Friday, November 22, 2013

တန်းတူညီမျှသော ပြည်ထောင်စု ဖြစ်စေလိုပါသည်

Zaw Khun Naw

နိုင်ငံတစ်နိုင်ငံမှာ တန်းတူညီမျှမှုက အခြေခံပဲ..။ တန်းတူညီမျှမှု၊တရားမျှတမှု မရှိဘဲ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဘယ်လိုမှ မရနိုင်ဘူး..။ အချင်းချင်းပတ်ချာလည် ရန်ဖြစ်နေတာနဲ့ပဲ အချိန်ကုန်နေလိမ့်မယ်..။

မြန်မာနိုင်ငံမှာ တန်းတူညီမျှမှုမရှိလို့ ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကိုခုထိ ခါးစီးခံနေရဆဲပါ..။ လူတန်းစားတန်းတူညီမျှမှုနဲ့ ပတ်သက်တဲ့ တော်လှန်ရေးလှိုင်းကတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရိုက်ခတ်ခဲ့ပါတယ်..။ လွတ်လပ်ရေးမရခင်ကတည်းက စခဲ့တယ်..၊ ခုထိလဲအခွင့်ထူးခံလူတန်းစားနဲ့ အဖိနှိပ်ခံလူတန်းစားရယ်လို့ ခွဲပြောလို့ ရနေတုန်းပဲ..။


မြန်မာနိုင်ငံမှာ လူများနဲ့ မတူတာက လူတန်းစားတန်းတူညီမျှမှုအပြင်လူမျိုးရေးတန်းတူညီမျှရေးပြဿနာပါ ရှိနေတာပဲ..။ တစ်ရွာလုံးနဲ့ တစ်ယောက်ဖြစ်တဲ့ ပုံစံ..။တခြားအလားတူ နိုင်ငံတွေနဲ့လဲ နှိုင်းယှဉ်ကြည့်လို့ မရဘူး..။ ဥပမာ အစ္စရေး-ပါလက်စတိုင်းလိုလူမျိုးတစ်ခုနဲ့ တစ်ခု ကြည့်မရအောင် မုန်းနေကြတာလဲ မဟုတ်ဘူး..။ အင်ဒိုနီးရှားလို ညှိနှိုင်းနိုင်စွမ်း၊အပေးအယူလုပ်နိုင်စွမ်းလဲ မရှိ၊ သီရိလင်္ကာတို့လို အမြစ်ပြတ်အောင် ဖြေရှင်းလိုက်နိုင်စွမ်းလဲမရှိ..။ အနာဟောက်ပက်ကြီးနဲ့ပဲ ခရီးဆက်နေရတဲ့ အဖြစ်..။

သေချာစဉ်းစားကြည်တော့ တရားမျှတစွာ ဖြေရှင်းချင်တဲ့ ဆန္ဒမရှိလို့ဆိုတာသွားတွေ့တယ်..။ တပါးသူရဲ့ အခွင့်အရေးကို ခေါင်းပုံဖြတ် ထိန်းချုပ်ချင်တယ်၊ ထိပ်တိုက်တွေ့လာတဲ့အခါယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းအမျိုးမျိုးသုံးပြီး လှည့်ဖျားတယ်၊ အချိန်ဆွဲတယ်...။ ရှေ့တစ်မျိုး၊ကွယ်ရာတစ်မျိုး..၊ ဟိုကွေ့ ဟိုတက်နဲ့ လှော်၊ ဒီကွေ့ ဒီတက်နဲ့လှော် လုပ်တယ်..။

အခုချိန်ထိ မအေးချမ်းနိုင်သေးတာဟာ အခြေခံအကျဆုံးအချက်အနေနဲ့တိုင်းရင်းသားတန်းတူညီမျှမှုမရှိလို့ဖြစ်တာ လို့ပဲ ပြောရမှာပါပဲ..။

