနှင့် လက်နက်ကိုင် တိုင်းရင်းသား ပါတီ များအကြား ပွင့်ပွင့် လင်းလင်း အမြင်ဖလှယ် ဆွေးနွေး နိုင်ကြမည် ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စ ရပ်များ ကိုလည်း ဆွေးနွေး နိုင်ကြမည် ဖြစ်ကြောင်း UNFC ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ နိုင်ဟံသာက ဆိုပါသည်။

ကျနော်တို့ အနေနဲ့ ကတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်တပ်က နေရာယူ ထားတဲ့ အပိုင်း၊ လုပ်ပိုင်ခွင့် ပိုယူ ထားတဲ့ အပိုင်း တွေမှာ ပြင်ဆင် ရေးဆွဲဖို့တော့ မလွယ်ဘူးလို့ သုံးသပ် ပါတယ်၊ ဒါအစား အသစ် ရေးဆွဲမယ် ဆိုရင် ပိုကောင်း မှာပါ၊ ဒါပေမယ့် ပြည်တွင်း နိုင်ငံရေး ပါတီ တွေ အနေနဲ့က ပြင်ဆင် ရေးဆွဲမယ် ဆိုတော့ သူတို့ ဘက်က သဘောထား တွေကိုလည်း နားထောင် ရတာပေါ့ဟု နိုင်ဟံသာက ဆိုပါသည်။

၎င်းဆွေးနွေး ပွဲကို တိုင်းရင်းသား နိုင်ငံရေး ပါတီများမှ ကိုယ်စား လှယ်များ တက်ရောက် နိုင်ရေး အတွက် MPC မှ ကမ ကထ ပြု၍ စီစဉ် ပေးခဲ့ခြင်း ဖြစ်သည်။

ဤသည် UNFC နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီနှင့် ပြည်တွင်း အခြေစိုက် တိုင်းရင်းသား နိုင်ငံရေး ပါတီ တို့အကြား တရားဝင် ပထမဆုံး တွေ့ဆုံ နိုင်ရန် စီစဉ် နေခြင်းလည်း ဖြစ်သည်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။