Monday, November 11, 2013

ကမ္ဘာ့အရှည်လျားဆုံး လက်နက်ချ အညံ့ခံရေးစာချုပ်

(မိုးမခ)

တူမောင်ညို (၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်)
 
“မြစ်ကြီးနားစကားပြောပွဲ” ၌ အစိုးရဘက်မှ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ ထံ ပေးအပ်ခဲ့သည့် “အခန်း ၁၄ ခန်း၊ အချက် ၂၅ ချက်” ပါဝင်သည့် “စာချုပ်” ဆိုသည်ကို မိတ်ဆွေ တစ်ဦးက အင်တာနက်မှ တစ်ဆင့်ပို့ လာသဖြင့် ဖတ်ရပါ သည်။ 

“စာချုပ်”၏ အမည် အပြည့်အစုံမှာ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများ အကြား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေး သဘောတူညီချက်စာချုပ်” ဟူ၍ဖြစ်ပါသည်။ 

“စာချုပ်” ၌ နိဒါန်း၊ အခန်း (၁) မှ (၁၄) ထိ ပါဝင်ပြီး၊ အချက်ပေါင်း ၂၅ ချက်ပါရှိပါသည်။ သက်ဆိုင်ရာအချက်များအောက်တွင် အချက်အလက်ခွဲငယ်များကို မြန်မာအက္ခရာစဉ်လျက် ဖော်ပြထားပါသေးသည်။ 

ဤ“ စာချုပ်” ဆိုသည်ကို တစ်ခွန်းထဲနှင့်ခြုံ၍ပြောရလျှင် “လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်/ ချွင်းချက်မရှိ လက်နက်ဖျက်သိမ်း ရေး” ပင် ဖြစ်သည်။ 

“စာချုပ်” တွင် လုံးဝဖေါ်ပြထားခြင်းမရှိသည့် စကားလုံး ၂ လုံးမှာ “ပြည်တွင်းစစ်” နှင့် “စစ်ဘေးဒုက္ခသည်” ဆိုသည့် စကားလုံး ၂ လုံး ပင်ဖြစ်သည်။ ပြည်တွင်းစစ်သည် နယ်စပ်ဒေသတိုင်းရင်းသားများကိုသာ အများဆုံး ထိခိုက်နစ်နာခဲ့သည် မဟုတ်ပါ။ တပြည်လုံးရှိ လူမျိုးပေါင်းစုံပြည်သူများဘဝသည် ချွတ်ခြုံကျမွဲတေစေခဲ့ပြီး၊ တိုင်းပြည်သည် အဆင်းရဲဆုံးနိုင်ငံ(LDC) ဘဝသို့ ကျရောက်ခဲ့ရပါသည်။ ဤအချက်နှင့် ဗြောင်းပြန်လိုဖြစ်နေသည့်အချက်မှာ အုပ်စိုးသူအစိုးရ အဆက်ဆက်ထိပ်သီးများမှာ သန်းကြွယ်သူဌေးကြီးကဲ့သို့ ချမ်းသာ ကြွယ်ဝသူများ ဖြစ်လာကြသည့်အချက်ပင်ဖြစ်ပါသည်။ “ပြည်တွင်းစစ်” သည် အုပ်စိုးသူများများ အတွက် ဒီရေအလား ချမ်းသာ ကြွယ်ဝ စေခဲ့ပြီး တိုင်းပြည်နှင့်လူမျိုးစုံပြည်သူများကို ကုန်းကောက်စရာမရှိအောင် မွဲပြာကျစေခဲ့ပါသည်။ “ပြည်တွင်းစစ်” ဆိုသည့်စကားလုံးကို “လက်နက်ကိုင်ပဋိပက္ခ” ဆိုသည့်စကားလုံးနှင့် တမင်ရောထွေးပြီး ဖုံးကွယ်ထားသည်။ 

 အရိပ်အမြွက်မျှပင် မပါရှိသည့် အခြားစကားလုံး တစ်လုံးမှာ “ဖက်ဒရယ်” ဟူသည့်စကားလုံးဖြစ်သည်။ 