အင်းဝ၊ တောင်ငူ၊ ပြည် စသဖြင့် ဗမာမြို့ပြနိုင်ငံလေးတွေပြန့်ကျဲနေရာကနေ အင်အားအကြီးဆုံးသူက ဘုရင်တက်လုပ်ပြီး အင်ပါယာထောင်တယ်..။ လူမျိုးတစ်မျိုးတည်းမို့တစ်စုတစ်စည်းထဲ ဖြစ်သွားတာကောင်းပါတယ်..။ ဒါ့အပြင် တခြားလူမျိုးတွေရဲ့ နယ်ပယ်ဒေသ၊ မြို့ပြနိုင်ငံတွေကိုအင်ပါယာထဲ သိမ်းသွင်းပြီး သြဇာခံစေတာ၊ ပဏ္ဍာဆက်စေတာတွေလဲ စစ်ဘုရင်ကြီးတွေ လုပ်လေ့လုပ်ထရှိတဲ့ကိစ္စမို့ မထူးဆန်းဘူးလို့ ပြောရမှာပဲ..။ ဒါပေမဲ့ အဲဒီတခြားလူမျိုးရဲ့ နယ်ပယ်ကို ကိုယ့်နယ်ပယ်လို့ထင်၊အဲဒီလူမျိုးကိုကျတော့ ကိုယ့်နယ်ပယ်ထဲ ခိုကပ်နေနေတဲ့ ကိုယ့်ရဲ့လက်အောက်ခံလူမျိုးလို့မြင်လာရင်တော့ ပြဿနာရှိပါပြီ..။ ခုလို ၂၁ ရာစုအထိ ဒီလို အတွေးအခေါ်မျိုး ရှိနေသေးရင်တော့Crime against humanity အထိ ကြီးကျယ်နေပါပြီ..။

ကိုလိုနီခေတ်ကျတော့ တိုင်းရင်းသားအားလုံး တန်းတူရည်တူ ကျွန်ဖြစ်ကြရတယ်..။ကျွန်ကြီး၊ ကျွန်ငယ်ရယ်လို့ မရှိဘူး..။ ဒီလူမျိုးက ကျွန်၊ ဒီလူမျိုးက ကျွန်သဘောက်(ကျွန်ရဲ့ကျွန်)လို့ မသတ်မှတ်ထားဘူး..။ ကချင်တောင်တန်း၊ ချင်းတောင်တန်း၊ ရှမ်းတောင်တန်း၊ ဗမာမြေပြန့်ဒေသစတာတွေ အားလုံး ဗြိတိသျှရဲ့ ကိုလိုနီတွေပဲ..။ ဗြိတိသျှက တိုက်ရိုက်အုပ်ချုပ်တယ်..။ကိုလိုနီဗမာပြည်ရဲ့ လက်အောက်ခံ ကချင်တောင်တန်းမဟုတ်ဘူး..။ ကိုလိုနီဗမာပြည်ထဲမှာလဲ ဗမာလူမျိုးတစ်မျိုးတည်းမဟုတ်ဘဲ မွန်၊ ကရင်၊ ရခိုင်တွေ ပါဝင်နေခဲ့တယ်ဆိုတာ ကုန်းဘောင်ရွှေနန်းရှင်တွေရဲ့ နယ်ချဲ့စနစ်ကြောင့်သာဖြစ်ပါတယ်..။

အင်္ဂလိပ်ကိုလိုနီနယ်ချဲ့စနစ်အောက်ကနေ ဗမာပြည်လွတ်လာတဲ့အချိန်ကျတော့ကုန်းဘောင်နယ်ချဲ့စနစ်ရဲ့ ရလာဒ်ဖြစ်တဲ့ မွန်၊ ရခိုင် ဒေသတွေကို တန်းတူညီမျှစွာ လွတ်လပ်ရေးပေးဖို့သူတို့ ရူးချင်ယောင်ဆောင်နေကြတယ်..။ ကျွန်အချင်းချင်းကြား ကိုယ်က လွတ်လပ်ရေးယူပြီးကျန်တဲ့ ကျွန်တွေကို ကိုယ့်လက်အောက်ခံ ကျွန်အဖြစ်ဆက်ထားဖို့ အကြံပက်စက်ခဲ့ကြတယ်..။မွန်၊ ရခိုင်စတာတွေကို ဗမာနယ်ပယ်နယ်နိမိတ်အတွင်း ခိုကပ်နေထိုင်နေတဲ့ လူမျိုးတွေလို့မိုက်မိုက်ရိုင်းရိုင်း သတ်မှတ်လိုက်ကြတယ်..။ ပင်လုံစာချုပ်ကို ခြေကုတ်ယူပြီး ကချင်ပြည်၊ချင်းပြည်၊ ရှမ်းပြည်စတဲ့ သီးခြား ပြည်ထောင်တွေကိုပါ ကိုလိုနီပြုခဲ့ကြပါတယ်..။

