Wednesday, November 6, 2013

ခွဲထွက်ပိုင်ခွင့်နှင့်ဖက်ဒရယ်မူ

(Ven Ravika)

ခွဲထွက်ရေးတစ္ဆေ

လိုင်ဇာညီလာခံသို့ ပေးပို့သော သမ္မတသဝဏ်လွှာ၌ နိုင်ငံတော်နယ်နမိတ်ကို လေးစားရန် ညွှန်ကြားကြောင်း ပါရှိသည်။ ပင်လုံစာချုပ်ပါ ခွဲထွက်ပိုင်ခွင့်ကို မသိမသာ ငြင်းပယ်ခြင်းဖြစ်သည်။ ဦးအောင်မင်းတို့ဆွေးနွေးရာ၌လည်း ပြည်ထောင်စုမှ မည်သည့်အချိန်မျှ ခွဲမထွက်ကြောင်း တိုင်းရင်းသားတို့အား ခံဝန်ကတိပြုစေခဲ့ဖူးသည်။ သာမန်ပြည်သူများသည်ပင် ပြည်ထောင်စုမှ ခွဲမထွက်လျှင် လိုချင်သည့်အခွင့်အရေးကို တောင်းကြပါဟု ပြောလေ့ရှိသည်။ ဤအချက်ကို ကြည့်လျှင် နေဝင်းခြောက်ခဲ့သော ထမင်းလုံးတစ္ဆေသည် တပ်မတော်၊ အရာရှိအရာထမ်း၊ သာမန်ပြည်သူများကြား၌ နက်နက်ရှိုင်းရှိုင်း မည်မျှစိမ့်ဝင်နေပြီဆိုသည်ကို ခန့်မှန်းနိုင်သည်။


ခွဲထွက်ရေးမဟုတ်

ဖက်ဒရယ်စနစ်သည် အများထင်သကဲ့သို့ ခွဲထွက်ရေးစနစ် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဖက်ဒရယ်စနစ်တွင် ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် လက်ခံခြင်း၊ ပြည်ထောင်စုအဖွဲ့ဝင်အဖြစ်မှ ရပ်စဲခြင်းတို့ကို ပြည်ထောင်စုပါလီမာန်ကသာ ဆုံးဖြတ်နိုင်သောကြောင့် ဖြစ်သည်။ ပြည်နယ်တစ်ခုသည် ပြည်ထောင်စုမှ လုံးဝခွဲမထွက်ရဟူ၍လည်း မဟုတ်ချေ။ ပြည်နယ်တစ်ခုခုသည် ပြည်ထောင်စုမှ ခွဲထွက်လိုလျှင် မိမိပြည်နယ်တွင် ဆန္ဒမဲကောက်ခံကြရမည်၊ ယင်းကို ပြည်ထောင်စုပါလီမာန်ကို တင်ပြရမည်၊ ပြည်ထောင်စုပါလီမာန်က ခွင့်ပြုလျှင် သီးခြားနိုင်ငံတစ်ခု ဖြစ်သွားမည်ဖြစ်သည်။ သို့သော် ပြည်ထောင်စုပါလီမာန်တွင် လိုအပ်သော ခွဲထွက်ရေးမဲကို ရရှိရန် မလွယ်ကူပေ။

သွေးရိုးသားရိုးဟုတ်မဟုတ်

ဖက်ဒရယ်မူသည် ခွဲထွက်ရေးမူမဟုတ်ကြောင်းကို မြန်မာအစိုးရအကြီးအကဲများနှင့် မြန်မာ့တပ်မတော်အရာရှိကြီးများက မသိရှိကြဘဲ မနေပါ။ သို့သော် အဘယ်ကြောင့် ခွဲမထွက်ရ ဟူသောစကားကို မန္တန်သဖွယ် မန်းစုပ်နေကြသနည်း။ တိုင်းရင်းသားတို့ကို ခြံစည်းရိုးသို့ မောင်းသွင်းပြီး တစ်ခုခုလုပ်မည့်အကြံမရှိလျှင် ထိုမျှလောက် ရုပ်ပျက်ဆင်းပျက် ပြောနေကြမည်မဟုတ်။ ဤအချက်ကို တိုင်းရင်းသားခေါင်းဆောင်တို့ အထူးသတိထားသင့်ကြသည်။ ဤအကြံ၏ နောက်ကွယ်၌ ရှိနေမည့် အကြံအစည်ကို ဖော်ထုတ်သင့်၏။

အစိုးရအကြံ မူမမှန်

ခွဲမထွက်ရ ပြောတိုင်း ပင်လုံစာချုပ်ကို ပယ်ဖျက်ခြင်း ဖြစ်သည်။ ဖက်ဒရယ်မူကို သိက္ခာချရာလည်း ရောက်သည်။ ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် နေလိုသည့် တိုင်းရင်းသားများကို စော်ကားလိုက်ခြင်းပင် ဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုအရည်အသွေးကို အဆင့်လျှော့ချရန် စိတ်အကြံရှိပုံ ရသည်။ ဘာကြောင့် သိနိုင်သနည်း။