အပစ်အခတ်ရပ်စဲခြင်းကိုပင် “တည်ဆဲဥပဒေများနှင့် မဆန့်ကျင်ဘဲ အပစ်အခတ်ရပ်စဲခြင်း” ဟူ၍ ကြိုတင်ချည်တုတ်ထားပါ သည်။ ထို့အပြင် “ယခင်က ချုပ်ဆိုခဲ့သော တည်ဆဲဥပဒေနှင့် မဆန့်ကျင်သည့်သဘောတူညီချက်များအား အသိအမှတ်ပြုခြင်း” ဟု ဖော် ပြထားသည်။ 

အဓိပ္ပါယ်မှာ  “ယခင်က ချုပ်ဆိုခဲ့သော သဘောတူညီချက်များ” တွင် တည်ဆဲဥပဒေများနှင့် ဆန့်ကျင်နေသည့် အချက်များပါရှိ နေသည်ကို ဝန်ခံလိုက်ခြင်းဖြစ်ပြီး၊ ထိုအချက်များကို ယခုလက်ရှိ (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရက လက်မခံ၊ အသိအမှတ်မပြုဟု ဆို ခြင်းဖြစ်သည်။ 

ဤအချက်က (နဝတ-နအဖ) စစ်အစိုးရလက်ထက် ထောက်လှမ်းရေးဗိုလ်ခင်ညွန့် နှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ အပေးအယူလုပ်ပြီး သဘောတူထားခဲ့ကြသည့် (ပါတီအဖွဲ့အစည်း၊ လွတ်မြောက်နယ်မြေ၊ တပ်၊ လက်နက် အစရှိသော ) အချက်များကို အသိအမှတ်မပြုဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုစဉ်က KIO အဖွဲ့တစ်ခုတည်းနှင့်သာ စာချုပ်ချုပ်သည်ဟု ကြားခဲ့ရဖူးသည်။ နှစ်ဦးနှစ်ဖက် ဘာတွေအပေးအယူလုပ်ပြီး သဘောတူညီခဲ့ကြသည်ကို သက်ဆိုင်သူများကထုတ်ပြောလျှင် တိုင်းပြည်နှင့် လူထုကသိရှိပြီး အကြောင်းနှင့် အကျိုးကို အကဲဖြတ်နိုင်ကြပေလိမ့်မည်။ 

“လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ” ဟူ၍ ရေးသာဖော်ပြထားသည်မှာ လက်တွေ့ အားဖြင့် “ပြည်တွင်းစစ်”ဆိုသည့် စကားလုံးကို ရှောင်ရှားပြီး လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများအား “အကြမ်းဖက်အဖွဲ့အစည်း များ” အဖြစ် တမင်တကာ သွယ်ဝိုက်ဖော်ပြလိုက်သလိုလည်းဖြစ်နေသည်။ ရခိုင်ပြည်နယ်၊ မိတ္တီလာ၊ လားရှိုး၊ ကန့်ဘလူထန်းကုန်းတို့၌ ပေါ်ပေါက်ဖြစ်ပွားခဲ့သည့် ဘာသာရေး၊ လူမျိုးရေးအရေခြုံ၊ လူသတ်၊ မီးရှို့သည် အကြမ်းဖက်မှုများသည်ပင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၏ တာဝန်မကင်းသယောင် ဖော်ပြထားသည်မှာ မိုက်မဲလှသည့် ကြံစည်မှုပင်ဖြစ်သည်။ 

ထို့အပြင် “ပြည်ထောင်စုအတွင်းမှီတင်းနေထိုင်ကြသော နိုင်ငံသားအားလုံးကို ထိခိုက်နစ်နာခြင်းများ၊ လုံခြုံမှုကင်းမဲ့ခြင်း များနှင့် စိုးရိမ်ထိတ်လန့်ခြင်းများ ဖြစ်ပေါ်ခံစားစေခဲ့သည့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန်” ဆိုသည့်ဖော်ပြချက်မှာ အပြင်းထန်ဆုံး ဗြောင်အကျဆုံး ထိုးနှက်စော်ကားသည့် အချက်ပင်ဖြစ်သည်။ 