သူတို့ လက်သုံးစကားကတော့ အားလုံးလူမျိုးစွဲ၊ ဒေသစွဲမရှိဘဲမြန်မာနိုင်ငံသား၊ မြန်မာပြည်ထောင်စုဖွားရယ်လို့ပဲ ခံယူကြပါမယ်တဲ့..။ Unity inDiversity ထက်စာရင် Uniformity ဘက်သွားကြဖို့ပါ..။ ဖြစ်နိုင်ချေရှိခဲ့ပါတယ်..။ တကယ်ကိုဗမာတိုင်းရင်းသားတွေ ကိုယ်နှိုက်၊ မိမိတို့ရဲ့ ဗမာ့ရိုးရာ အမျိုးဂုဏ်၊ ဇာတိဂုဏ်ဆိုတာတွေကိုကိုယ့်ဒေသမှာပဲ ထားခဲ့ပြီး ပြည်ထောင်စုဇာတ်ခုံပေါ်အထိ ဆွဲတင်မလာဘူးဆိုရင်၊ (ဗမာအမျိုးသားနိုင်ငံတည်ထောင်ဖို့ မကြိုးစားခဲ့ဘူးဆိုရင်) မြန်မာပြည်ထောင်စုနဲ့ မြန်မာနိုင်ငံဆိုတာဟာ တိုင်းရင်းသားအားလုံးကိုတူညီစွာ ကိုယ်စားပြုတဲ့ Uniformity တစ်ရပ် ဖြစ်လာမှာပါ...။

လက်တွေ့မှာတော့ ကချင်၊ ရှမ်း၊ ချင်းနဲ့ တခြားတိုင်းရင်းသားတွေကသာကိုယ့်ရဲ့ လူမျိုးရေးလက္ခဏာ (Identity)တွေကို နိုင်ငံရေးဇာတ်ခုံပေါ်မတင်ဘဲ၊ အနစ်နာခံစွန့်လွတ်ထားကြတယ်..။ ဗမာတိုင်းရင်းသားတွေကတော့ မြန်မာပြည်ထောင်စုကြီးကို ဗမာပြည်၊ဗမာနိုင်ငံအဖြစ် သွင်သွင်ကြီး အသက်သွင်းနေကြတော့တာပဲ..။ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့Uniformity တစ်ခု တည်ဆောက်ချင်ရင် တိုင်းရင်းသားအားလုံး တစ်ဦးအပေါ် တစ်ဦး လွှမ်းမိုးမှုမရှိဘဲ တန်းတူရည်တူ တည်ဆောက်ရမှာပေါ့..။ အားလုံးတူညီစွာ ကိုယ်စားပြုမယ်၊ မလိုတာတွေကိုတူညီစွာ စွန့်လွှတ်ထားမယ်..။ အကုန်လုံး ငါ့ပုံစံကို လိုက်နာကြလို့ သတ်မှတ်လို့ ဘယ်ရမလဲ..။

အမေရိကန်ပြည်ထောင်စုဆိုတာ တကယ်ကို အသွေးအရောင်စုံတဲ့ ပြည်ထောင်စုကြီးပါ..။ဒါပေမယ့် အမေရိကန်နိုင်ငံသား (American) ဆိုတဲ့ Uniformity တစ်ခုတည်းနဲ့ပဲ ကမ္ဘာ့ဇာတ်ခုံမှာရပ်တည်တယ်...။ အင်္ဂလန်ကပဲ လာလာ၊ ပြင်သစ်ကပဲ လာလာ၊ Native American လို့ခေါ်တဲ့ လူနီပဲဖြစ်ဖြစ်၊ African American လို့ ခေါ်တဲ့ လူမည်းဇစ်မြစ်ကပဲ ဖြစ်ဖြစ်။ ကိုယ့်ရဲ့ အမျိုးဂုဏ်၊ဇာတိဂုဏ်ဆိုတာတွေ အမျိုးသားရေးလက္ခဏာဆိုတာတွေ ကိုယ့်အိမ်မှာ ကိုယ်ထားခဲ့ကြ၊ နိုင်ငံရေးလောကနဲ့ပြည်ထောင်စုအဆင့်ကို ယူမလာနဲ့..။ လူနီတွေဆိုတာ ဒေသခံတွေ၊ ဒါပေမဲ့ လူနီယဉ်ကျေးမှုကိုပြည်ထောင်စုရဲ့ လက္ခဏာအဖြစ် ကျင့်သုံးဖို့ မစဉ်းစားနဲ့။ စပိန်ဘယ်လောက်များများ စပိန်လူမျိုးရေးလက္ခဏာတွေပြည်ထောင်စုကို ကိုယ်စားပြုဖို့ မကြိုးစားနဲ့..။

