Monday, November 4, 2013

လိုင်ဇာဆွေးနွေးပွဲ ရလဒ်များကို အခြေခံဆွေးနွေးမည့် မြစ်ကြီးနား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဘယ်အထိ ခရီးရောက်နိုင်မလဲ…

(Mizzima)

မြန်မာနိုင်ငံ၏ပထမဆုံးသော သမိုင်းဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖြစ် နိုဝင်ဘာ(၄)ရက် နှင့်(၅) ရက်နေ့များတွင် မြစ်ကြီးနားမြို့၌ အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။ 

ပြီးခဲ့သည့် အောက်တိုဘာ(၃၀)ရက်မှနိုဝင်ဘာ(၂)ရက်နေ့အထိ ကျင်းပခဲ့သော လိုင်ဇာ ဆွေးနွေးပွဲမှ ထွက်ရှိလာသည့် ဘုံသဘောတူညီချက်(၁၁)ချက်ကို အခြေခံကာ ဆွေးနွေးကြမည်ဖြစ်ကြောင်း ယင်းတွေ့ဆုံပွဲသို့ တက်ရောက်မည့် တာဝန်ရှိသူများကဆိုသည်။ လက်နက်ကိုင်ခေါင်းဆောင်များ၏ ဘုံသဘောတူညီချက်များ၊ အစိုးရမှကြေညာထားသည့် နိုဝင်ဘာလအတွင်း ပြည်လုံးကျွတ်အပစ်ရပ်ရေး သဘောတူလက်မှတ်ရေးထိုးနိုင်ရေး ဖြစ်လာနိုင်မည့် အလားအလာများနှင့်ပတ်သက်၍ နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့၏ သုံးသပ်ချက်များကို ဖော်ပြလိုက်ပါသည်။


 ဦးခက်ထိန်နမ်
(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်)
မြန်မာ့ သမိုင်းချီပြီးပြော လို့ရတဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲပါ။ အလားအလာလည်း အင်မတန်ကောင်း ပါတယ်။ မနက်ဖြန်(နိုဝင်ဘာ၎) ရက်နေ့ ဆွေးနွေးမယ့်ပွဲက လက်နက်ကိုင်တွေ အားလုံး စုံစုံညီညီတက်ရောက် ဆွေးနွေးမယ့် ပွဲဆိုတော့ အရင်အခတ်တွေကနဲ့ လုံးဝမတူတဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲဖြစ်တယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီက လက်နက်ကိုင်တစ်ဖွဲ့ချင်း ဆွေးနွေးတာမျိုးမဟုတ်ဘဲ လက်နက်ကိုင်အားလုံးနဲ့ဆွေးနွေးမှာဆိုတော့ ဒါကြောင့် သမိုင်းမှာ ပထမဆုံးပဲလို့ ပြောတာဖြစ်တယ်။အခု လက်နက်ကိုင်တွေက ဘုံသဘောတူညီချက်(၁၁)ချက်နဲ့ အစိုးရလုပ်ငန်းကော်မတီက တင်လာမယ့် အချက်တွေကို နှစ်ဘက်ဆွေးနွေးမှာဆိုတော့ တစ်ခါတည်း အားလုံးသဘောတူညီချက်ရမယ်ဆိုတာတော့ မဟုတ်ဘူးပေါ့။ ဒီဟာက ပြည်လုံးကျွတ်အပစ်ရပ်ရေးအတွက် လမ်းစ။ သဘောတူညီချက်က ချက်ချင်းကြီး မရနိုင်ဘူး။အခုလို တွေ့ဆုံဆွေးနွေးနိုင်မှုဟာ ပထမအောင်မြင်မှု၊ ဒုတိယအောင်မြင်မှုက အချက်အချို့ သဘောတူညီနိုင်မယ်။ ဒါတွေက ဒီတွေ့ဆုံမှုအတွက် အလားအလာကောင်းတွေပဲ။