  • ခွဲထွက်ရေးမူမှာ ကွန်ဖက်ဒရေးရှင်းမူ ဖြစ်သည်။ ကွန်ဖက်ဒရေးရှင်းနိုင်ငံဆိုသည်မှာ ပြည်ထောင်နိုင်ငံများ စုပေါင်းထားသည့် နိုင်ငံတစ်ခု ဖြစ်သည်။ ယင်းနိုင်ငံများသည် အချုပ်အခြာအာဏာပိုင်ဆိုင်သည့်နိုင်ငံများဖြစ်ပြီး အခြားနိုင်ငံများနှင့် မပေါင်းလိုလျှင် မိမိဆန္ဒအရ အချိန်မရွေး ခွဲထွက်နိုင်သည်။
  • မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်က ကွန်ဖက်ဒရေးရှင်စနစ်ကို ဖက်ဒရယ်ဟု ပုံမှားရိုက်၍ ဖက်ဒရယ်စနစ်ကို ကျင့်သုံးလျှင် နိုင်ငံတော်နယ်နမိတ် ပျက်ပြားမည်ဟု ဝါဒဖြန့်သည်။ တိုင်းရင်းသားတို့တောင်းဆိုနေသည့် ဖက်ဒရယ်စနစ်သည် ခွဲထွက်ပိုင်ခွင့်ရှိသော်လည်း ပြည်ထောင်စုကြီးက ခွင့်ပြုမှသာ ခွဲထွက်နိုင်သည်။ မိမိဆန္ဒအရ ခွဲထွက်ပိုင်ခွင့်မရှိ၊ ပြည်နယ်အများ၏အဆုံးအဖြစ်အရသာ ခွဲထွက်နိုင်သည့် ဖက်ဒရယ်စနစ်သည် စစ်မှန်သည့် ပြည်ထောင်စုမူဖြစ်သည်။ 
  • မြန်မာအစိုးရနှင့်မြန်မာ့တပ်မတော်တို့သည် စစ်မှန်သော ပြည်ထောင်စုမူကို ကျင့်သုံးလိုဟန်မရှိသဖြင့် ဖက်ဒရယ်စနစ်ကို ကွေစီဖက်ဒရယ် (သို့) တစ်မတ်သားဖက်ဒရယ်နှင့် အစားထိုးချင်သည်။ ထို့ကြောင့် စစ်မှန်သည့် ဖက်ဒရယ်စနစ်ကို ကွန်ဖက်ဒရေးရှင်းနှင့် ပုံမှားရိုက်ပြီး အဆင့်ကို လျှော့ချကာ ဖက်ဒရယ်မကျတကျ ကွေစီဖက်ဒရယ်စနစ်ကိုကား စစ်မှန်သည့် ဖက်ဒရယ်စနစ်ဖြစ်သည်ဟု ပုံမှားရိုက်ရန် ကြိုးစားသည်။ ၂၀၀၈-ခုကို ပြင်ဆင်မရေးခဲ့လျှင် ဗဟိုအစိုးရကြိုးကိုင်သည့် တစ်မတ်သားဖက်ဒရယ်စနစ်သာ အလွန်ဆုံး ရနိုင်သည်။

ကြည့်သောသူ မြင်၏

မြန်မာအစိုးရက ခွဲမထွက်ရကိစ္စကို တသွင်သွင်ပြောနေချိန်တွင် မြန်မာ့တပ်မတော်က ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းခြင်းကို ငြင်းပယ်နေခဲ့သည်။ မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်တို့နှင့် ပူးပေါင်း၍ အတိုက်အခံအချို့နှင့် တိုင်းရင်းသားအချိုံ့တို့လည်း ရောယောင်၍ တိုင်းဒေသကြီး(၇)ခုကို ဗမာပြည်နယ်ဖွဲ့စည်းခြင်းမပြုဘဲလည်း ဖက်ဒရယ်စနစ်ကို ရအောင် တည်ဆောက်နိုင်သည်ဟု သံယောင်လိုက်ကြသည်။ မြန်မာ့တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများလိုက်နာရန် စည်းကမ်း(၆)ချက်တွင် ၂၀၀၈-ခုဥပဒေကို လိုက်နာရန်ဟု ထည့်သွင်းထားခြင်းမှာလည်း သူတို့၏ အပစ်ရပ်ရွယ်ချက်ကို ကွက်ကွက်ကွင်းကွင်း သိမြင်နိုင်သည်။ စစ်မှန်သည့် ဖက်ဒရယ်စနစ်ကို အိပ်မက်မျှပင် မက်ခွင့်မရှိသေး။ ကြည့်သောသူသည် မြင်၏။ မြင်သူသည် အပစ်ရပ်နောက်ကွယ်၌ ကောင်းကျိုး ဘာမှ မရှိမှန်း တွေ့၏။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။