ကပ်သီးကပ်သတ်ပြောရရင် အမေရိကန်ပြည်ထောင်စုဆိုတာ အဗေရိကန်လူမျိုးတွေကလွှမ်းမိုးပြီး တည်ဆောက်ထားတာ မဟုတ်ဘူး..။ "ဗ" ကို "မ" လို့ ပြောင်းမှည့်ပြီးအပေါ်ယံ ထုံးဖြူးထားတာ မဟုတ်ဘူး..။ အဗေရိကန်လူမျိုးဆိုတာလဲ မရှိဘူး..။ ဘယ်ဒေသကပဲ လာသည်ဖြစ်စေ၊ဒီနိုင်ငံရောက်ရင် အမေရိကန်ပဲ..။ အဲဒီ အမေရိကန်ဆိုတဲ့ Uniformity ဟာ လူမျိုးတစ်မျိုးရဲ့ယဉ်ကျေးမှု၊ ဖြစ်တည်မှုကို ကိုယ်စားပြုနေတာ မဟုတ်ဘဲ ဘယ်လူမျိုးရဲ့ မွေးရာပါ လူမျိုးရေး၊ယဉ်ကျေးမှု ရပ်တည်ချက်ကိုမဆို စွန့်လွှတ်ထားတဲ့ Uniformity တစ်ရပ်ဖြစ်ပါတယ်..။

ရှေးရိုးစွဲ အစွန်းရောက်တွေတော့ ရှိတာပေါ့..။ ဒါပေမဲ့ ကိုယ့်ရှေးရိုးယဉ်ကျေးမှုကျင့်သုံးချင်ရင် ကိုယ့်အိမ်၊ ကိုယ့်ဒေသ အလွန်ဆုံး ကိုယ့်ပြည်နယ်မှာ ကျင့်သုံးခွင့်ရှိတယ်..။ပြည်နယ်ဒေသအလျောက် ကိုယ်ပိုင်ဥပဒေ ပြဌာန်းခွင့် ရှိတယ်..။ နိုင်ငံသားအားလုံးရဲ့ အနုသုခုမ၊ယဉ်ကျေးမှုတွေနဲ့ ပတ်သက်လို့ လွတ်လပ်စွာ လှုပ်ရှားခွင့်ရှိတယ်..။

ကျနော်တို့ မြန်မာပြည်ထောင်စုကြီးမှာလဲ အလားတူUniformity တစ်ရပ် တည်ဆောက်ဖို့ အားထုတ်ခဲ့ကြဖူးပါတယ်..။ ကချင်၊ ရှမ်း၊ ချင်းတို့ ကိုယ့်ရဲ့Identity ကို ပြည်နယ်အဆင့်မှာတင် ခေါက်ထားပြီး ပြည်ထောင်စုသားဆိုတဲ့ Uniformity တစ်ခုအတွက်ပင်လုံမှာ လက်မှတ်ထိုးခဲ့ကြပါတယ်..။ ဒါပေမဲ့ ဗမာတိုင်းရင်းသားတွေက အလားတူ စွန့်လွှတ်လိုမှုမရှိဘဲ၊ အမျိုးသားနိုင်ငံပုံစံ တည်ဆောက်ချင်ကြတဲ့အတွက် ပြည်တွင်းစစ်အကြီးအကျယ် ဖြစ်လာရပါတယ်..။ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းရာကနေ ကချင်တွေလဲ အမျိုးသားရေးလမ်းကြောင်းပေါ်ပြန်တက်ပြီး တော်လှန်ရေးလုပ်ကြရပါရော..။

