Monday, November 4, 2013

အစိုးရနှင့် အပစ်အခတ် ရပ်စဲရန် KIO အနေဖြင့် အချိန်သတ်မှတ် မရသေးကြောင်း ဗိုလ်ချုပ်ဂွမ်မော် ပြောကြား

(Eleven Media Group)

အစိုးရနှင့် အပစ်အခတ် ရပ်စဲရန်အတွက် ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO) အနေဖြင့် အချိန်သတ်မှတ်၍ မရသေးကြောင်း နိုဝင်ဘာ ၂ ရက် ညပိုင်းက လိုင်ဇာထိပ်သီး ဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

"အပစ်အခတ် ရပ်စဲရေးအတွက် အချိန်သတ်မှတ်လို့ မရသေးပါဘူး။ အစိုးရကတော့ ကျွန်တော်တို့ကို အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးစေချင်တယ်။ KIA အနေနဲ့ကတော့ အပစ်အခတ်ရပ်စဲရေး စာချုပ်သက်သက်ကို မလုပ်ချင်ဘူး။ အပစ်အခတ် ရပ်စဲရေး စာချုပ်ဆိုတာက လက်နက်ကိုင်ထားတဲ့ အဖွဲ့နှစ်ဖွဲ့ကြားထဲက ကတိက၀တ် ဖြစ်ပါတယ်။ KIO ကနေ ပြောတာက အခြားသူများ ပါဝင်နိုင်ပြီးတော့ ရှေ့ဆက်ပြီး သွားနိုင်မယ့် အစီအစဉ်များအတွက် ချုပ်ဆိုတဲ့ ကတိက၀တ်မျိုး ဖြစ်ချင်ပါတယ်။ ဘယ်အချိန်မှာ လက်မှတ်ထိုးမလဲလို့ ပြောရတာ ခက်ပါတယ်။ ဒီဟာကို အဖြေရှာနိုင်ဖို့ ဒီကွန်ဖရင့် ကျင်းပရတာ ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။


ထို့ကြောင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို မည်သည့်အချိန်တွင် လက်မှတ်ရေးထိုးမည် ဆိုခြင်းမှာ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲက ဖွဲ့စည်းခဲ့သော အဖွဲ့ဝင် ၁၃ ဦးပါ တစ်နိုင်ငံလုံး အပစ်ရပ်ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ လုပ်ဆောင်ချက် အပေါ်တွင်သာ မူတည်မည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ၁၃ ဦးအဖွဲ့က နေပြီးတော့ ဘယ်အချိန်မှာ ထိုးနိုင်မလဲ ဆိုတာကို ဘယ်လောက်အထိ ဆောင်ရွက်နိုင်သလဲ။ အစိုးရနဲ့ ဘယ်လောက် ဆွေးနွေးနိုင်သလဲ။ ကျွန်တော်တို့ဘက်က ဘယ်လောက် ညီညွတ်သလဲဆိုတဲ့ အပေါ်မှာ မူတည်မှပဲ အချိန်ကို ပြောနိုင်မှာ ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

ယုံကြည်မှု ပျက်ပြားစေတဲ့ အကြောင်းတရားတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ ဘယ်ကိစ္စမဆို ယုံကြည်မှုကို အနည်းနဲ့အများ လျော့ကျသွားစေနိုင်တယ်။ ဒါကြောင့်မို့ အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ပြီးတဲ့ အဖွဲ့တွေရော၊ ကျွန်တော်တို့ မချုပ်ရသေးတဲ့ အဖွဲ့တွေရော ဆွေးနွေးနေတာက ကျွန်တော်တို့ ရှောင်ကြဉ်ရမယ့် အချက်တွေ ဖြစ်ပါတယ် . . . . .

ထို့အပြင် ယုံကြည်မှု တည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး တိုးတက်မှုကို ပြောသည့်အခါတွင်လည်း ဖြေရခက်ကြောင်း ၎င်းကဆိုသည်။

"နှစ်ပေါင်း ၆၀ လောက် ကျွန်တော်တို့ နိုင်ငံဟာ ပဋိပက္ခတွေ ဖြစ်နေတာ၊ တိုက်ပွဲတွေ ဖြစ်နေတာ ချက်ချင်းယုံကြည်မှုရဖို့ မလွယ်ပါဘူး။ သို့သော်လည်းပဲ အခု အရင်တုန်းက တိုက်ပွဲတွေဖြစ်တယ်။ 
တချို့အဖွဲ့တွေ စာချုပ်ချုပ်ဆိုနိုင်တယ်။ အခု ကျွန်တော်တို့ အချို့အဖွဲ့တွေ ကျန်တယ်။ ကျန်သော်လည်းပဲ အခုလို တိုင်းရင်းသားများ စုပေါင်းပြီး ကွန်ဖရင့်တွေ ကျင်းပတယ်ဆိုတာ ယုံကြည်မှုတွေ တဖြည်းဖြည်း ရလာတယ်လို့ ပြောလို့ရတယ်။ ဒီလိုပြောတာက ဘာလဲဆိုတော့ ယုံကြည်မှုလို့ ပြောတဲ့အခါ ပြဿနာ ဖြစ်နေတဲ့ ဘက်နှစ်ဖက်တည်း မဟုတ်ပါဘူး။ ကိုယ့်အထဲမှာရော  အခုလို တိုင်းရင်းသားဘက် ကိုယ့်ဘက်က မဟာမိတ်တွေ အထဲမှာလည်း ယုံကြည်မှု တည်ဆောက်ရပါတယ်။ ဒါကြောင့်မို့ ယုံကြည်မှုလို့ ပြောရင် ယုံကြည်မှု အပြည့်အ၀ရမှ ဆွေးနွေးရေး သွားမှာမဟုတ်ပါဘူး။ ယုံကြည်မှု တည်ဆောက်ရင်းနဲ့ သွားမှာဖြစ်တယ်လို့ ဖြေချင်ပါတယ်" ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

ယုံကြည်မှု ပျက်ပြားစေနိုင်သော အကြောင်းတရား များစွာလည်း ရှိနေပြီး စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာနိုင်ရန် လုပ်ဆောင်မှုများ ရှိနေသည်ဟု ဆိုသည်။

"ယုံကြည်မှု ပျက်ပြားစေတဲ့ အကြောင်းတရားတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ ဘယ်ကိစ္စမဆို ယုံကြည်မှုကို အနည်းနဲ့အများ လျော့ကျသွားစေနိုင်တယ်။ ဒါကြောင့်မို့ အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ပြီးတဲ့ အဖွဲ့တွေရော၊ ကျွန်တော်တို့ မချုပ်ရသေးတဲ့ အဖွဲ့တွေရော ဆွေးနွေးနေတာက ကျွန်တော်တို့ ရှောင်ကြဉ်ရမယ့် အချက်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီဟာတွေကို ခိုင်ခိုင်မာမာနဲ့ သတ်မှတ်ပြီးတော့ တကယ်စည်းကမ်းတကျ လိုက်နာနိုင်မယ်ဆိုရင် ယုံကြည်မှု တည်ဆောက်လို့ ရမယ်။ ဘယ်အချက်လို့ ပြောတာထက် အချက်တွေ အများကြီး ရှိသော်လည်း အရေးကြီးတဲ့ အချက်များကို သတ်မှတ်ပြီးတော့ ဒီစည်းကမ်းချက်တွေ လိုက်နာဖို့ လုပ်နေပါတယ်" ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။