Monday, November 11, 2013

အပစ်ရပ်က ဦးစားပေးလား၊ နိုင်ငံရေး ဆွေးနွေးမှုက ဦးစားပေးလား

(Eleven Media Group)

လိုင်ဇာထိပ်သီး ဆွေးနွေးပွဲနှင့် မြစ်ကြီးနား ဆွေးနွေးပွဲတို့ အပြီးတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်သည် တိုးတက်မှု ရှိလာကြောင်း သုံးသပ်မှုများ ရှိခဲ့သည်။

သို့သော် ၂၀၁၅ ခုနှစ် မတိုင်မီ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ စတင်နိုင်ရေး ကိစ္စမှာ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကို မည်မျှအထိ ညှိနှိုင်းမည် ဆိုသည့်အပေါ် မူတည်နေပါသည်။ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထား ရပ်တည်ချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့အတူ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။ မြစ်ကြီးနား ဆွေးနွေးပွဲတွင်မူ အစိုးရက ၎င်းတို့ရေးဆွဲထားသော အပစ်ရပ် စာချုပ်မူကြမ်း အသစ်တစ်ခုကို ထုတ်ပြခဲ့သည့်နည်းတူ သမ္မတ၏ သဘောထားနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့၏ သဘောထားကိုလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။


မြစ်ကြီးနား ဆွေးနွေးပွဲ၌ ရေရာသော အဖြေတစ်ခု မရရှိခဲ့သော်လည်း ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့၌ ဆက်လက်တွေ့ဆုံ ဆွေးနွေးရန် အချက်ကို သဘောတူညီ ခဲ့ကြသည်။ ထို့အပြင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်ရေးနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရေး အချက်သုံးချက်ကိုလည်း သဘောတူခဲ့ကြခြင်းဖြစ်သည်။

အပစ်ရပ်ရေးက ဦးစားပေးလား နိုင်ငံရေး ဆွေးနွေးမှုက ဦးစားပေးလား

နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းရန်အတွက် တစ်ခုတည်းသော အဖြေမှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရေး ဖြစ်သည်ဟု နှစ်ဖက်စလုံးက ပြောကြားထားသည်။
သို့ရာတွင် မြစ်ကြီးနား ဆွေးနွေးပွဲ အပြီး၌လည်း နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရန် အာမခံချက်ရှိမှ အပစ်ရပ်လက်မှတ် ထိုးမည်ဆိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ သဘောထားနှင့် အပစ်ရပ်ရေးကို ဦးစွာလုပ်ဆောင်ပြီးမှ နိုင်ငံရေး ဆွေးနွေးရန်ဟူသော အစိုးရ၏ သဘောထား အမြင်တို့မှာ ကွဲလွဲသည့် အနေအထားတွင် ရှိနေဆဲဖြစ်သည်။

"သူတို့ကျတော့ တစ်ပြည်လုံး အပစ်ရပ်ပြီးမှ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး မူဘောင်ကို သွားပေါ့။ ကျွန်တော်တို့ဘက်ကတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး အာမခံချက်ရမှ အပစ်ရပ်ပြီးတော့ တွေ့ဆုံဆွေးနွေး သွားမယ်။ အဲဒီအမြင် နှစ်ခုကတော့ ညှိရမယ့် သဘောရှိတယ်။ နိုင်ငံရေး အာမခံချက်ရှိတဲ့ အပစ်အခတ် ရပ်စဲရေး သွားချင်တဲ့ အပေါ်မှာ ဒါကိုတန့်နေတဲ့ သဘောရှိတယ်" ဟု ကရင်အမျိုးသား အစည်းအရုံး (KNU)၏ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ဆိုသည်။

ကွဲလွဲမှုအချို့ ရှိနေသည့် မူကြမ်းနှစ်ရပ်  

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ထိုးရန် ကမ်းလှမ်းချက်ကို ဇူလိုင်လအတွင်း အကောင်အထည် ဖော်ရန်ရှိသည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက မေလအတွင်း ပြုလုပ်သော မြစ်ကြီးနား ဆွေးနွေးပွဲ၌ ထုတ်ဖော်ပြောကြားသည်။ လက်နက်ကိုင် အဖွဲ့အားလုံးကို တရားဝင် ဖိတ်ခေါ်ခြင်း မရှိခဲ့သော ထိုကမ်းလှမ်းချက်သည် ဇူလိုင်လ၌ အကောင်အထည် ပေါ်မလာဘဲ အောက်တိုဘာလသို့ ရွှေ့ဆိုင်းခဲ့သည်။ အောက်တိုဘာလတွင်လည်း ဖြစ်မလာသေးဘဲ နိုဝင်ဘာလတွင် ပြုလုပ်ရန်ရှိသည်ဟု ပြောင်းလဲခဲ့ပြန်သည်။ လက်ရှိအနေအထားအရ နိုဝင်ဘာတွင် မဖြစ်နိုင်တော့ဘဲ မည်သည့်အချိန်တွင် ဖြစ်လာမည် ဆိုသည်ကို မှန်းဆရ ခက်လာသည်။

မြစ်ကြီးနား ဆွေးနွေးပွဲတွင် လိုင်ဇာဘုံသဘော တူညီချက်တွင် ပါဝင်သော "တော်လှန်ရေး" ဆိုသည့် အသုံးအနှုန်း၊ "ဖက်ဒရယ် ပြည်ထောင်စုစနစ်" နှင့် "ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်း" ကိစ္စရပ်များအပေါ် အစိုးရဘက်က ဝေါဟာရပိုင်း ကွဲလွဲမှုများ ရှိခဲ့သည်။

နှစ် ၆၀ ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ကို အချိန်တိုတိုနဲ့ ဆွေးနွေးပွဲ မလုပ်နိုင်ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ မူဘောင်တွေ ချမယ်ဆိုရင် အစိုးရနဲ့ လက်နက်ကိုင်တွေကြီးပဲ ဆုံးဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြည်ထောင်စု တပ်မတော် ဖွဲ့ဖို့ဆိုတာက ပိုပြီးတော့ လိုဦးမယ်။ အစိုးရစစ်တပ်က အမြဲတမ်းစစ်တပ် (Regular Army)၊ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေက ဒီလိုမဟုတ်ဘူး . . . . .