ဟုတ်တယ်လေ..၊ ဒင်းတို့တောင် အမျိုးသားရေး၊ အမျိုးသားနိုင်ငံဆိုတဲ့ဘက်သွားရင် ကချင်တွေလဲ အမျိုးသားရေးကို ဘာလို့ဆက်စွန့်လွှတ်ထားရမှာလဲ..။ ဒင်းတို့တောင်"အာဇာနည် ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည်"ဆိုတဲ့ဘက် သွားမှတော့၊ ကချင်တွေလဲဘာလို့ ကချင်အမျိုးသားတိုင်းပြည်ဆိုတဲ့ဘက် မသွားရမှာလဲ..။ "ငါတို့က အမျိုးသားရေးကိုစွန့်ပြီးဝင်လာတယ်..၊ ဒင်းတို့က အမျိုးသားရေး လုပ်ပြနေတယ်..။" (ဒါတွေက ကေအိုင်အိုစတင်တည်ထောင်ခါစကအဖွဲ့ရဲ့ ခံစားချက်၊ သဘောထားတွေပါ..။ လက်ရှိသဘောထား မဟုတ်ပါဘူး..။)

နောက်ပိုင်းမှာ ဖက်ဒရယ်တောင်းဆိုမှုတွေအပြီး၊ ဦးနေ၀င်းအစိုးရလက်ထက်မှာဗမာ(မြန်မာလူမျိုး)ဖြစ်မှုနဲ့ ဗမာယဉ်ကျေးမှုကို ပြည်ထောင်စုရဲ့ Uniformity အဖြစ် တရားဝင်ပုံမှားရိုက်ခဲ့တယ်..။ Burmanization/ Myanmarization အစပေါ့.။ ဗမာ/မြန်မာလူမျိုး ဖြစ်မှပြည်ထောင်စုကို ကိုယ်စားပြုနိုင်မယ်ဆိုတဲ့ သဘော.။ အဲဒါကနေ စပြီးတော့ ဗမာတွေက တခြားလူမျိုးတွေကိုတွေ့ရင်"တိုင်းရင်းသားလား"လို့ မေးတဲ့ အလေ့အထ ပေါ်ပေါက်လာတာပဲ..။ ဗမာဆိုတာကတော့ တိုင်းရင်းသားမဟုတ်တော့ဘူး..၊တဆင့်မြင့်တဲ့ Citizenship ပေါ့လေ..။ တိုင်းရင်းသား ဆိုတာတွေကတော့ လူမျိုးစွဲကြီးတဲ့အမြင်ကျဉ်းတဲ့ ပညာမဲ့ ရှေးရိုးစွဲတွေပေါ့...။

တကယ်တော့ ပြည်ထောင်စုအနေနဲ့ Uniformity တစ်ခု တည်ဆောက်မယ်ဆိုရင်အရမ်းကောင်းပါတယ်..၊ အားလုံးရိုးသားကြမယ် ဆိုရင်ပေါ့..။ ဘယ်တိုင်းရင်းသားရဲ့ အမျိုးသားနိုင်ငံပုံစံမှာပေါက်မလာရဘူး..။ ကိုယ့်အမျိုးသားပြည်နယ်အဆင့်မှာပဲ ရပ်။ ကိုယ့်လူမျိုးရဲ့ အမျိုးဂုဏ်၊ဇာတိဂုဏ်ဆိုတာတွေ ယဉ်ကျေးမှု၊ အမျိုးသားရေးလက္ခဏာဆိုတာတွေကို ကိုယ့်ပြည်နယ်မှာပဲ ကျင့်သုံးကြ၊ပြည်ထောင်စုအဆင့်နဲ့ လာမဆိုင်စေနဲ့..။

