Friday, November 22, 2013

KIA ဒုစစ်ဦးစီးချုပ် ရန်ကုန်ခရီးစဉ် နှစ်ဖက် ယုံကြည်မှု တည်ဆောက်ခြင်းဟု ကချင်လူငယ်များက ဆို

(ကချင်သတင်းဌာန)

ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် ရန်ကုန် လာရောက်ခြင်း သည် မြန်မာ အစိုးရနှင့် နှစ်ဖက်ကြား ယုံကြည်မှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဖြစ်သည်ဟု ကချင်လူငယ်များက ဆိုသည်။

ဗိုလ်ချုပ်ဂွန်မော်သည် ရန်ကုန်ရောက် ကချင်လူထုနှင့် နိုဝင်ဘာ ၁၉ ရက်ညနေ ၆ နာရီမှ ၉ နာရီအထိ စမ်းချောင်းမြို့နယ် ရန်ကုန် ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် တွေ့ဆုံခဲ့ရာ ရန်ကုန်ရောက် ကချင်လူထု တစ်ထောင်ကျော်တက်ရောက်ခဲ့ကြသည်။


“သူ တစ်ဖက်နိုင်ငံသွားဖို့ တခြားလမ်းကနေ သွားလို့ရတယ်။ ဒါမယ့် ဒီကို ရောက်လာတယ်ဆိုတာ မြန်မာအစိုးရအပေါ် သူ ယုံကြည်မှု တည်ဆောက်တာ။ ခုလို သူကိုယ်တိုင် ဒီကို လာတာဆိုတော့ ခုဖြစ်နေတဲ့ စစ်လည်း အပစ်အခတ်ရပ်စဲလာနိုင်မယ်၊ ငြိမ်းချမ်းရေး ရလာမယ်လို့ တွေ့မြင်နေရပါတယ်” ဟု တက်ရောက်ခဲ့သူ ကချင်အမျိုးသမီး အဂျီးက ပြောသည်။

ထို့အတူ ကချင်လူငယ်တဦးဖြစ်သူ အောင်လတ်ကလည်း “KIA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ရန်ကုန်ရောက်လာပြီး ခုလိုတွေ့ဆုံမှု၊ ပြောဆိုမှု လုပ်နိုင်တာ ပထမဆုံးဆိုတော့ ပွင့်လင်းမြင်သာမှုလည်း ရှိတာပေါ့။ နောက် သူလာတဲ့အပေါ် ကချင်ပြည်နယ် ငြိမ်းချမ်းလာနိုင်မယ်လို့ မျှော်လင့်တယ်။ သူလည်း ပြောတယ်၊ နောက်မဆုတ်ပဲ ငြိမ်းချမ်းရေးကို ဆက်တိုက်လုပ်ဆောင်မယ်လို့ ပြောပါတယ်” ဟု ပြောသည်။

ထိုသို့ ကချင်လူထုနှင့် တွေ့ဆုံရာ၌ ကြိုဆိုရေး၊ လုံခြုံရေး အပိုင်းတွင် တာဝန်ယူပေးရသည့် ကချင်လူငယ် ဒွဲနန်ကလည်း KIA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ရန်ကုန်ရောက်လာခြင်း၊ မြန်မာနိုင်ငံ နိုင်ငံကူး လတ်မှတ် လုပ်ခြင်းသည် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများ မကြာခင် ရပ်တန့်သွားနိုင်သည့် အလားအလား ရှိလာနိုင်ကြောင်း ဆိုသည်။

၎င်းက ဆက်ပြီး “KIA က ငြိမ်းချမ်းရေးအတွက် လက်တွေ့ကျကျနဲ့ မှန်မှန် လုပ်ဆောင်နေပါတယ်။ နှစ်ဖက် သံသယ ကင်းပြီး ပွင့်လင်းမြင်သာမှုရှိအောင် KIA က လုပ်ဆောင်လိုက်တယ်လို့ မြင်ပါတယ်။ ပြီးတော့ သူ့ ဘေးနားမှာ ရပ်ပြီး လူအုပ်ကြား၊ မီဒီယာကြားမှာ သူ့ကို ခမ်းမထဲရောက်အောင် ပို့ပေးတယ်။ သူနဲ့ အနီးကပ်ဆုံးနေရတော့ စိတ်ထဲမှာ ကြိတ်ပြီး ၀မ်းသာမိတယ်” ဟု ဖွင့်ဟပြောဆိုသည်။

တွေ့ဆုံမှုတွင် ဗိုလ်ချုပ်ဂွန်မော်က လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွင် KIO ၏ သဘောထား ထုတ်ပြန်ချက်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဖက်ဒရယ်လမ်းစဉ် တည်ဆောက်ရေးနှင့် ယနေ့ ကချင်လူငယ်များအား စာပေလေ့လာဖတ်ရှုမှုကို အားထုတ်ရန် စသည်တို့ကို ပြောကြားသွားသည်။

ထို့အပြင် ကချင်ပြည်နယ် အစစအရာရာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မည်သည့်အစိုးရကိုမှ အပြစ်တင် ဝေဖန်ခြင်းထက် ကချင်လူထု စိတ်ဓာတ်သာ အဓိကအရင်းအမြစ်ဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့သည်။

အောင်လတ်က ဆက်ပြီး “ဒီလောက်အဆင့်ထိ နှစ်ဖက် ယုံကြည်မှု တည်ဆောက်လာနိုင်မယ်လို့ မမျှော်လင့်မိဘူး။ ရန်ကုန်ရောက်နေတဲ့ ကချင်လူငယ်တွေအားလုံး သူလာမယ်ဆိုတော့ စိတ်တွေပြင်ဆင်ကြတယ်။ စိတ်လှုပ်ရှားနေပြီး စောင့်ကြိုနေကြတယ်။ သူကိုတွေ့တော့ ပျော်တယ်။ သူပြောတဲ့ စကားတွေကို အင်မတန် အားရပါတယ်” ဟု ပြောသည်။

KIA ဒုတိယ စစ်ဦးစီးချုပ် ဂွန်မော်သည် ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၈ ရက်မှ ၂၀ ရက်အထိ နေထိုင်ချိန် မီဒီယာများနှင့် တွေ့ဆုံခြင်း၊ ၈၈ မျိုးဆက်ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း၊ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် ရန်ကုန်ရောက် ကချင်လူထုနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပမည့် တိုင်းရင်းသားပေါင်းစုံ ကိုယ်စားပြုမည့်အဖွဲ့ (NCCT) အစည်းအဝေး တက်ရောက်ရန် အတွက်လည်း မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်တွင်းမှ ထွက်ခွာခဲ့သည်။

တဖက်တွင်လည်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နှင့် မြန်မာအစိုးရ တပ်နှစ်ဖက်ကြား စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။