Monday, November 4, 2013

လိုင်ဇာမှ တစ်ဆင့် ဆန်တန်ချိန်တစ်သိန်း တင်သွင်းရန် တရုတ်ဆန်ကုန်သည်များ ကမ်းလှမ်းထား

(Mizzima)

လိုင်ဇာဒေသမှ တစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ဆန်တန်ချိန်တစ်သိန်း တင်သွင်းပေးရန် တရုတ်ကုန်သည်များက ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံဆန်ကုန်သည်များအသင်းမှ  ဗဟိုအလုပ်အမှုဆောင်တစ်ဦးက မဇ္ဈိမသို့ နိုဝင်ဘာလ ၃ရက်တွင် ပြောသည်။

အောက်တိုဘာလကုန်ပိုင်းတွင် တရုတ်ကုန်သည်များက ကချင်ပြည်နယ်ရှိ ဆန်ကုန်သည်များ အသင်းထံ ကမ်းလှမ်းလာခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ်ရှိ ဆန်ကုန်သည်များက မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း (၀ါးတန်းဆန်ကုန်စည်ဒိုင်) သို့ ဆက်သွယ်လာခြင်းဖြစ်သည်။


ဆန်အမျိုးအစားနှင့် မည်သည့်အချိန်အတွင်း စတင်ပို့ရမည်ဟု သတ်မှတ်ပါရှိခြင်းမဟုတ်ဘဲ ဆန်တန်ချိန် တစ်သိန်းတင်ပို့ပေးမည်ဆိုပါက တရုတ်ဆန်ကုန်သည်များမှ ၀ယ်ယူသွားမည် ဟု ကမ်းလှမ်းထားခြင်း ဖြစ်ကြောင်း
မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း၏တာဝန်ရှိသူများက ပြောသည်။


မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း၊ ဗဟိုအလုပ်အမှုဆောင်တစ်ဦး က "ဘယ်တော့ပို့၊ မပို့ဆိုတာ့ကတော့ မလုပ်ရသေးပါဘူး၊  တရုတ်ဘက် ကမ်းလှမ်းထားတာပါ၊ အဓိကတော့ နိုင်ငံရေးအခြေအနေကို အများကြီးစဉ်းစားရမယ်" ဟု ပြောသည်။

မြန်မာနိုင်ငံမှ ဆန်တင်ပို့မှုများကို မူဆယ် - ရွှေလီတွင် အဓိကအများဆုံး တင်ပို့လျက်ရှိပြီး ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးမှလည်း အနည်းငယ်တင်ပို့မှုရှိသည်ဟု ဆန်ကုန်သည်များက ဆိုသည်။

မြန်မာနိုင်ငံမှ ဆန်များကို တရုတ်ပြည်သို့ အဓိကထားတင်ပို့လျှက်ရှိပြီး ပြီးခဲ့သည့်နှစ်တွင် ပြည်ပသို့ တင်ပို့ခဲ့သည့် ဆန်တန်ချိန် တစ်သန်းကျော်တွင် တန်ချိန် ၇ သိန်းကျော်မှာ တရုတ်ပြည်သို့ နယ်စပ်မှတင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်ကုန်သည်များ
အသင်းမှ တာဝန်ရှိသူများက ပြောသည်။


ယခင် ပို့ဆောင်မှုများမှာ မြန်မာနိုင်ငံဘက်က တရားဝင်ဖြစ်သော်လည်း တရုတ်နိုင်ငံဘက် ကမူ တရားဝင်မဟုတ်ပေ။ တရားဝင်ဖြစ်ပါကလည်း အခွန်ပေးဆောင်ရမည်ဖြစ်ရာ ကုန်သည်များက ယင်းအခွန်အတွက် အခက်အခဲရှိနေသည်။

ဆန်ပို့ကုန်လုပ်ငန်းရှင် ဦးမျိုးသူရအေး က"မြန်မာဘက်ကနေတရုတ်ဘက်ကို ဆန်ပို့တာက တရုတ်ဘက်မှာ လမ်းပန်းဆက်သွယ်ရေးကောင်းတယ်၊ တစ်နေရာနဲ့တစ်နေရာမကွာဘူး၊ မူဆယ်ဘက်ကနေပို့တဲ့ သယ်ယူပို့ဆောင်တဲ့စရိတ်နဲ့ လိုင်ဇာဘက်ကနေပို့တဲ့ ကုန်ကျစရိတ်က ဘယ်လိုရှိမလဲမသိဘူး၊ သက်သာတယ်ဆိုရင်တော့ပို့နိုင်မယ်၊ စရိတ်သိပ်ကွာရင်တော့ပို့နိုင်မှာ မဟုတ်ဘူး"ဟု ပြောသည်။

လိုင်ဇာ နှင့် တရုတ်နယ်စပ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းရှိမှသာ ဆန်တင်ပို့နိုင်မည် ဟု ဆန်ကုန်သည်အသိုင်းအ၀ိုင်းက သုံးသပ်သည်။

လွန်ခဲ့သည့် ၃ နှစ် ၀န်းကျင်ခန့်တွင် လိုင်ဇာ နှင့် တရုတ်နယ်စပ်တွင် ကုန်သွယ်ရေးတင်ပို့ခြင်း များရှိသည့်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်ဆောင်ရွက်ခြင်းရှိပြီး နယ်မြေတည်ငြိမ်မှု မရှိသည့် အခြေအနေများကြောင့် ပိတ်ထားရကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။