ပြည်ထောင်စုအဆင့်မှာ မဟာသရေစည်သူတို့၊ အဂ္ဂမဟာ သီရိသုဓမ္မသိဂီင်္တို့စတဲ့ ဘွဲ့တွေ လာမပေးနဲ့၊ ပေးချင်ရင် ဗမာပြည်နယ်အစိုးရအဆင့်ကနေ ဗမာပြည်သူတွေကို ပေး။ပြည်ထောင်စုမှာ လူမှုထူးချွန်၊ စီးပွားထူးချွန်စတာတွေ ရှိရင် ရပြီ..။ ပြည်ထောင်စုလွှတ်တော်ကိုရှေးဘုရင်လက်ထက်က ဗိသုကာပုံစံ လာမဆောက်နဲ့..၊ မြို့တော်နာမည်ကို နေပြည်တော်လို့ မမှည့်နဲ့..။သံတမန်ဆောင် ဧည့်ခန်းမမှာ သီဟာသနပလ္လင် ချမထားနဲ့...။ ဆိုကရေးတီးပြိုင်ပွဲမှာ တိုင်းရင်းသားဝတ်စုံတွေနဲ့ဗမာသီချင်းကြီး တက်မဆိုခိုင်းနဲ့..။ ပြည်ထောင်စုအ၀ှမ်းက လမ်း၊ တံတားနာမည်တွေကို ဗမာစစ်ဘုရင်တွေသူရဲကောင်းတွေ နာမည်ချည်း ရွေးမပေးနဲ့..။ ကျောင်းစာတွေမှာ ဗမာသမိုင်းကိုပဲ တစ်ဘက်စောင်းနင်းမသင်နဲ့..။ (လုပ်ချင်သပဆို ဗမာပြည်နယ်မှာပဲ လုပ်ကြ...။) မကျေနပ်ရင်လဲ သီးခြား ဗမာအမျိုးသားနိုင်ငံအဖြစ်သာရပ်တည်လိုက်တော့၊ တိုင်းရင်းသားဒေသတွေကို သွားရည်ကျမနေနဲ့…။ ပြည်ထောင်စု ဖွဲ့မနေနဲူ့…။

တစ်ချို့ကတော့ ပြောကြမှာပေါ့..၊ ငါတို့က လူများစုပဲ။ ပြည်ထောင်စုရဲ့၆၀% ကျော်ရှိတယ်.တဲ့..။ လွတ်လပ်ရေးရခါစကတော့ ၃၀% ကျော်မယ်မထင်ပါဘူးဗျာ..၊ နှစ်ပေါင်း၆၀ အတွင်း Ethnic cleansing လုပ်ခဲ့လို့အပြင်၊ လအော်လအဲ့တွေက ကိုယ့်ကိုယ်ကိုယ် ဗမာလို့သတ်မှတ်လိုက်လို့သာ ဗမာနဲ့ ဗမာအနွယ်တွေ များလာတာပါ..။ ရန်ကုန်နဲ့ ဧရာဝတီသား တော်တော်များများဆိုကိုယ့်ကိုယ်ကိုယ် ဗမာလို့ အမှတ်မှား (Brain washed) နေတဲ့ မွန်/ ရခိုင်တွေပါ..။ မြန်မာပြည်သားသန်း ၆၀ ကို တရုတ် သန်း ၁၀၀၀ ကြား ပစ်ထည့်လိုက်ချင်သေးသဗျ…။

ဗမာလူမျိုး သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်..၊ "ငါလဲကချင်ပြည်နယ်မှာ မွေးတာပဲ၊ ကချင်ပြည်နယ်သားပဲကွ..။ ဒါကြောင့် အေအိုင်အိုက ကချင်ပြည်နယ်ကိုကိုယ်စားပြုတယ်လို့ ငါတော့ မထင်ဘူး။ ဘာကြောင့်ဆို ငါမထောက်ခံလို့"တဲ့..။ သူ့အဖေကစစ်တပ်နဲ့ ကချင်ပြည်နယ်ထဲရောက်လာတာ၊ သူ့ကို ကချင်ပြည်နယ်မှာ မွေးတယ်..။ ကျနော်လဲ ပြန်ပြောလိုက်တယ်..၊"၁၉၈၂ နိုင်ငံသားဥပဒေအရ ပြည်ထောင်စုမှာ နိုင်ငံသားဖြစ်ချင်ရင်တောင် မျိုးဆက်သုံးဆက်စောင့်ရတာပဲ၊ ဒီပြည်နယ်မှာ မွေးတိုင်း ဒီပြည်နယ်သားလား။ မင်းလဲ စောင့်လိုက်ဦး။မင်းရဲ့ သားလက်ထက်ကျရင်တော့ ပြည်နယ်သားဖြစ်မှာပေါ့"လို့...။ ဟုတ်တယ်လေ..၊ ဥပဒေဆိုတာလိုတစ်မျိုး၊ မလိုတစ်မျိုး ကျင့်သုံးစရာလား..။ (ဗန်းမော်၊ မြစ်ကြီးနားဒေသတွေကို ဗမာပြည်မကနေကချင်ပြည်နယ်ထဲ ထည့်ထားပေးတာပါ ဆိုသူများ အပေါ်မှာ Crime against humanity ကိုညွှန်းထားတာလေးပြန်ဖတ်ဖို့ လိုပါမယ်..။)

