Monday, November 4, 2013

တပြည်လုံးအပစ်ရပ်ရေးကို တိုင်းရင်းသားခေါင်ဆောင်များ နံပါတ် ၁ မထားလို

 

အစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲ အတွက် တတိုင်းပြည်လုံး အပစ်ရပ်ရေး ကို ပထမခြေလှမ်း အဖြစ်မထား လိုဘဲ  ဒုတိယ အဆင့်တွင် ထားလိုသည်ဟု တိုင်းရင်း သားခေါင်းဆောင်များက ပြောဆိုသည်။

ဦးသိန်းစိန် အစိုးရ သည် အမျိုးသား ရင်ကြားစေ့ရေး အတွက် ပထမ အဆင့် အဖြစ် တိုင်းရင်းသား လက် နက်ကိုင် တပ်ဖွဲ့များအားလုံး အတွက် တတိုင်းပြည်လုံး အတိုင်း အတာဖြင့်အပစ်ရပ်ရမည်၊ ဒုတိယအဆင့် အဖြစ်ဆွေးနွေးလိုသည့် နိုင်ငံရေးမူဘောင် ကိစ္စဆွေးနွေးမည်၊ နောက်ဆုံးအဆင့်တွင် ပင်လုံကဲ့သို့သော နိုင်ငံရေးဆွေးနွေးပွဲတရပ်ကျင်းပမည် - စသဖြင့် ပြင်ဆင်ထားသည်။


“ဒါကတော့ အစိုးရဘက်ပေါ့ဗျာ။ ကျနော်တို့တိုင်းရင်းသားဘက်တော့ ပထမ အဆင့်နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကိစ္စအရင်ဆွေးနွေးချင်တယ်။ အဲဒီ့ကိစ္စပြီးရင် အပစ်ရပ်ဖို့က ဘာမှ မခက်တော့ဘူး။ နှစ်ခုလုံး တခါတည်းရသွားနိုင်တယ်။” - ဟု ပြည်ထောင်စုအင်စတီဂျုမှ ဦးခွန်စိုင်းက ပြောသည်။

အဆိုပါကိစ္စရပ်များ နှစ်ဦးနှစ်ဘက် သဘောတူညီမှု ရရှိစေရန် ယနေ့ မြစ်ကြီးနားမြို့ မကြွယ်ခန်းမ ၌ နှစ်ဘက်ခေါင်းဆောင်များတွေ့ဆုံနေကြောင်း၊ မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက် ရေးကော်မတီမှ ဒုတိယ ဥက္ကဌ ဝန်ကြီးဦးအောင်မင်းက ဦးဆောင်တက်ရောက်ကြောင်း ကြားသိရပါ သည်။

တပြည်လုံးအပစ်ရပ်စဲရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြစ်ကြီးနားမြို့၌ နိုဝင်ဘာ ၄ ရက်မှ ၆ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးနေခြင်းဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၈ ဖွဲ့မှ ထိပ်းသီးကိုယ်စားလှယ်များသည် ဦးသိန်းစိန်အစိုးရနှင့် တပြည်လုံးအတိုင်းအတာ အပစ်ရပ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကချင်လွတ်လပ် ရေးအဖွဲ့ချုပ် လိုင်ဇာမြို့၌ (အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၂ ရက်နေ့အထိ) ၄ ရက်ကြာတွေ့ဆုံ ဆွေးနွေးကြသည်။ ထိုဆွေးနွေးပွဲတွင် ပင်လုံစိတ်ဓါတ်၊ ပင်လုံ (၁၉၄၇ ပင်လုံမြို့၌ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ လက်မှတ်ရေးထိုးသည့် စာချုပ်) မူကို အခြေခံသော ပြည်ထောင်စုညီလာခံကျင်းပရေး - ပါဝင်သည့် အချက် ၇ ချက်ဖြင့် လက်တွဲဖေါ်ဆောင်သွားဖို့ သဘောတူညီမှု ရရှိခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။