အစိုးရဘက်က မြစ်ကြီးနား ဆွေးနွေးပွဲ ပထမနေ့ ညနေပိုင်းတွင် တင်ပြလာသော အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ခြေတစ်လှမ်း နောက်ဆုတ်သွားစေခဲ့သည်။
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) က ရေး ဆွဲခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော အစိုးရ၏ အပစ်ရပ်စာချုပ် မူကြမ်းတွင် လက်ခံနိုင်ဖွယ်ရှိသော အချက်များစွာ ပါဝင်သော်လည်း လိုင်ဇာထိပ်သီးဆွေးနွေးပွဲ မတိုင်မီ အစိုးရဘက်က ရေးဆွဲပြီး တိုင်းရင်းသား လက်နက်ကိုင်များထံ ပေးပို့ခဲ့သော မူကြမ်းနှင့် နှိုင်းယှဉ်ပါက ကွာခြားချက်များ ရှိနေကြောင်း သိရပါသည်။  

အထူးသဖြင့် ၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ် ဖွဲ့စည်းစဉ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ လက်မခံခဲ့သည့် အချက်အချို့ကို ပြန်လည်သုံးစွဲခဲ့ခြင်းနှင့် ဒို့တာဝန် အရေးသုံးပါး၊ ဒီမိုကရေစီ ကျင့်စဉ်နှင့်အတူ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း လိုက်ပါဆောင်ရွက်ရန် အချက်များက တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုလားချက်နှင့် ကွဲလွဲနေကြောင်း သိရသည်။


အန္တရာယ်ရှိသော ပွတ်တိုက်မှုများ ဖြစ်လာနိုင်  

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ကွဲလွဲမှုများ ရှိနေသည့်တိုင် တိုးတက်မှုရှိသော ရလာဒ်တစ်ခုကို ပုံဖော်နိုင်ပြီဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက ပြောကြားသည်။
သို့သော် ညှိနှိုင်းမှုများကို အချိန်ယူ လုပ်ဆောင်ရန် ရှိနေပြီး အစိုးရဘက်ကလည်း ၎င်းတို့လိုလားသော အပစ်ရပ်ရေးကိုသာ ဦးစားပေး လုပ်ဆောင်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များ ဘက်ကလည်း အလျော့ပေးခြင်း မရှိဘဲ လိုလားချက်များကိုသာ ဆက်လက်တောင်းဆို နေပါက အန္တရာယ်ရှိသော ပွတ်တိုက်မှုများ ရှိလာနိုင်သည်ဟု ဆိုကြပါသည်။

"အရမ်းတွန်းလို့လည်း မရပါဘူး။ အချိန်ယူတာ ကောင်းပါတယ်။ သိပ်တွန်းလုပ်လို့ရှိရင် ချော်ထွက်သွားနိုင်တယ်။ ပွတ်တိုက်မှုက များသွားနိုင်တယ်။ ဒါကြောင့် အချိန်ယူသင့်သေလောက် ယူပြီးတော့မှ တစ်ဆင့်ချင်းသွားတာ ကောင်းပါတယ်" ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောပါသည်။

အစိုးရအဖွဲ့ အနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားမှု၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်နှင့် နိုင်ငံရေး ပါတီများ၏ လှုပ်ရှားဆောင်ရွက်မှု၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အကြိုပြင်ဆင်မှုများက လာမည့်နှစ်နှစ်တာ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်ရပ် သဘောတူညီပြီး နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်မည်လားဟု မေးခွန်းထုတ်မှုများ ရှိသည်။  

အခြားတစ်ဖက်တွင်လည်း နိုင်ငံရေး ဆွေးနွေးပွဲဆိုသည့် ကိစ္စရပ်မှာ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရ၏ ငြိမ်းချမ်းရေး အကျိုးဆောင်များအကြား ဆွေးနွေးပြီး ပြီးပြတ်သည့်အရာ မဟုတ်ဘဲ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းများ၊ ပြည်သူလူထုများ အားလုံးပါဝင်သည့် ဆွေးနွေးညှိနှိုင်းမှုဖြင့်သာ ပုံဖော်ရမည့် အခြေအနေ ဖြစ်သည်။

ယေဘုယျဆန်တဲ့ ပုံစံတွေနဲ့ သွားမယ်ဆိုလို့ရှိရင် အချိန်မရွေး ရပ်သွားနိုင်တယ်။ လမ်းကြောင်းတွေ ပြောင်းသွားနိုင်တယ်။ နားလည်မှုတွေ လွဲသွားနိုင်တယ်။ လက်ရှိ ၂၀၁၄ နဲ့ ၂၀၁၅ မှာ နိုင်ငံရေး ဆွေးနွေးပွဲ တစ်ခုကို စနစ်တကျ ဘယ်လိုပုံဖော်မလဲဆိုတဲ့ မူဘောင်တွေကို အားလုံးပါဝင်ပြီးတော့ စနစ်တကျ ချမှတ်ဆွေးနွေးဖို့ . . . . .

"ကျွန်တော်တို့ အဲဒါကို စိုးရိမ်တယ်။ ကျွန်တော်တို့က ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်တယ်။ အခုက ကျွန်တော်တို့ တင်တာက မြင့်လို့ရှိရင်လည်း မြင့်မယ်။ သူ့ဘက်တင်တာရော။ အဲတာကို လျော့ချပြီးတော့ တစ်အချက်က ကျွန်တော်တို့ ဒီကိစ္စညှိနှိုင်းတဲ့ နေရာမှာ အချိန်တော့ ယူရတယ်။ ဒုတိယ တစ်ချက်ကတော့ တကယ့်ညှိနှိုင်းချင်တဲ့စိတ်ဓာတ် ရှိရဲ့လား။ ညှိနှိုင်းချင်တဲ့ စိတ်ဓာတ် မရှိဘူး ဆိုရင်တော့ အလုပ်လုပ်လို့ မဖြစ်ဘူးပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့က လက်နက်ကိုင် ပဋိပက္ခကို ပြန်လှည့်မယ့် အနေအထားတော့ ကျွန်တော်တို့ မလိုလားဘူးပေါ့လေ။ တိုင်းရင်းသား ဘက်ကလဲ။ 
ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုက အကောင်းဆုံး လုပ်ဆောင်ချက်ပဲလို့ ကျွန်တော်တို့ မြင်တာကိုး။ ဒါပေမဲ့ ဒီလိုရှိတဲ့ အပေါ်မှာတော့ တကယ့်ပေါ့လေ။ ကျွန်တော်တို့ ညှိနှိုင်းချင်တဲ့ စိတ်ဓာတ်နဲ့ သူမသာ၊ ကိုယ်မသာပေါ့လေ။ သွားရင်တော့ ပိုပြီးတော့ ကောင်းတယ်" ဟု ပဒိုကွယ်ထူးဝင်းက ပြောကြားသည်။

နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်အတွက် ဆွေးနွေးပွဲများကိုသာ အာရုံစိုက်သင့်

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ မည်သည့်ကိစ္စကို ဦးစွာလုပ်ဆောင်မည်ခြင်းကို အငြင်းပွားနေခြင်းထက် ဆက်လက်ပြုလုပ်မည့် ဆွေးနွေးမှုများတွင် နိုင်ငံရေး ဆွေးနွေးပွဲအတွက် လိုအပ်သော မူဘောင်များကို မည်ကဲ့သို့ ရေးဆွဲမည် ဆိုခြင်းကို အာရုံစိုက်သင့်ကြောင်း ပြောဆိုမှုများ ရှိသည်။

"လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးမှာ တကယ့်အဖြေကို သွားမှာက နိုင်ငံရေးဆွေးနွေးပွဲက ပဲသွားမှာလေ။ အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဘယ်ဟာက အရင်လဲ ဆိုတာက  အငြင်းပွားနေတာထက် နိုင်ငံရေး ဆွေးနွေးပွဲကို ဘယ်လိုအရင် သွားမလဲ ဆိုတာကို စဉ်းစားတာက ပိုပြီးလက်တွေ့ ကျမယ်ထင်တယ်" 
ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

ထိုသို့ လုပ်ဆောင်ရာတွင် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များတွင် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များအတွက် အကြိုဆွေးနွေးခြင်းများကို လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။

"နိုင်ငံရေးဆွေးနွေးပွဲကို တိုက်ရိုက်သွားတာထက် နိုင်ငံရေး ဆွေးနွေးပွဲ မတိုင်ခင်မှာ ဘယ်လိုမူဘောင်တွေ၊ အခု သူတို့အကြမ်းဖျင်း ချထားတဲ့ မူဘောင်တွေက အရမ်းကို ယေဘုယျ ဆန်လွန်းတယ်။ အဲဒီ ယေဘုယျဆန်တဲ့ ပုံစံတွေနဲ့ သွားမယ်ဆိုလို့ရှိရင် အချိန်မရွေး ရပ်သွားနိုင်တယ်။ လမ်းကြောင်းတွေ ပြောင်းသွားနိုင်တယ်။ နားလည်မှုတွေ လွဲသွားနိုင်တယ်။ လက်ရှိ ၂၀၁၄ နဲ့ ၂၀၁၅ မှာ နိုင်ငံရေး ဆွေးနွေးပွဲ တစ်ခုကို စနစ်တကျ ဘယ်လိုပုံဖော်မလဲဆိုတဲ့ မူဘောင်တွေကို အားလုံးပါဝင်ပြီးတော့ စနစ်တကျ ချမှတ်ဆွေးနွေးဖို့ လိုတယ်" ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

"အစိုးရရဲ့ အချိန်သတ်မှတ်ချက် အဟောင်းကတော့ ဘာလဲဆိုတော့ ၂၀၁၄ ဧပြီလကနေပြီးတော့မှ ၂၀၁၅ မတ်လအထိလို့ ပြောတာကိုး။ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဖို့က။ အဲဒီတော့ အခုချိန်မှာ ဒီဥစ္စာက တော်တော်ကြန့်ကြာ သွားနိုင်သလားဆိုတဲ့ မေးခွန်းပေါ်လာတာပေါ့" ဟု ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ အကြံပေး ဦးခွန်ဆိုင်းက ပြောပါသည်။

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များကို ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် ရေးဆွဲပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် တပြိုင်နက်တည်း ပြုလုပ်နိုင်ရေးမှာ အစိုးရ၏ သဘောထားနှင့် ညှိနှိုင်းမှုများ အပေါ်တွင် မူတည်ကြောင်း ပဒိုကွယ်ထူးဝင်းက ဆိုပါသည်။

"ညှိနှိုင်းပေမဲ့လည်း တစ်နှစ်၊ နှစ်နှစ်နဲ့ ပြီးချင်မှပြီးမယ်။ ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ ပြည်နယ်အဆင့်ကနေပြီးတော့ ဖြစ်ချင်တာထက် ဖြစ်ထိုက်တာထက် ဖြစ်သင့်တာကို အရင်လုပ်ရမှာပဲ။ ဖြစ်စေချင်တာကတော့ ရာနှုန်းပြည့် ပြောင်းလဲစေချင်တာပေါ့။ ဒါပေမဲ့ အကုန်လုံးက သက်ဆိုင်တာ အများကြီး ဆိုင်တာကိုး။ အစိုးရလည်း ရှိတယ်။ လွှတ်တော်လည်း ရှိတယ်။ 
တပ်မတော်လည်း ရှိတယ်။ ပြည်သူလူထုလည်း ရှိတယ်။ လက်နက်ကိုင် အဖွဲ့အစည်းလည်း ရှိတယ်ဆိုတော့ အမြင်အမျိုးမျိုး ရှိတဲ့အပေါ်မှာ ကျွန်တော်တို့ ရှေ့ဆက် ဘယ်လိုသွားနိုင်မလဲ ဆိုတာကို စဉ်းစားရတာပေါ့" ဟု ပဒိုကွယ်ထူးဝင်းက ပြောကြားသည်။

"၂၀၁၅ မတိုင်ခင်မှာတော့ နိုင်ငံရေးအရ ဆွေးနွေးဖို့ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက အဓိက လိုလားတယ်။ အဲဒီတော့ နိုင်ငံရေးအရ အပေးအယူလုပ်ဖို့ ဆွေးနွေးဖို့က အဓိကပဲ" ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားပါသည်။ 

