Friday, November 8, 2013

ကချင်မှာတိုက်ပွဲဆက်ဖြစ် ကျောင်းသား ၁ဦး ဒဏ်ရာရ

နိုဝင်ဘာ လ ​၇ ​ရက်နေ့က ​ကချင်ပြည်နယ် ​မန်စီမြို့နယ် အတွင်းမှာ ​အစိုးရ တပ်နဲ့ ​ကချင် လွတ်မြောက်ရေး တပ် ​ကေအိုင်အေ တို့ ​တိုက်ပွဲတွေ ​ထပ်မံဖြစ်ပွားနေပြီး ​တိုက်ပွဲကြောင့် ​ကျောင်းသား တဦး ​ဒဏ်ရာရခဲ့ တယ်လို့ ​မန်စီမြို့နယ် တွင်းမှာရှိတဲ့ ​မိုင်းခေါင်ကျေးရွာ က ​ဒေသခံတွေ က ​ပြောပါတယ်။

နှစ်ဖက်ကြား တိုက်ပွဲဟာ ​မိုင်းခေါင်ကျေးရွာနဲ့ ​၆ ​မိုင်အကွာလောက်မှာ ​စတင်ဖြစ်ပွားခဲ့တာ ​ဖြစ်တယ်လို့ ​မိုင်းခေါင်ကျေးရွာတွင်းက ​ဒေသခံ ​တစ်ဦးက ​အခုလိုပြောပါတယ်။


“မိုင်းခေါင်နဲ့ ​၆ ​မိုင်လောက်ဝေးတဲ့ ​နေရာမှာဖြစ်တာ၊ ​ဒီမှာ ​ကျတော့ ​ဘယ်လောက်မှ ​မကြာဘူး၊ ​၁ ​နာရီကျော်၊ ​၂ ​နာရီလောက်တော့ ​ကြာတယ်။ ​နမ့်လင်းပါ ​အထက်မှာတော့ ​တစ်နေကုန်လို ​ဖြစ်တယ်ပေါ့။ ​တိုက်ပွဲဖြစ်တဲ့အချိန်မှာ ​ကျောင်းသား ​တစ်ယောက်ခြေထောက်မှန်သွားတယ်လို့ ​ပြောတယ်။”

မန်စီမြို့နယ်တစ်ဝိုက်မှာ ​တိုက်ပွဲတွေ ​ဖြစ်ပွားနေတဲ့အပြင် ​အစိုးရစစ်တပ်က ​တစ်ချို့ ​ကျေးရွာတွေကို ​ပိတ်ဆို့ထားတာကြောင့် ​ဒေသခံတွေနဲ့ ​ဒုက္ခသည်တွေ ​ရိက္ခာ ​ပြတ်လပ်နေတယ်လို့ ​ဒေသခံတွေက ​ပြောပါတယ်။

အစိုးရနဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင်တွေအကြား ​ငြိမ်းချမ်းရေး ​တည်ဆောက်ဖို့ ​ညှိနှိုင်းဆွေးနွေးနေတဲ့အချိန်မှာ ​မြေပြင်လှုပ်ရှားမှုတွေကို ​လျော့ချဖို့လိုအပ်နေတယ်လို့ ​ကချင်လွတ်မြောက်ရေးတပ် ​KIA ​က ​ပြောရေးဆိုခွင့်ရှိသူ ​ဆရာဒေါင်ခါးက ​ပြောပါတယ်။

ကေအိုင်အိုအနေနဲ့ကတော့ ​အစိုးရစစ်တပ်ရဲ့ ​ထိုးစစ်အပေါ်မှာ ​မူတည်ပြီး ​တုန့်ပြန်သွားမှာ ​ဖြစ်တဲ့အတွက် ​အစိုးရဘက်က ​ထိုးစစ် ​ပြင်းထန်လာရင်တော့ ​ငြိမ်းချမ်းရေးအတွက် ​အနှောက်အယှက်ဖြစ်နိုင်တယ်လို့ ​ဆရာဒေါင်ခါးကပြောတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ထားတာဖြစ်ပါတယ်။

ABC Radio Australia

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။