Wednesday, November 13, 2013

လိုင်ဇာ ဝေကြိုင်ဒုက္ခသည်စခန်းတွင် ထင်းနှင့်ရေ အခက်ခဲရှိ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ ဝေကြိုင် ဒုက္ခသည် စခန်းတွင် ယခုလ အစောပိုင်း ဆောင်း အဝင်ကာလမှစပြီး ဒုက္ခသည် များ ချက်ပြုတ် စားသောက်ရန် ရှို့ထင်းနှင့်ရေများ အခက်ဖြစ်ပေါ်နေကြောင်း စခန်း တာဝန်ရှိ သူများပြောသည်။

ဝေကြိုင်စခန်း တွင်နေထိုင်သော ဒုက္ခသည် အများစုမှာ ထင်းမီးဖြင့် အမှီပြု ထမင်း ချက်ပြုတ် စားသောက်ကြပြီး၊ လျှပ်စစ်မီး သုံးစွဲချက်ပြုတ်စားသောက် သူများမှာ အိမ်ထောင်စု တစ်ရာကျော်ခန့်သာ ရှိကြောင်း စခန်း အတွင်းရေးမှူး ဦးလဒီး ကပြောသည်။


“ထင်းစိုက်ဖို့ခက်တယ်၊ ဆောင်းဝင်လာတော့ကောက်မဲ့ထင်းလည်း ကုန်လာပြီ စစ်ပြေးလာတာ အခုဆိုရင်နှစ်နှစ်ကျော်နေပြီဆိုတော့ ထင်းသွားကောက်တဲ့နေရာကလည်း ရှားသွားပြီး၊ ထင်းတွေလည်း မရှိတော့ဘူး၊ ဒုက္ခသည်တွေလည်းဖြစ်သလို ဝါးထင်းတွေစိုက်ပြီး ချက်ပြုတ်နေရတယ်မုဆိုးမ၊ မုဆိုးဖိုအသက်ကြီးတဲ့အိမ်ထောင်တွေအတွက်မလွယ်ဘူး၊ စခန်းမှာအများပိုင်းက ထင်းနဲ့ ချက်ပြုတ်ကြတာတွေပဲ” ဟုပြောသည်။

အဆိုပါဒုက္ခသည်စခန်းတွင် နေထိုင်သူများမှာမုန်လိုင်ခက်၊ မိုင်ဆပ်ပါ (Mai Sak Pa)၊ နမ်ဆန်ယန် (Nam San Yang) လမ်းတစ်လျှောက်မှ ထင်းများကောက်ယူသုံးစွဲနေရာစခန်းနှင့် ထင်းကောက်သောနေရာမှာ၎၊ ၅မိုင်ခန့် ဝေးကွာလာကြောင်း ဒုက္ခသည်မှသိရသည်။

“မနက်ခုနှစ်နာရီလောက်ကနေသွားရင်နေ့လည်လောက်ဆိုထင်းခြင်းနှစ်တောင်းလောက်တော့ရတယ်၊ဒါပေမဲ့ထင်းတောင်မရှိတော့ဘူး၊ ဝါးတွေပဲစုကောက်နေရတယ်၊ အသိဆွေမျိုးတွေရဲ့ တောင်ယာတွေသွားပြီး ကောက်ယူခဲ့ရတယ်” ဟုစခန်းမှအသက်(၅၀)ခန့်ရှိ အိမ်ထောင်သည်အမျိုးသမီးက ပြောသည်။

ထိုစခန်းမှတာဝန်ရှိသူများက ထင်းလိုအပ်သောအခက်အခဲအား ဖြေရှင်းနိုင်ရန်အတွက် ၄င်းတို့ထံတွင် ဘတ်ဂျတ်ပြေလည်မှုမရှိသောကြောင့်ဖြေရှင်းပေးရန် လျစ်လျူရှုထားရခြင်းဖြစ်သည်ဟု ဆိုသည်။

“ထင်းပြဿနာကိုဖြေရှင်းဖို့ သီးသန့်ဘတ်ဂျက်ကမရှိတော့ လုပ်ပေးဖို့ခက်တယ်၊ ဘတ်ဂျတ်သာရှိရင်တော့ ကျွန်တော်တို့ထင်းရအောင် လုပ်ပေးလို့ရတယ်၊ ထင်းများများရဖို့ဆိုထင်းခုတ်တဲ့ပစ္စည်း ကိရိယာတွေဝယ်ရမယ်၊ အဲဒါတွေလိုအပ်နေတယ်”

ကေအိုင်အိုဌာနချုပ်ရှိဒုက္ခသည်စခန်းများအားလုံးတွင် ထိုသို့ထင်းအခက်အခဲများရှိနေသေးကြောင်းသိရသည်။ ထို့အတူ၎င်းစခန်းတွင်သုံးစွဲသောရေများလည်း လက်တလော လုံလောက်စွာသုံးစွဲရန် အခက်ခဲကြုံတွေ့နေရပြီး ဒုက္ခသည်များအားလုံးက ရေပိုက်တစ်ခုထဲကိုသာအမှီပြုပြီး မျှဝေသုံးစွဲနေရကြောင်း စခန်းအတွင်းရေးမှူး ဦးလဒီးက ဆက်ဆိုသည်။

“စခန်းအပေါ်ဘက်ကလာတဲ့ ရေပိုက်နေရာတစ်ခုကပဲ အားလုံးသုံးနေရတယ်၊ အစကတော့နှစ်ခုရှိတယ်၊ တစ်ခုကလမ်းမဘက်ရေလျှံထွက်လို့ ဘေးအိမ်ဘက်လည်း ရေစီးဝင်လို့ပိတ်လိုက်ပြီ၊ စခန်းထဲမှာ ရေအရမ်းခက်ခဲနေတယ်” ဟုပြောသည်။

၎င်း ဒုက္ခသည်စခန်းမှ ရေအခက်အခဲပြေလည်မှုရစေရန် ကချင်ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ (KRDC) မှ လာရောက်ကြည့်ရှုမှုပြုလုပ်သွားသော်လည်း သတင်းပြန်ကြားခြင်း မရှိသေးကြောင်းသိရသည်။

ဆက်လက်ပြီး စခန်းတွင်ကလေးသူငယ်များနှင့် အသက်ကြီးဘိုးဘွားများအတွက် အစားအသောက် အာဟာရလည်း လိုအပ်နေပြီး ဆောင်းတွင်း ကာလဝတ်ဆင်ရန်အနွေးထည်များလည်း လုံလောက်မှု မရှိသေးကြောင်း သိရသည်။

ထိုဝေကြိုင်စခန်းတွင်ဒုက္ခသည်လူဦးရေ ၄၂၀၀ ကျော်နှင့် အိမ်ထောင်စုပေါင်း ၈၀၀ကျော် ခိုလုံနေကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။