ဦးအေးသာအောင်
(ဥက္ကဌ-ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)
နိုဝင်ဘာ(၄)ရက်၊(၅)ရက်မှာ ဆွေးနွေးမှာက
လက်နက်ကိုင်တစ်ဖွဲ့တည်းနဲ့ မဟုတ်ဘူး။ အပစ်ရပ်သဘောတူထားတဲ့ အဖွဲ့တွေရော၊ သဘောမတူထားတဲ့အဖွဲ့တွေရော ပါတယ်။ ဒီမြစ်ကြီးနားမှာ လုပ်မယ့် ဆွေးနွေးပွဲက တစ်ဖွဲ့ချင်းစီ မဟုတ်တော့ဘူး အဖွဲ့အားလုံးက သဘောတူထားပြီးဖြစ်တဲ့ ဘုံသဘောတူညီချက်တွေကို အစိုးရ လုပ်ငန်းကော်မတီနဲ့ ဆွေးနွေးမှာ။ဒါကို အစိုးရဘက်က သဘောတူ၊ မတူ ညှိုနှိုင်းဖို့ပဲ။ဒီလို လက်နက်ကိုင်အားလုံးရဲ့ ဘုံသဘောတူညီချက်တွေဖြစ်တဲ့အတွက် မြန်မယ်၊ ထိရောက်မယ်၊လွယ်ကူမယ်။ အခု လက်နက်ကိုင်အားလုံးရဲ့ ဘုံသဘောတူညီချက်(၁၁)ချက်ကို မသိရဘူးဆိုပေမယ့် UNFCနဲ့ အခြားလက်နက်ကိုင်တွေရဲ့သဘောထားတွေကို ယေဘုယျသိနေရပြီဖြစ်လို့ ခန့်မှန်းလို့ရနိုင်တယ်။ မြစ်ကြီးနားဆွေးနွေးပွဲကို တစ်ကြိမ်တည်းနဲ့တော့ အားလုံးအပစ်ရပ်ရေးအတွက် သဘောတူတာမျိုး မဖြစ်လာနိုင်ဘူး။ ဘာလို့လဲဆိုတော့ အစိုးရရဲ့လုပ်ငန်းကော်မတီမှာ ဘယ်လောက်အထိ ဆုံးဖြတ်ခွင့်ရှိမလဲ။ ဘယ်လောက်ထိ ဆွေးနွေးခွင့်ရှိမလဲ မသိဘူး။ တိုင်းရင်းသားတွေဘက် ဘုံသဘောတူညီချက်ဆွေးနွေးချက်တွေကို လုပ်ငန်းကော်မတီက မဆုံးဖြတ်နိုင်ဘူးဆိုရင်တော့ အခုနိုဝင်ဘာမှာ လုပ်မယ့် တစ်ပြည်လုံးအပစ်ရပ်ရေး သဘောတူညီမှုက နောက်ဆုတ်သွားနိုင်တယ်။
အစိုးရနဲ့အပစ်ရပ်ရုံနဲ့လည်း ငြိမ်းချမ်းရေးမရနိုင်ဘူး။ အပစ်ရပ်ရေးကတဆင့် ငြိမ်းချမ်းရေး၊နိုင်ငံရေး ဆွေးနွေးဖို့အတွက် ဒီမြစ်ကြီးနားဆွေးနွေးမှုဟာ ပထမခြေလှမ်းလို့ ပြောနိုင်တယ်။ ဒီဆွေးနွေးပွဲဟာ လက်နက်ကိုင်အဖွဲ့အားလုံးရဲ့ ဘုံသဘောတူညီချက်တော်တော်များများကို အစိုးရက လိုက်လျောပေးနိုင်မယ်ဆိုရင်တော့ အပစ်ရပ်ရေးကလည်း အမြန်ဆုံးဖြစ်လာနိုင်သလို ငြိမ်းချမ်းရေး၊နိုင်ငံရေးဆွေးနွေးပွဲတွေလည်း ဆက်လက်အကောင်အထည်ပေါ်လာနိုင်တယ်။ဒါကြောင့် အစိုးရဘက်က  လိုက်လျောဖို့ လိုမယ်ထင်တယ်။