"လူဦးရေ သန်း ၃၀ ရှိတဲ့ လူမျိုးနဲ့ လူဦးရေ တစ်သိန်းပဲရှိတဲ့လူမျိုးကလဲ တန်းတူညီမျှရမှာလား" ဆိုရင်ကော..။ သိပ်သေချာတာပေါ့...၊ တန်းတူညီမျှမသတ်မှတ်ချင်ရင် အစကတည်းက ပြည်ထောင်စုထဲ ခေါ်မသွင်းနဲ့လေ..။ (နောက်ပြီး ကျနော့်အမြင်အရမြန်မာပြည်ထောင်စုမှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးလို့သာ ပြောတယ်၊ ကျနော်ကြည့်သလောက်ကတော့အမျိုး ၃၀ မကျော်ပါဘူး..။ သူတို့က ကချင်မျိုးနွယ်ထဲမှာ ခခူး၊ ဂေါင်ရီဆိုပြီး လိုက်ခွဲထားတာကိုး၊အဲလိုသာ ခွဲကြေးဆို ကချင်မှာတင် အမျိုး ၁၀၀ ကျော်ခွဲထုတ်လို့ ရလိမ့်မယ်...။)

ဗမာတိုင်းရင်းသားတွေအနေနဲ့ လူဦးရေအရတင် မဟုတ်ပါဘူး..။နိုင်ငံရေးရပိုင်ခွင့်မှာလဲ တစ်ဖြည်းဖြည်း ပိုပိုများလာနေပါတယ်..။ ပင်လုံစာချုပ်အရပြည်ထောင်စုဖွဲ့စက ကချင်၊ ချင်း၊ ရှမ်း၊ ဗမာပြည်ထောင် လေးခု။ ၇၄ အခြေခံဥပဒေမှာတော့ကျန်တိုင်းရင်းသားလူမျိုးကြီးတွေကိုပါ ပြည်နယ်သတ်မှတ်ပေးပြီး ဗမာပြည်မအောက်မှာ တိုင်း၇ တိုင်းဖွဲ့လိုက်တယ်..။ တိုင်း ဆိုတာ ပြည်နယ်အောက် အဆင့်နိမ့်ပါတယ်..။ ၂၀၀၈ ဥပဒေအရဆိုရင်တော့အဆိုပါ ဗမာပြည်မအောက်က တိုင်း ၇ တိုင်းကို ပြည်နယ်တွေထက်တောင် အဆင့်မြင့်ပြီး တိုင်းဒေသကြီးလုပ်လိုက်ပါတယ်...။ မှတ်ကရော...။ ကျန်တိုင်းရင်းသားတွေကသာ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ဖက်ဒရယ်တို့မရတာ၊ (လွတ်လပ်ရေးရပြီးကတည်းက တိုးတက်မှု မရှိ)၊ ဗမာပြည်မကတော့ ပြည်နယ်တွေထက်တောင်အဆင့်မြင့်တဲ့ (စကားလုံးစီစဉ်မှုမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်လို့ သုံးပါတယ်) တိုင်းဒေသကြီး၇ ခုအထိ တိုးတက်လာခဲ့တယ်..။

ဒါဟာ အထက်လွှတ်တော်လို့ ခေါ်တဲ့ အမျိုးသားလွှတ်တော်ကနေ လွှတ်တော်နိုင်ငံရေးကိုချုပ်ကိုင်ရာမှာ မဲ ၅၀% ကိုင်ထားတာနဲ့ တူပါတယ်...။ အစိတ်သားကိုပါ ထည့်တွက်ရင် ၇၅% ပေါ့..။