ရှိထားပြီးဖြစ်သော အပစ်ရပ် စာချုပ်များ ခိုင်မာစေရေး

အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲသို့ မသွားမီ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်များ ဆွေးနွေးခြင်းက အချိန်ယူရမည့် ကိစ္စဖြစ်ပြီး ထိုကာလအတွင်း အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကတိက၀တ်များမှာ တစ်ဖွဲ့ချင်းစီအလိုက် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးထားသော စာချုပ်များပေါ်တွင် မူတည်ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ ရှိသည့်အနက် ၁၄ ဖွဲ့မှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ထိုးထားပြီး ဖြစ်သောကြောင့် ထိုစာချုပ်များကို ခိုင်မာမှု ရှိသည်ဆိုပါက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်မရေးထိုး နိုင်သေးသည့်တိုင် နိုင်ငံရေး ဆွေးနွေးပွဲအတွက် မူဘောင်များကို လွတ်လပ်စွာ လုပ်ဆောင်နိုင်မည့် အခြေအနေ ရှိနေပါသည်။

"အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ ရှိရင်လည်း အခုလက်ရှိ ပြည်နယ်အဆင့်တွေ၊ ပြည်ထောင်စု အဆင့်တွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ လက်မှတ်ထိုးထားတယ်။ အဲဒီ ထိုးထားတဲ့ သဘောတူညီချက်တွေကို ဘယ်လောက်အထိ တိတိကျကျ ပုံဖော်နိုင်သလဲဆိုတာ အရေးကြီးတယ်" ဟု ဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။

"ကျွန်တော်အမြင်ကတော့ အခုလက်ရှိ ရထားတဲ့ အခြေအနေမှာ သူ့ပြည်နယ်၊ သူ့ပြည်နယ်ပိုပြီးတော့ ခိုင်မာအောင် လုပ်လို့ရှိရင်တော့ ပိုပြီးလေးနက်မှု ရှိတယ်။ အခုဟာက ကျွန်တော်တို့ KNU ဆို အပစ်အခတ်ရပ်တာ နှစ်နှစ်တောင် ပြည့်တော့မယ်။ ဘာမှ မယ်မယ်ရရ ဖြစ်လာတာ မရှိဘူး။ တပ်နေရာ ချထားမှု မရှိတဲ့ အပေါ်မှာ။ လုပ်ရင်းလုပ်ရင်းနဲ့ ပြည်သူလူထုက အဖွဲ့အစည်း အတွင်းမှာရော သံသယစိတ်တွေ၊ အယုံအကြည်တွေ နည်းလာတဲ့ သဘောတော့ ရှိလာတာပေါ့။ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးလုပ်။ တစ်ချိန်တည်းမှာ ပြည်နယ်မှာ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ သိပ်အရေးကြီးတယ်" ဟု ပဒိုကွယ်ထူးဝင်းက ဆိုသည်။

ထို့ကြောင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်မရေးထိုးမီ အချိန်တွင် ပြည်နယ်အဆင့် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များအား စာချုပ်ပါ အချက်များအတိုင်း ဖော်ဆောင်ပေးရေးနှင့် တပ်ပိုင်းဆိုင်ရာ နေရာချထားမှုများက အရေးပါကြောင်း သိရသည်။

နိုင်ငံရေး ဆွေးနွေးပွဲအတွက် မူဘောင်များ ရေးဆွဲနေချိန်တွင် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် တပ်အချင်းချင်း တိတိကျကျ ညှိနှိုင်းလုပ်ဆောင်ခြင်းက အဖြေတစ်ခု ထွက်ပေါ်စေမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲပြီးမှ ပြုလုပ်ရန် အစိုးရဘက်က ရည်ရွယ်ထားသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ၏ သက်သာချောင်ချိရေးကို ကူညီဖြည့်ဆည်းပေးရန် အချက်ကို ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး ထားချိန်မှာပင် လက်တွေ့ကျကျ ပုံဖော်ပေးခြင်းအားဖြင့် နိုင်ငံရေး ဆွေးနွေးပွဲမူဘောင် ရေးဆွဲခြင်းများအား အထောက်အကူ ဖြစ်လာစေနိုင်ကြောင်း သိရသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စုစနစ်နှင့် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်း

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း၊ ဖက်ဒရယ် ပြည်ထောင်စုစနစ်၊ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်များ၊ နိုင်ငံရေးဆွေးနွေးပွဲနှင့် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး ကိစ္စများမှာ ခွဲခြား၍ မရသော အရာများ ဖြစ်သည်ဟု နိုင်ငံရေး ကျွမ်းကျင်သူများက ပြောကြားသည်။

သူတို့ကျတော့ တစ်ပြည်လုံး အပစ်ရပ်ပြီးမှ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး မူဘောင်ကို သွားပေါ့။ ကျွန်တော်တို့ ဘက်ကတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး အာမခံချက်ရမှ အပစ်ရပ်ပြီးတော့ တွေ့ဆုံဆွေးနွေးသွားမယ်။ အဲဒီအမြင် နှစ်ခုကတော့ ညှိရမယ့်သဘော ရှိတယ်။ နိုင်ငံရေး အာမခံချက်ရှိတဲ့ အပစ်အခတ် ရပ်စဲရေး သွားချင်တဲ့ အပေါ်မှာ ဒါကို တန့်နေတဲ့သဘော ရှိတယ် . . . . .

သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဖက်ဒရယ်ပြည်ထောင်စု စနစ်သို့ ဦးတည်သော ပြင်ဆင်ချက်များမှာ ၂၀၁၅ ခုနှစ် မတိုင်မီတွင် ဖြစ်လာနိုင်ချေ ရှိသော်လည်း ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေး ကိစ္စရပ်မှာ၂၀၁၅ ခုနှစ် နောက်ပိုင်းမှ ဖြစ်နိုင်ချေ ရှိသည်ဆိုသော ပြောဆိုမှုများ ရှိသည်။

"လက်ရှိတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ တိုက်ရိုက်ကို ဆက်စပ်နေတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေပြောတဲ့ ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ အပိုင်းတွေကို ပြင်ဆင်လာနိုင်သော်လည်းပဲ တစ်ဖက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပြောနေတဲ့ တပ်မတော်နဲ့ ပတ်သက်တဲ့ အပိုင်းကျတော့ ၂၀၁၅ မတိုင်ခင်မှာ ပြင်ဆင်ဖို့ ဖြစ်နိုင်ချေ တော်တော်ကို နည်းနေတဲ့ အနေအထားမျိုး တွေ့ရတယ်" ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

"ပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို တိုးမြှင့်ပြီးပေးနိုင်တဲ့ ပြဌာန်းချက်တွေ၊ ပုဒ်မတွေကို ၂၀၁၅ မတိုင်ခင်မှာ ပြင်ဆင်လာနိုင်ပေမယ့် တကယ်တန်း ပြည်ထောင်စု တပ်မတော်လို့ ပြောတဲ့ ပုံစံမျိုးကို ပုံဖော်နိုင်တဲ့ အချက်အလက်တွေပါတဲ့ ပြင်ဆင်မှု အပိုင်းကိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ၂၀၁၅ နောက်ပိုင်းမှပဲ ဖြစ်နိုင်လိမ့်မယ်လို့ ထင်တယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲခြင်းနှင့် နိုင်ငံရေး ဆွေးနွေးပွဲမူဘောင် ကိစ္စရပ်များကို ၂၀၁၅ ခုနှစ် မတိုင်မီ ဆွေးနွေးသဘောတူညီချက် ရရှိပြီးနောက် ၂၀၁၅ ခုနှစ်တွင် ဆက်လက်လုပ်ဆောင်ရမည့် ကဏ္ဍများ၌ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်း ကိစ္စရပ်လည်း ပါဝင်လာနိုင်ကြောင်း ဦးခွန်ဆိုင်းက ဆိုသည်။

"ဖက်ဒရယ် တပ်မတော်က အစိုးရက ဘာမှသိပ်စိုးရိမ်စရာလည်း မလိုဘူး။ တကယ်လို့ Political Dialouge ရောက်လာပြီ ဆိုရင်လည်း တို့စားပွဲဝိုင်းမှာ ဆွေးနွေးရတယ်ဆိုရင် တပ်မတော် အနေနဲ့ စိုးရိမ်ကြောင့်ကြစရာ မလိုဘူး" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

ဖက်ဒရယ် တပ်မတော်ကိစ္စသို့ မသွားမီ အချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် အစိုးရ၏ အပစ်ရပ် စာချုပ်မူကြမ်းတွင် ပါဝင်သော တာဝန်ပိုင်းကို ဆွေးနွေးရမည်ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဧရာဝတီ မဂ္ဂဇင်း အင်တာဗျူးတွင် ပြောကြားထားပါသည်။

"သူတို့တွေ အနေနဲ့ စပြီး ဒီကပေးထားတဲ့ သဘောတူညီချက်မှာပါတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တာဝန်များ ဆိုတာကို သူတို့အနေနဲ့ ဆွေးနွေးရမှာပါ။ တပ်နေရာ ချတာတွေကို သတ်မှတ်ပေးမယ်။ သူတို့ကို လုပ်ဆောင်ခွင့် ပေးထားတဲ့အတိုင်း လုပ်ခွင့်ပေးမှာပါ။ ကန့်သတ်တာတွေ၊ ချုပ်ချယ်တာတွေ မလုပ်တဲ့ စည်းမျဉ်းတွေ ပေးထားတယ်။ သူတို့ ဆွေးနွေးနိုင်တယ်။ တပ်မတော်ထဲကို ဒီအတိုင်း ပါဝင်ချင်လို့ ပါဝင်လို့ မရနိုင်ဘူး။ တပ်မတော် အစိတ်အပိုင်း တခုလို ကချင်ကလည်း ကချင်တပ်၊ ကရင်ကလည်း ကရင်တပ် ဆိုသလို ရှိနေလို့တော့ မရဘူး။ ကမ္ဘာမှာလည်း မရှိဘူး။ အဲဒီအတိုင်း တောင်းဆိုနေလို့ကတော့ မရဘူး။ ဘယ်သူက သဘောတူမလဲ။ ကမ္ဘာမှာလည်း စည်းမျဉ်းစည်းကမ်းတွေ ရှိတာပဲလေ။ မဖြစ်နိုင်တာကို တောင်းဆိုနေရင်တော့ ငြိမ်းချမ်းရေးက မဖြစ်ဖို့ဘဲ ရှိတာပေါ့" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဧရာဝတီမဂ္ဂဇင်းသို့ ပြောကြားသည်။

"ဒါပေမယ့် သဘောတူညီချက်မှာ သတ်မှတ်နေရာမှာ လက်နက်ကိုင်ခွင့် ဆက်လက်ခွင့်ပြု ပေးထားတယ်။ ဆိုလိုတာက နောက်ပိုင်းဒီထဲမှာ နိုင်ငံရေးပါတီတွေ ထောင်လာမယ်။ တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်လာအောင် လုပ်ပေးတဲ့သဘော လုပ်ဆောင်ပေးမှာပါ။ သူတို့နေရာတွေ ဥပမာ လိုင်ဇာပေါ့၊ KIO ကို ခင်ဗျားတို့ လိုင်ဇာမှာ မနေနဲ့၊ လက်နက်အပ်ပါ ဆိုတာမျိုး လုပ်မသွားဘူး။ ရှိနေမှာဘဲ။ သူတို့ဆီမှာ သူတို့သတ်မှတ်တဲ့ လက်နက်ခဲယမ်းတွေ ဘယ်လောက်ရှိလဲ စာရင်းနဲ့ တင်ပြခိုင်းတာကလည်း သိမ်းဖို့လည်း မဟုတ်ဘူး။ ဖြုတ်လည်း မဖြုတ်သိမ်းခိုင်းဘူး။ နောက် သူတို့အုပ်ချုပ်မှု ပိုင်းကအစ သူတို့လိုအပ်တာကို လုပ်ပေးရမယ်။ ဒီလိုအချက်တွေ ပါတယ်။ လုပ်ပေးမှာပဲ။ ဒါတွေက အလိုက်လျောနိုင်ဆုံး လုပ်ပေးထားတာတွေပါ" ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