ဦးစိုင်းညွှန့်လွင်
(ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်-အထွေထွေအတွင်းရေးမှူး)
မြစ်ကြီးနားဆွေးနွေးပွဲဟာ အဆင်ပြေမယ်လို့ထင်တယ်။ လက်နက်ကိုင်တွေထဲက တစ်ဖွဲ့လက်မှတ် မထိုးရင် အားလုံးမထိုးဘူးဆိုပေမယ့် ၀နဲ့မိုင်းလားနဲ့ အခု လိုင်ဇာဆွေးနွေးပွဲကို မလာတဲ့အတွက် အခုလို အသံတွေ ထွက်လာတာလို့ထင်တယ်။ နောက်ပြီး ထူးဆန်းတာက အခုထိ နာဂအဖွဲ့ကို ဆက်သွယ်လို့မရဘူး။ လက်နက် ကိုင်တွေရဲ့ ဘုံသဘောတူညီချက်(၁၁)ချက်ဟာ အများပြည်သူကို ချမပြဘူးဆိုတာကလည်း ဆွေးနွေးလို့ မပြီးသေးလို့ ဖြစ်နိုင်တယ်။ နောက်ပြီး အစိုးရနဲ့ဆွေးနွေး ညှိုနှိုင်းရမှာလည်းရှိသေးတို့ မထုတ်ပြန်တာလည်း ဖြစ်နိုင်တယ်။အစိုးရဘက်က အချက်တွေထဲမှာ နှစ်ချက်ပြင်ထားတယ်ဆိုတော့ အဲ့ဒီအချက်နှစ်ချက်က ဘာလောက်ကြီးလေးလဲ မပြောတက်ဘူး။ ဒီအချက်နှစ်ချက်ကိုသာ မပြေလည်ဘူးဆိုရင် ပြည်လုံးကျွတ်အပစ်ရပ်ရေး သဘောတူညီမှုက နောက်ဆုတ်သွားနိုင်တယ်။ ကြာသွားနိုင်တယ်။ ဒါပေမယ့် ပျက်သွားမှာတော့ မဟုတ်ဘူး။ ထူးခြားတာက အစိုးရဘက်နဲ့ အစိုးရတပ်မတော်တွေဘက်က အပစ်ရပ်ရေးကို ဖြစ်စေချင်တဲ့ ဆန္ဒရှိတယ်။ ဒါကြောင့် ဒြီ့ပည်လုံးကျွတ်အပစ်ရပ်ရေးဟာ ဖြစ်လာနိုင်တယ်။ ဘာလို့လဲဆိုတော့ အစိုးရကရော၊ တပ်မတော်ကပါ ဆန္ဒရှိနေတဲ့အတွက် ၂၀၁၅မှာ ပြည်လုံးကျွတ်အပစ်ရပ်ရေးနဲ့အတူ နိုင်ငံရေးဆွေးနွေးမှုတွေ အပြီးလုပ်လာနိုင်တယ်။ ပြည်လုံးကျွတ်အပစ်ရပ်ရေးမှာလည်း ကာချုပ်ရော၊ ဒု-ကာချုပ်ရော လက်မှတ်ထိုးဖို့ တိုင်းရင်းသားတွေက တောင်းဆိုထားတယ်။