“အတိတ်ဖြစ်ရပ်များ အပေါ် တစ်ဦးနှင့် တစ်ဦးအပြစ်မတင်ဘဲ” ဆိုသည့်အချက်ကလည်း  ပြည်တွင်းစစ်အတွင်း တိုင်းပြည် အနှံ့စစ်တပ်၏အကြမ်းဖက်မှုများဖြစ်သော လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ ကျေးရွာများနှင့်ဘာသာရေးအဆောက်အအုံများကို မီးရှို့ဖျက်ဆီး ခြင်း စသည့်ရာဇဝတ်ပြစ်မှုများကို တမင်တကာဖုံးကွယ်လိုက်ခြင်းလည်းဖြစ်သည်။ 

ပြည်တွင်းစစ်၌ ပါတီအဖွဲ့အစည်းများ လက်နက်ကိုင်ခဲ့ကြရသည်မှာ အကြောင်းမဲ့သက်သက် သွေးဆာ၍မဟုတ်၊ ရန်လိုမုန်းတီး ၍မဟုတ် မိမိတို့မွေးရာအခွင့်အရေးများကိုငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြသည်။

သို့သော်လည်းအုပ်စိုးသူအစိုးရအဆက်ဆက်သည် လက်နက်ဖြင့် အကြမ်းဖက်ဖိနှိပ် သတ်ဖြတ်ချေမှုန်းခဲ့ကြသည်။ သို့ဖြင့် မိမိတို့ ဘဝရှင်သန်ရပ်တည်နိုင်ရေးနှင့် မိမိတို့လိုလားချက်များ ဆက်လက်တောင်းဆိုနိုင်ရေးအတွက် မလွှဲသာမရှောင်သာ ရရာလက်နက်စွဲကိုင် ပြီး ခုခံတော်လှန်စစ် ဆင်နွှဲခဲ့ကြရခြင်းသာဖြစ်သည်။ 

ထို့အပြင် အကြမ်းဖက်ရန်လိုဖိနှိပ်မှုတွေတည်ရှိနေသမျှ “ လက်နက်ဖြင့် အကြမ်းဖက် ဖိနှိပ်စစ်ပြုလာသည်ကို လက်နက်စွဲကိုင် ခုခံတော်လှန်ခြင်းသည် တရားမျှတပြီး အစဉ်မှန်ကန်နေမည့် တရားသည့်လုပ်ရပ်” ဖြစ်မြဲဖြစ်နေပေလိမ့်ဦးမည်။ 

ယနေ့ကာလတွင် လတ်တလော စေ့စပ်ဆွေးနွေးကြရမည့်ကိစ္စမှာ နှစ်ဦးနှစ်ဖက် အတိုက်အခိုက်ရပ်စဲကြရေးသာဖြစ်သည်။

ယုံကြည်ချက် ခံယူချက်၊ နှင့်နိုင်ငံရေးလမ်းစဉ်ကို စွန့်လွှတ်ရန်မဟုတ်ချေ။ စွန့်လွှတ်ရန် တောင်းဆိုခြင်းသည် ရိုင်းစိုင်းသော၊ ရန် လိုသော အပြုအမူတစ်ရပ်ပင်ဖြစ်သည်။
မည်သည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ၌မဆို၊ သွေးဆာရန်လိုနေသည့် လက်နက်ကိုင်လမ်းစဉ်ဟူ၍မရှိနိုင်။ 

မိမိတို့၏နိုင်ငံရေးတောင်းဆိုချက်ကို ဆက်လက်ရပ်တည်ကိုင်စွဲ၊ တောင်းဆိုနိုင်ရန်အတွက် လက်နက်ကိုင်စွဲထားရခြင်းသာ ဖြစ် သည်။ နိုင်ငံရေးပြဿနာကိုသာ တန်းတူရည်တူ၊ ဒီမိုကရေစီနည်းကျ ဖြေရှင်းနိုင်ခဲ့မည်ဆိုလျှင် မည်သူသည် လက်နက်ကိုဖက်တွယ်နေ မည်နည်း။

