Sunday, November 17, 2013

အောင်မြင်သာနှင့် မလိယန် ဒေသခံများအား CPI မှ ချိဖွေလျှပ်စစ် မီးပေးမည်

(Kachin Waves)

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံကျေးရွာများဖြစ်သော အောင်မြင်သာကျေးရွာ နှင့် မလိယန်ကျေးရွာ ရှိ ဒေသခံများအား တရုတ် CPI ကုမ္ပဏီ မှ လျှပ်စစ်မီး ပေးတော့ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၄ ရက်နေ့ ပြည်နယ် နှင့် ခရိုင် လျှပ်စစ်အင်ဂျင်နီယာ နှင့် CPI ကုမ္ပဏီ မှ တာဝန်ရှိသူများ အောင်မြင်သာကျေးရွာသို့ လာရောက်ပြီ ဒေသခံများအား လျှပ်စစ်မီးဆိုင်ရာ ပညာပေးဟောပြောပွဲ လာလုပ်စဉ် ဒေသခံများအား ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အောင်မြင်သာ ဒေသခံတစ်ဦးဖြစ်သူ ဆရာမ ဂျာခေါန် က ဆိုသည်။


အခုပေးမည့် လျှပ်စစ်မီးသည် မြစ်ဆုံစီမံကိန်း ဆောက်လုပ်ရာတွင် အသုံးပြုရန် တည်ဆောက်ထားသည့် ချိဖွေရေအား လျှပ်စစ်ဖြစ်သည်။
“ ချီဖွေ လျှပ်စစ်မီးဟာ မြစ်ဆုံစီမံကိန်းလုပ်ဖို့ လုပ်ထားတဲ့ လျှပ်စစ်မီးဖြစ်တယ်။ ၂၄ နာရီပေးမယ်။ ဒေသခံများ လုပ်ငန်းလုပ်နိုင်ဖို့ စက်မှုကုမ္ပဏီ လေးတွေလည်း လုပ်မယ် လို့ ဟောပြောပွဲမှာ ပြောသွားတယ်။’ ဟု ဆရာမ မှဆက်လက်ဆိုသည်။

ထိုဟောပြောပွဲတွင် CPI မှ အောင်မြင်သာ ဒေသခံများအတွက် ဆန် (၂) လစာ ထောက်ပံ့ ခဲ့သည် သာမက လျှပ်စစ်မီး ဆိုင်ရာ လက်ကမ်းစာစောင်များလည်း မျှဝေးပေးခဲ့ကြောင်း သိရသည်။
စတင်ပြောင်းရွှေ့ချိန်ကစပြီး အခုအချိန်တွင် အောင်မြင်သာကျေးရွာ နှင့် မလိယန်ကျေးရွာတွင် ည ၇ နာရီမှ ၉ နာရီအထိ Asia World ကုမ္ပဏီ မှ မီစက်မောင်းကာ ပေးလျှက်ရှိသည်။

“အခုအချိန်မှာတော့ ဓာတ်တိုင် မီးကြိုးတွေတော့ တပ်ဆင်ပြီးပြီ။ မီးဘယ်နေ့ကနေ စပြီးပေးမယ်ဆိုတာတော့ မသိသေးဘူး။ မီတာခ ကောက်မယ် မကောက်ဘူး ဆိုတာလည်း မသိရသေးဘူး။ ကျွန်မကတော့ ဟောပြောပွဲနေ့မှာ မိတာခ မကောက်ဖို့အတွက်တော့ ပြောခဲ့တယ်။”ဟု ဆရာမ မှ ဆက်လက်ဆိုသည်။

အောင်မြင်သာစံပြကျေးရွာ နေထိုင်သည့် ဒေသခံများသည် မလိဇွပ်၊ တန်ဖရဲ နှင့် လဖျဲ့ရွာတို့မှ ပြောင်းရွှေ့လာသည့် ဒေသခံများဖြစ်ကြပြီး မလိယန်ကျေးရွာတွင် နေထိုင်သည့် ဒေသခံများသည် ဒေါင်ပန်နှင် အောင်ဂျာယန်တို့မှ ပြောင်းရွှေ့လာသည့် ဒေသခံများဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။