ဦီးစိုင်းဌေးအောင်
(တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ)
သဘော တူညီချက်တွေ ကို နှစ်ဘက်လုံးက လက်တွေ့ ကျင့်သုံးဖို့လို တယ်။ စာရွက်ပေါ်မှာ လက်မှတ်ထိုးထားတာတွေက သိပ်ကောင်းတယ်။အရင်ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း အစိုးရနဲ့KIO/KIAတို့ အချက်(၇)ချက် သဘောတူထားတယ်။အဲ့ဒီအတိုင်း လက်တွေ့အကောင်အထည်ဖော်မှုပိုင်းတွေမှာ အားနည်းနေသေးတယ်။ အခု လက်နက်ကိုင်ခေါင်းဆောင်တွေသဘောတူတဲ့ အချက်(၁၁)ချက်ဆိုတာကိုလည်း ကျွန်တော်တို့ မသိသေးတဲ့အတွက် အစိုးရနဲ့ ဘယ်လိုညှိုနှိုင်းမှုရမလဲဆိုတာ ပြောဖို့ခက်တယ်။ တစ်ပြည်လုံးအပစ် ရပ်ဖို့ဆိုတာကို မျှော်လင့်တယ်။အလာအလားကောင်းမယ်လို့လည်း ထင်တယ်။ သူတို့တွေ ဘယ်လိုသဘောတူ ညီချက်ရမလဲဆိုတဲ့ ပေါ်မူတည်ပြီးမှ တစ်ပြည်လုံးအပစ်ရပ်ရေး ကြေညာနိုင်မယ်ထင်တယ်။ဒါပေမယ့် နှစ်ဘက်လုံးက ကိုယ့်ဘက်ကို ကြည့်ပြီး ဆွေးနွေးနေကြတယ်။ ပြည်သူကို ကာကွယ်ဖို့ဆိုတာတွေ အများကြီးပြောနေကြပေမယ့် လက်တွေ့မှာ နှစ်ဘက်လုံးက ပြည်သူ့ဆန္ဒထက် သူတို့ဆန္ဒတွေကို ဦးတည်ဆောင်ရွက်နေတယ်။ တကယ်တော့ ဆွေးနွေးပွဲတွေက အပေါ်ပိုင်းမှာ အောင်မြင်ပေမယ့် အောက်ခြေမှာ မအောင်မြင်ဘူးဖြစ်နေတယ်။ ဒါကြောင့် သဘောတူချက်တွေ ဆွေးနွေးတဲ့အခါမှာ ဒီသဘောတူညီချက်တွေကို ဖောက်ဖျက်ရင် ဘယ်လိုအရေးယူမလဲဆိုတာတွေ သဘောတူညီချက်မှာ ထည့်သွင်းဖို့လိုတယ်။ ဒီလို ထည့်သွင်းတာတွေ ဖောက်ဖျက်ရင်လည်း ထိထိရောက်ရောက်အရေးယူဖို့လိုတယ်။ 
လာမယ့် ဆွေးနွေးပွဲမှာတော့ နှစ်ဘက်ညှိုနှိုင်းမှုဟာ ပြည်သူ့ဆန္ဒတွေ၊ ပြည်သူ့အကျိုးတွေကို အဓိကထားဆွေးနွေးဖို့လိုပါတယ်။ ဒါဟာ အရေးကြီးပါတယ်။လက်နက်ကိုင်ဘက်ကရော၊ အစိုးရဘက်ကရော ပြည်သူတွေရဲ့လက်ရှိဆန္ဒတွေကို ကွင်းဆင်းပြီး ထည့်သွင်းဆွေးနွေးဖို့ အရေးကြီးပါတယ်။

အောက်တိုဘာ(၃၀)ရက်နေ့မှ နိုဝင်ဘာ(၂)ရက်နေ့အထိ ကျင်းပပြုလုပ်သော  လိုင်ဇာထိပ်သီးဆွေးနွေးပွဲမှ RCSS/SSA အဖွဲ့မှအပ ဆွေးနွေးပွဲသို့တက်ရောက်လာသော  လက်နက်ကိုင်(၁၇)ဖွဲ့တို့က အချက်(၁၁) ချက်ပါ ဘုံသဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုလိုင်ဇာထိပ်သီးဆွေးနွေးပွဲ၏ ဘုံသတောတူညီချက်နှင့် သဘောထားရပ်တည်ချက်များကို ဆက်လက်ညှိုနှိုင်းဆောင်ရွက်ရန် တစ်နိုင်ငံလုံးအပစ်အခက်ရပ်ရေးဆိုင်ရာ ညှိုနှိုင်းရေးအဖွဲ့ကိုလည်း နိုဝင်ဘာ(၂)ရက်နေ့က ဖွဲ့စည်းလိုက်သည်။ ထိုလိုင်ဇာထိပ်သီးဆွေးနွေးပွဲမှ ဘုံသဘောတူညီချက်အား မြစ်ကြီးနားမြို့တွင် ပြုလုပ်သည့် လက်နက်ကိုင်ခေါင်းဆောင်များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတ ဒုတိယဥက္ကဌ ဦးအောင်မင်းခေါင်းဆောင်သော အဖွဲ့နှင့်ဆွေးနွေးကြမည်ဖြစ်သည်။



No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။