 လက်နက်ဖြင့် အကြမ်းဖက်ဖိနှိပ်အုပ်စိုးမှုရှိနေသမျှ၊ နိုင်ငံရေးရည်မှန်းချက်များ ပြည့်ပြည့်ဝဝမရရှိသေးသမျှ၊ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းဖြင့် အပြီးသတ်ပြေလည်အောင် မဖြေရှင်းနိုင်သေးသမျှ၊ လက်နက်ကိုင် ထားကြရလိမ့်ဦးမည်။ (ဖဆပလ)အစိုးရမှသည် ယနေ့ကြံ့ဖွံ့အစိုးရအထိ အုပ်စိုးသူအစိုးရအဆက်ဆက်ထံ လက်နက်နှင့် ဒီမိုကရေစီ၊ လက်နက်နှင့် ငြိမ်းချမ်းရေး၊ လက်နက်နှင့်ကားပါမစ် စသဖြင့်လဲလှယ်ခဲ့ကြသည့် ဖြစ်ရပ်မျိုးစုံ ဖြစ်ပွားပေါ်ပေါက်ခဲ့ဖူးပါသည်။ ထိုသို့လဲလှယ်ခဲ့ကြသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တို့ကို ခေတ်ပြိုင် သမိုင်းက မည်သို့ အကဲဖြတ်၊ မှတ်တမ်းတင်သည်ကို ဦးနှောက်ပုံမှန်ရှိသည့် လူတိုင်းသိပါသည်။ 

စာချုပ်၏ အခန်း ၃ နှင့် ၄ တွင်  ဖော်ပြထားချက်များသည် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများအား ချွင်းချက်မရှိ အလုံးစုံချုပ်ကိုင်မှုပင်ဖြစ်သည်။ ယင်းသို့ချုပ်ကိုင်နိုင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို အခန်း (၈) တွင်ဖေါ်ပြထားသည့် “အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ”  လက်တွေ့အကောင်အထည်ဖော်လိမ့်မည်ဖြစ်သည်။ 

ယင်းသို့အဖက်ဖက်က အပိုင်ချည်ပြီး၊တုတ်ပြီးဖြစ်ချိန်တွင် (လက်မှတ်ရေးထိုးပြီးနောက်၂လ အတွင်း) ပြည်ထောင်စုလွှတ်တော် ၏ သဘောတူညီချက်ဖြင့် “နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုစတင်ဆောင်ရွက်ရန်”ဟူ၍ ဖော်ပြထားသည်။

ချွင်းချက်မရှိ လက်နက်ချပြီးမှသာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုစတင်ဆောင်ရွက်ရန်နှင့် “မတရားအသင်းအက်ဥပဒေအရ အရေး ယူခံထားရသူများအပေါ် ဖြေလျှော့ပေးရေးဆောင်ရွက်မည်” ဟုဆိုသည်။

အခန်း (၁၄) သည် ဤစာချုပ်၏ နောက်ဆုံးအခန်းဖြစ်ပြီး “သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးခြင်း” ဖြစ်သည်။ 

“ဤ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်ကို ၂၀၁၃ ခုနှစ်၊  —– လ၊ —— ရက်နေ့တွင် နှစ်ဦးနှစ်ဖက်မှ အောက်ပါတိုင်းလက်မှတ်ရေးထိုးကြပါသည်” ဟူ၍ဖေါ်ပြထားရာ အဆိုပါစာပိုဒ်တွင်ပါရှိသော“၂၀၁၃”ဆိုသည်ကို ဖြုတ်ပယ်၍  —– ခုနှစ်၊ —— လ နှင့် ——- ရက် စသဖြင့် ကွက်လပ်ကလေးများထားရှိပါပေးရန်  “နိုင်ငံတော်အစိုးရ” ထံ စေတနာဖြင့် အကြံပြုလိုက်ပါသည်။

(ကာလုံ) တွင် ပြုစုရေးဆွဲခဲ့သော ဤ “စာချုပ်” သည် “ကမ္ဘာ့အရှည်လျားဆုံး လက်နက်ချအညံ့ခံရေးစာချုပ်” အဖြစ် ဂင်းနစ် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းဝင်နိုင်လိမ့်မည်မျှော်လင့်ပါသည်။ 

တူမောင်ညို (၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်)
“မြစ်ကြီးနားစကားပြောပွဲ” ၌ အစိုးရဘက်မှ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများထံ ပေးအပ်ခဲ့သည့် “အခန်း ၁၄ ခန်း၊ အချက် ၂၅ ချက်” ပါဝင်သည့် “စာချုပ်” ဆိုသည်ကို မိတ်ဆွေတစ်ဦးက အင်တာနက်မှတစ်ဆင့်ပို့လာသဖြင့် ဖတ်ရပါသည်။

- See more at: http://moemaka.com/archives/39264#sthash.KFvFZtgX.dpuf

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။