လွှတ်တော်၏ အာမခံချက်
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များကို ၂၀၁၅ ခုနှစ် မတိုင်မီ သဘောတူညီချက် ရရှိပြီး ကျန်ရှိသည်များကို ၂၀၁၅ ခုနှစ်နောက်ပိုင်း ဆက်လက်ဆွေးနွေးရေး ကိစ္စရပ်တွင် အသစ်တက်လာမည့် အစိုးရ၏ သဘောထားနှင့် လွှတ်တော်၏ အာမခံချက်အပေါ် မူတည်ကြောင်း သိရသည်။  
"အခုက ၂၀၁၅ ခုနှစ်ဆိုတော့ အဲဒီမှာ စမယ်ဆိုလို့ရှိရင်တော့ အစိုးရက ဘယ်အစိုးရ တက်မလဲ ဆိုတာတော့ ပြောလို့ မရဘူးနော်။ တက်လာတဲ့ အစိုးရက အခုအစိုးရလို ဆန္ဒရှိ၊ မရှိ ဆိုတာမျိုးပေါ့။ အဲလိုဆန္ဒ မရှိရင်တော့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု ဒီကိစ္စက အများအမြင့် မေ့လျော့သွားမယ့် သဘောရှိမလားလို့ တစ်ဖက်ကတော့ ကျွန်တော်တို့ တွက်ကြည့်တာပေါ့" ဟု ပဒိုကွယ်ထူးဝင်းက ပြောပါသည်။

"အစိုးရရဲ့ သဘောထား အပေါ်မှာလည်း မူတည်မယ် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲ အပေါ်မှာလည်း အများကြီး မူတည်တယ်။ ကျွန်တော်တို့ ၂၀၁၄ ခုနှစ် နှစ်ဦးပိုင်းမှာပဲဖြစ်ဖြစ် တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လုပ်နိုင်မယ် ဆိုလို့ရှိရင်တော့ အခုအစိုးရရဲ့ တင်ပြနေတဲ့ သဘောတူညီချက် စာချုပ်မှာပါတဲ့ နှစ်လအတွင်း နိုင်ငံရေး စတင်ပြောဆိုနိုင်မယ်ဆိုတော့ ဒါကိုလွှတ်တော်မှာ ဆက်တင်နိုင်မယ် ဆိုလို့ရှိရင် ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာလည်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဆက်လုပ်လို့ ရတာပေါ့" ဟု ၎င်းကဆက်လက် ပြောကြားသည်။

"၂၀၁၅ နောက်ပိုင်းမှာက အစိုးရအသစ် ဖြစ်မှာကိုး။ နောက်လွှတ်တော် အသစ်ဖြစ်မှာကိုး။ အဲဒီတော့ အခုလွှတ်တော် အဟောင်းကနေ ပြီးတော့မှ သူတို့အတည်ပြုတယ်။ ဒါမှမဟုတ် တစ်နည်းတစ်လမ်းအားဖြင့် အတည်ပြုနိုင်တာ သုံးနည်းရှိတာကိုး။ တစ်နည်းကတော့ အခုတည်ဆဲဖြစ်နေတဲ့ လွှတ်တော်က အခုသဘောတူညီချက်တွေကို အတည်ပြုပေးတယ် ဆိုရင်လည်း ၂၀၁၅ အတွက်ကို လိုက်နိုင်တယ်။ တစ်ဖက်ကလည်း ၂၀၁၅ မတိုင်မီမှာ ကျွန်တော်တို့ အတည်ပြုချက် ရယူနိုင်တယ်။ ဥပဒေအဖြစ် ရယူနိုင်တယ်ဆိုရင်တော့ ၂၀၁၅ နောက်ပိုင်းလည်း ဆက်သွားဖို့က သေချာတာပေါ့ဗျာ" ဟု ဦးခွန်ဆိုင်းက ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၅ ခုနှစ်မတိုင်မီ အပြီးသတ် လုပ်ဆောင်ရန် သပ်လျို သွေးခွဲမှုများ ရှိနေကြောင်း သိရှိရပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အတွင်းမှာပင် ထိုကိစ္စရပ်များကို ယခုအစိုးရ လက်ထက်မှာပင် အပြတ်ဖြတ်ရန် ဆန္ဒရှိနေသူများ ရှိနေကြောင်း သိရသည်။

ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံခြင်း မရှိသောကြောင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ထူထောင်ပြီး ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရေးမှာ ဖြစ်နိုင်ချေ နည်းကြောင်း သိရသည်။

"အဲဒီအဆင့်အထိ အနေအထားတော့ မရှိဘူး။ တစ်ခြားပုံစံနဲ့ ၀င်ရင်တော့ ၀င်မှာပေါ့လေ။ ပေါင်းပြီးဝင်တယ် ဆိုတာကလည်း ကိုယ့်ရဲ့နိုင်ငံရေး ရပ်တည်ချက်က ရှိသေးတယ်။ လိုအပ်မှု အရကလည်း နိုင်ငံရေးပါတီ တစ်ခုအနေနဲ့က လက်နက်ကိုင်လို့တော့ ရမှာမဟုတ်ဘူး။ ပေါင်းပြီးလုပ်လို့ရှိရင်လည်း တခြားနည်းလမ်းပဲ လုပ်ရင်လုပ်မယ်။ ပေါ်ပေါ်တင်တင်လုပ်မယ့် အနေအထားတော့ မရှိဘူးပေါ့" ဟု ပဒိုကွယ်ထူးဝင်းက ပြောကြားသည်။

"အခုလောလောဆယ် တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးမှာ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံတယ်လို့ ပြောတဲ့အဖွဲ့ကို ကျွန်တော်မတွေ့သေးဘူး။ ပြင်တာတွေ အကောင်အထည် ပေါ်သွားတယ် ဆိုရင်တော့ ဒီဥစ္စာက တစ်ချို့အဖွဲ့တွေတော့ ဖြစ်မယ်။ ဒါပေမဲ့ ဥပမာ ရှမ်းဆိုပါတော့။ ရှမ်းဆိုတာ သူတို့ကိုယ်တိုင် ပါတီထောင်ဖို့ဆိုတာ ကျွန်တော် မမြင်ဘူး။ သူတို့က အခုလောလောဆယ် ရှမ်းပါတီက နှစ်ပါတီတောင် ရှိပြီးပြီဆိုတော့ ပါတီကို သူတို့ကြိုက်တဲ့ ပေါ်လစီအတိုင်း စည်းရုံးဖို့၊ မဲဆွယ်ဖို့ သူတို့ ဖိအားပေးနိုင်တယ်။ သူတို့ကိုယ်တိုင် ပါဝင်ဖို့ဆိုတာ ဗိုလ်ချုပ်ရွက်ဆစ်တို့၊ ဗိုလ်ချုပ်ပန်ဖတို့ဆိုတာ မဖြစ်နိုင်ဘူး ထင်ပါတယ်" ဟု ဦးခွမ်ဆိုင်းက ပြောကြားသည်။


