Wednesday, November 6, 2013

မန်စီမြို့နယ်အတွင်း တပ်မတော်နှင့် KIA တပ်များ စစ်ရေးတင်းမာနေဆဲဖြစ်

(Mizzima)

စစ်ပြေးဒုက္ခသည်များ ထပ်တိုးလာပြီး စားနပ်ရိက္ခာ လိုအပ်နေ

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၏ တပ်မဟာ ၃ လက်အောက်ခံ အမှတ် ၁၂ တပ်ရင်း ဒေသအ တွင်း မြန်မာအစိုးရ၏ စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း နှစ်ဖက်တပ်များအကြား စစ်ရေး တင်းမာနေဆဲဖြစ်ကြောင်း KIA တပ်ရင်းမှူးက နိုဝင်ဘာ ၅ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

“ဒီနေ့တော့ တိုက်ပွဲမဖြစ်သေးဘူး။ ကောင်ရွန်ဘက်မှာ တပ်ဖွဲ့တစ်ဖွဲ့ရှိနေတယ်။ 
ကျွန်တော်တို့နဲ့ မြင်နေရတယ်။ ဗျူဟာကငါးခုရှိတယ်။ တပ်ရင်းကိုးခုရှိတယ်။ နေရာတကာ အစိုးရစစ်တပ်တွေ လှုပ်ရှားနေသေး တယ်။ တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တယ်။ သူတို့ပစ်ရင် ကျွန်တော်တို့လည်း ပစ်လိုက် ဒီလိုပဲ နေနေကြ တယ်”ဟု KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဂျွန်းအောင်က ပြောသည်။


လက်ရှိတွင် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါ၊ ကောင်ဂျာ၊ ကောင်ရွန် စသည့် ဒေသ များတွင် အစိုးရ၏ တပ်ရင်းကိုးရင်းခန့် လှုပ်ရှားမှုများ ဆက်လက်ရှိနေပြီး စစ်တပ်မှ ရိက္ခာများ ပို့ဆောင်မှု များ ဆက်လက် ဖြည့်တင်းမှုများ ရှိနေကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က KIA နှင့် အစိုးရတပ်ဖွဲ့အကြား နေ့စဉ် တိုက်ပွဲများဖြစ်ခဲ့ပြီး နိုဝင်ဘာ ၄ ရက် မှစ၍ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း နှစ်ဖက် စစ်ရေးတင်းမာနေဆဲဟု ဆိုသည်။

တိုက်ပွဲကြောင့် နမ်လင်းပါကျေးရွာရှိ ဒုက္ခသည်စခန်းသို့ ဒုက္ခသည်များ ထပ်မံရောက်ရှိလာပြီး စားနပ် ရိက္ခာ ပြတ်လပ်နေသဖြင့် နိုဝင်ဘာ ၃ ရက်တွင် ဗန်းမော်မြို့ ကရုဏာအဖွဲ့က ဆန်အိတ်ပေါင်း ၃၀၀ ကျော်ကို တောလမ်းမှတစ်ဆင့် ပို့ဆောင်ပေးခဲ့ရကြောင်း KIO စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက မဇ္ဈိမသို့ ပြောသည်။

“ဒုက္ခသည်အားလုံး ၂၅၀၀ဦးတော့ မလျော့ဘူး။ အစားအသောက်ပြတ်သွားလို့ ကျွန်တော်တို့ တောလမ်း မန်ဝင်းဘက်ကနေပို့ပေးတယ်။ ကရုဏာအဖွဲ့တွေကနေ ပေးတာ။ ဆန်တော့ရပြီ ကျနော်တို့ကော်မတီ ကနေလည်း ကားနဲ့ ထပ်ပို့ပေးဖို့ စီစဉ်နေပါတယ်”ဟု ၎င်းက ဆိုသည်။

မုန်းဒိန်ပါလမ်းနှင့် ကောင်ယွန်လမ်းများမှာ သွားလာ၍မရကြောင်း၊ နမ်လင်းပါစခန်းတွင် မူလက စစ်ပြေးဒုက္ခသည် ၁,၀၀၀ ကျော်ရှိရာမှ ယခုအခါ ၂,၄၀၀ ကျော်ရှိနေပြီဖြစ်ကြောင်းနှင့် KIO ထိန်းချုပ်ရာနယ်မြေ အတွင်းရှိ စစ်ပြေးဒုက္ခသည် လူဦးရေပေါင်း ၇၇,၀၀၀ ရှိရာမှ ယခု ၈၈,၀၀၀ ဦးရှိနေပြီဖြစ်ကြောင်း ဦးဒွဲပီ ဆားက ဆက်ပြောသည်။

ယခင်က ကရုဏာအဖွဲ့မှ ကူညီထောက်ပံ့သော ဆန်အိတ် ၇၀၀ ကျော်ကို ကောင်ဂျာကျေးရွာတွင် သိုလှောင်ထားရာ အစိုးရစစ်ကြောင်းများ လှုပ်ရှားနေသဖြင့် ၎င်းဆန်အိတ်များကို သွားရောက် သယ်ယူနိုင်ခြင်းမရှိကြောင်းလည်း ၎င်းက ပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။