ဒီစာမှာ ကျနော်အဓိက ထောက်ပြချင်တာက တန်းတူညီမျှမှု တရားမျှတမှုမရှိဘူးဆိုတာပါ..။ အမေရိကန်လို Uniformity ဘက်သွားမယ်ဆိုရင်လဲ၊ နှစ်ပေါင်း ၆၀ တောင်အချိန်ယူပြီးပြီလေဗျာ...၊ သာတူညီမျှ အမျိုးသားရေးအစွဲကင်းတဲ့ ပြည်ထောင်စုသားဆိုတဲ့ပုံစံထွက်လာသင့်ပါတယ်...။ လူများစု ဗမာတိုင်းရင်းသားတွေကသာ ရိုးသားခဲ့ရင်၊ စေတနာမှန်ခဲ့ရင်ပေါ့...။အခုတော့ ပြည်ထောင်စုကို ဗမာ(၀ါ) မြန်မာဖြစ်မှ ဆိုတဲ့ Uniformity နဲ့ တည်ဆောက်ခဲ့လေတော့ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀ဖြစ်နေတာပေါ့...။ (ကုလားကို ကြည့်မရရတာနဲ့၊ မျိုးစောင့်ဥပဒေကပြဌာန်းရဦးမှာနဲ့...။) ဟုတ်တယ်..၊ ကိုယ်ကိုယ်တိုင်က ကိုယ့်အမျိုးသားရေးကို တန်ဖိုးထားရင်တခြားတိုင်းရင်းသားတွေရဲ့ အမျိုးသားရေးကိုလဲ တန်ဖိုးထားပေးရလိမ့်မယ်...။

ကျနော် ဒီလို လူမျိုးရေးတွေ ရေးလိုက်လေတော့၊ ဗမာအီလစ်(Elite) တွေက ကျနော့်ကို လူမျိုးကြီးဝါဒီ၊ ဗမာမုန်းတီးရေးသမားလို့ စွပ်စွဲမယ်..။ ပြီးရင်အောက်ခြေနင်းပြား ဗမာတိုင်းရင်းသားကျောမွဲတွေကို ထုတ်ပြပြီး၊ ဗမာတိုင်းရင်းသားတွေလဲစစ်ဖိနပ်အောက်မှာ ပြားပြားဝပ်ခဲ့ရတာပါကွလို့ ပြန်ဟောက်မယ်၊ တိုင်းရင်းသားမို့လို့ ရွေးပြီးတမင်တကာ ဖိနှိပ်တာမဟုတ်ပါဘူးလို့ ဆင်ခြေတက်မယ်...။

ဝန်ခံပါတယ်...။ ကျနော်လဲ အောက်ခြေနင်းပြား ဗမာတိုင်းရင်းသားတွေကိုဘယ်တုန်းကမှ စိတ်နဲ့တောင် မပြစ်မှားခဲ့ဖူးပါဘူးဗျာ...။ ဗမာလို့ ပြောလိုက်တာနဲ့ အဆိုပါဗမာနင်းပြားတွေကို ထုတ်ထုတ်ပြပြီး ကာဗာယူတတ်လွန်းတဲ့ ဗမာအီလစ်တွေကိုသာ အဓိကရည်ရွယ်ပါတယ်...။တကယ်တမ်းလက်တွေ့မှာလဲ ဒို့တာဝန်အရေးသုံးပါးကို တတွတ်တွတ်ရွတ်နေတာ၊ တိုင်းရင်းသားဒေသတွေထဲထိုးစစ်ဆင်၊ ထိုးဖောက်ဝင်ရောက်ပြီး သယံဇာတတွေကို မျိုဆို့နေတာ၊ ဗမာလူမျိုးကြီးဝါဒကိုအသက်သွင်းနေတာဟာ အဲဒီ ဗမာတိုင်းရင်းသားနင်းပြားတွေမှ မဟုတ်တာပဲဗျာ....။ အောက်ခြေဗမာလူထုကိုကာဗာယူထားတဲ့ ဗမာအီလစ်တွေပဲကို...။ (သူတို့ ဘယ်သူတွေလဲဆိုတာတော့ တပ်မတော်မှာ သွားစုံစမ်းကြည့်ကြပါ..။)

ရင်ထဲက စိတ်စေတနာအမှန်နဲ့ ပြည်ထောင်စုရဲ့ အနှစ်သာရကို ပြန်သုံးသပ်မိစေဖို့ရေးလိုက်ပါတယ်...။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။