ယုံကြည်မှု တည်ဆောက်ရေးနှင့် အချိန်လိုအပ်ချက်  
အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်နှင့် နိုင်ငံရေးဆွေးနွေးပွဲ ကိစ္စရပ်များအတွက် အပြန်အလှန် ယုံကြည်စိတ်ချမှု တည်ဆောက်ရန် လိုအပ်နေကြောင်း ဒေါက်တာတူးဂျာက ဆိုသည်။
"အရမ်းလောလို့ မရဘူး။ ဖြည်းဖြည်းချင်း အချိန်ယူပြီးတော့ လုပ်သွားလို့ ရှိရင်တော့ ဖြစ်နိုင်တယ်။ ပြောရမယ်ဆိုရင် ၂၀၁၅ မတိုင်ခင် လုပ်နိုင်သလောက်လုပ်။ ၂၀၁၅ နောက်ပိုင်းလုပ်။ အခြေခံဥပဒေလည်း တစ်ထိုင်တည်းနဲ့ ပြင်လို့မရပါဘူး။ ၂၀၁၅ မတိုင်ခင် ပြင်နိုင်သလောက်ပြင်။ ၂၀၁၅ နောက်ပိုင်း ပြင်နိုင်သလောက်ပြင်။ ၂၀၂၀ နောက်ပိုင်း ပြင်နိုင်သလောက်ပြင်။ အဲလို တစ်ဆင့်ချင်း လုပ်သွားရမှာ" ဟု ဒေါက်တာတူးဂျာက ပြောကြားခဲ့သည်။

"နှစ် ၆၀ ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ကို အချိန်တိုတိုနဲ့ ဆွေးနွေးပွဲ မလုပ်နိုင်ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ မူဘောင်တွေ ချမယ်ဆိုရင် အစိုးရနဲ့ လက်နက်ကိုင်တွေကြီးပဲ ဆုံးဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြည်ထောင်စု တပ်မတော် ဖွဲ့ဖို့ဆိုတာက ပိုပြီးတော့ လိုဦးမယ်။ အစိုးရစစ်တပ်က အမြဲတမ်းစစ်တပ် (Regular Army)၊ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေက ဒီလိုမဟုတ်ဘူး။ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေ တပ်ခေါ်ထားပေမယ့် ဒီ rank တွေ တန်းညှိဖို့က မလွယ်ဘူး။ ဒါကလည်း ပြဿနာ ရှိတယ်။ လွတ်လပ်ရေးအတွက် အမြဲတမ်း တပ်မတော်ဖွဲ့ဖို့ ကန္ဒီစာချုပ်မှာ ဒီသဘောမျိုးတွေ ပါခဲ့တယ်။ နိုင်ငံတကာ အမြင်ကောင်းရုံ သဘောတူညီချက်မျိုး မြန်မြန်မထုတ်ပြန် သင့်ဘူး။ လူထုရဲ့ ကိုယ်စားပြုမှုကသာ သဘောတူညီမှုတွေကို ခိုင်မာစေပါ လိမ့်မယ်။ ရွေးကောက်ပွဲကသာ လူထုရဲ့ ဆန္ဒပုံရိပ်ကို ဖော်ညွှန်းပါတယ်။ ဒါကြောင့် နိုင်ငံရေး မူဘောင်မှာ ၂၀၁၅ ရွေးကောက်ပွဲကို အသန့်ရှင်းဆုံး၊ အမျှတဆုံးဖြစ်အောင် ဆောင်ရွက်ဖို့ မူဘောင်တစ်ခု ပါသင့်တယ်" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

မြစ်ကြီးနား ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်များထံသို့ သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်က တင်သွင်းခဲ့သည့် သဘောထားများ (နိုဝင်ဘာ ၄၊ ၂၀၁၃)
တပ်မတော်၏ သဘောထားကို ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ပြောကြားပြီး အခြေခံမူ ၆ ချက် ပါဝင်သည်။
၁။     ငြိမ်းချမ်းရေး ရယူရန် အမှန်တကယ် ဆန္ဒရှိရန်
၂။     သဘောတူ စာချုပ်များ၌ ကတိတည်ရန်
၃။     ငြိမ်းချမ်းရေး သဘောတူညီချက်များကို အမြတ်မထုတ်ရန်
၎။    ဒေသခံများပေါ်တွင် ၀န်ထုတ်ဝန်ပိုး မဖြစ်စေရန်
၅။     နိုင်ငံတော်က ထုတ်ပြန်သည့် တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်
၆။       ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ ကျင့်စဉ်အရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ လိုက်ပါဆောင်ရွက်ရန်

သမ္မတ ဦးသိန်းစိန်၏ သဘောထားမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။     တိုင်းရင်းသား လက်နက်ကိုင်များ၏ တောင်းဆိုချက်ကို ညှိနှိုင်းဆောင်ရွက်ရန်
၂။     ရေးထိုးပြီးသည့် အပစ်အခတ် ရပ်စဲရေးကို ထပ်လောင်းအတည်ပြုရန်
၃။     အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး ပြီးပါက နိုင်ငံရေး ဆွေးနွေးပွဲကို လုပ်ဆောင်ရန်
၎။     ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားပေါင်းစုံနှင့် အဖွဲ့အစည်းအားလုံး စုပေါင်းလုပ်ဆောင်ရန်


တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက်များ
နိဒါန်း
၁။ အခြေခံမူများ
    ၁-၁။     ငြိမ်းချမ်းရေးအတွက် သန္နိဌာန်ချခြင်း    
    ၁-၂။     ပင်လုံသဘောတူညီချက်ကို အသိအမှတ်ပြုခြင်း
    ၁-၃။     စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်
    ၁-၄။     ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်း
    ၁-၅။     တိုင်းရင်းသား လူမျိုးများ၏ အခြေခံ အခွင့်အရေးများကို ကာကွယ်ခြင်း
    ၁-၆။     တန်းတူညီမျှမှု
    ၁-၇။     အားလုံးပါဝင်ရေး
    ၁-၈။     သဘောတူညီမှု ရယူခြင်း
    ၁-၉။    ပူးပေါင်းဆောင်ရွက်မှု
    ၁-၁၀။ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု

၂။ ရည်ရွယ်ချက်များ
    ၂-၁။     အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရန်။
    ၂-၂။     ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်းများနှင့် ရန်လိုမှုများ ရပ်စဲရန်။
    ၂-၃။     အားလုံး သဘောတူညီထားသည့် အပစ်ခတ် ရပ်စဲရေးဆိုင်ရာ စည်းကမ်းများကို လေးစားလိုက်နာရန်။
    ၂-၄။     အစိုးရနှင့် ရင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ချုပ်ဆိုထားသော သဘောတူညီချက်နှင့် ကတိက၀တ်များကို ထပ်လောင်းအတည်ပြု ထိန်းသိမ်းပြီး၊ တည်တံ့ခိုင်မြဲ၍ တရားမျှတသည့် ငြိမ်းချမ်းရေးသို့ ဦးတည်သည့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်ကို စတင်ကျင်းပသွားနိုင်ရန်။
    ၂-၅။ အဓိပ္ပာယ် ပြည့်ဝသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ များမှသည် အမျိုးသားပြည်နယ်များကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်။

၃။ နှစ်ဖက်လက်ခံနိုင်သော နိုင်ငံရေး လမ်းပြမြေပုံ ချမှတ်ခြင်း
    ၃-၁။    အားလုံးပါဝင်သော "အမျိုးသားအဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးဆိုင်ရာမူဘောင်" (The Framework for National Political dialogue) သဘောတူညီမှု ရယူခြင်း။
    ၃-၂။    တစ်နိုင်ငံလုံး အဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်    ရေးထိုးခြင်း။
    ၃-၃။    အမျိုးသားအဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်း။
    ၃-၄။    ပင်လုံစိတ်ဓာတ်၊ ပင်လုံမူကို အခြေခံသော ပြည်ထောင်စု ညီလာခံ ကျင်းပပြီး "တိုင်းရင်းသား လူမျိုးများဆိုင်ရာ ပြည်ထောင်စု သဘောတူညီချက် (Pyidaungsu Accord)" ကို လက်မှတ်ရေးထိုးခြင်း။
    ၃-၅။   "တိုင်းရင်းသား လူမျိုးများဆိုင်ရာ ပြည်ထောင်စု သဘောတူညီချက် (Pyidaungsu Accord)" ကို အတည်ပြုခြင်း (Ratification)။
    ၃-၆။   "တိုင်းရင်းသား လူမျိုးများဆိုင်ရာ ပြည်ထောင်စု သဘောတူညီချက် (Pyidaungsu Accord)" အချက်များကို အကောင်အထည်ဖော်ခြင်း။

၎။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် အဓိက ပါဝင်ရမည့် အချက်များ
    ၄-၁။    တပ်ပိုင်းဆိုင်ရာကိစ္စ
    ၄-၂။    ဆက်ဆံရေး ရုံးများဆိုင်ရာကိစ္စ
    ၄-၃။    နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် ကတိပြုခြင်း
    ၄-၄။    နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ မူဘောင်ရေးဆွဲခြင်းနှင့် အတည်ပြုခြင်း
    ၄-၅။    အရပ်သားများအား အကာအကွယ်ပေးခြင်း
    ၄-၆။    စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်များ သဘောတူညီခြင်း

၅။ အကောင်အထည်ဖော်ခြင်း
    ၅-၁။    ပူးတွဲစောင့်ကြည့်ရေးစနစ် လက်တွေ့သတ်မှတ် အကောင်အထည်ဖော်ခြင်း
    ၅-၂။    နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက်အကောင်အထည် ဖော်သွားမည့် ပူးတွဲကော်မတီ ဖွဲ့စည်းခြင်း
    ၅-၃။    လွတ်လပ်သော လူ့အခွင့်အရေး စောင့်ကြည့်ရေး ကော်မတီ
    ၅-၄။    အချိန်ကာလ သတ်မှတ် အကောင်အထည်ဖော်ခြင်း

၆။ ယုံကြည်မှု တည်ဆောက်ရေးနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ရမည့် အချက်များ
    ၆-၁။    စိတ်ရင်းစေတနာမှန်ဖြင့် ကြိုးစားလုပ်ဆောင်ရမည်။
    ၆-၂။    လွတ်လပ်စွာ သွားလာခွင့်

၇။ မတရား အသင်းများ အဖြစ်မှ ပယ်ဖျက်ပေးရေးနှင့် ဆက်စပ်အကြောင်းအရာများ
၈။ ဆွေးနွေးရေးကာလ အစီအစဉ်များ
    ၈-၁။    အုပ်ချုပ်ရေးဆိုင်ရာ အာဏာခွဲဝေခြင်း၊ ကျင့်သုံးခြင်း
    ၈-၂။    စီးပွားရေးဆိုင်ရာ အာဏာခွဲဝေခြင်း၊ ကျင့်သုံးခြင်း
    ၈-၃။    ဥပေဒပြုပြင်ရေးဆိုင်ရာ ကိစ္စရပ်များ
    ၈-၄။    ယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ
    ၈-၅။    မြေယာပြုပြင်ရေးဆိုင်ရာ ကိစ္စရပ်များ
    ၈-၆။    သဘာဝ အရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ
    ၈-၇။    နယ်စပ်ရေးရာ ကိစ္စရပ်များ (Border Territorial, Immigration, Trade Issues)
    ၈-၈။    အကြီးစား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ (Mega Economic Projects)
    ၈-၉။    မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များ

၉။ လက်မှတ်ရေးထိုးခြင်း
၁၀။ အတည်ပြုခြင်း
၁၁။ အထွေထွေ

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။