Wednesday, November 6, 2013

လိုင်ဇာ ကုန်စိမ်းဈေးမီးလောင် ဆိုင်ခန်း ၂၀ ကျော်ပျက်စီး

(ကချင်သတင်းဌာန)

ကချင်ပြည် တရုတ် နယ်စပ် ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ တွင် နိုင်ဝင်ဘာလ (၅)ရက်နေ့ ညနေပိုင်း ၇ နာရီ ၅မိနစ်ခန့်တွင် ကုန်စိမ်းဈေး မီးလောင် ကျွမ်းမှုဖြစ်ပွားပြီးဈေးဆိုင် (၂၀)ကျော် ပျက်စီးကာ အခြားဈေးဆိုင် များပါ အနည်းအကျဉ်း ထိခိုက်သွား ခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သောနေရာသို့ တာဝန်ရှိ မီးသတ်မော်တော်ယာဉ်များက အလျင်အမြန် ရောက်ရှိလာပြီး (၂၅) မိနစ်ခန့်အကြာ ၄င်းဈေးအား မီးငြိမ်းသတ်ခဲ့ခြင်းဖြစ်ကြောင်း လိုင်ဇာ ဒေသခံများပြောသည်။



မီးလောင်ကျွမ်းမှုကြောင့် ကုန်စိမ်းဆိုင်၊ ကုန်စုံဆိုင်များမှ ဆီ၊ ဆား၊ ပဲ အစရှိသည့်မီးဖိုချောင်သုံးကုန်များ လောင်ကျွမ်းသွားခဲ့ပြီး အထည်ဆိုင်အချို့မှ ကချင်ရက်လုပ်ထည် လုံချည်၊ အထည်များဆုံးရှုံးသွားခဲ့ကြောင်း ဈေးသည်များမှသိရသည်။

“ဒီနှစ်မှပဲ ဆိုင်ပြန်ဆောက်ထားတာ အခုမီးပြန်လောင်သွားတော့ သေလိုက်ချင်တယ်”  ဟုဆိုင်ရှင်တဦးက ညည်းတွားပြောဆိုနေသည်။

ထိုသို့မီးလောင်မှုဖြစ်ပွားရခြင်းကို ဒေသခံများက သေချာမသိရသေးသော်လည်း ထိုဈေးတွင် လျှပ်စစ်မီးတပ်ဆင်ထားသည်မှာ မကြာသေးသောကြောင်း မျက်မြင်တဦးကသုံးသပ်ပြောဆိုသည်။

“မီးလောင်ပြီးငါးမိနစ်အကြာလောက်မှာမီးသတ်ကားတွေ ရှေ့ဆင့်နောက်ဆင့်ရောက်လာပြီး၊ မီးငြိမ်းသတ်လိုက်ကြတယ်၊ ကုန်စိမ်းဈေးထဲမှာ မီးရတာ ရက်ပိုင်းလောက်ပဲရှိသေးတယ်၊ အခုစလောင်တယ်လို့ခန့်မှန်းတဲ့ အထည်ဈေးဆိုင်နားလေးမှာ မီးခလုတ်ဆင်ထားတယ်၊ အဲဒီကနေရှော့ဖြစ်ပြီး လောင်သွားတာဖြစ်နိုင်တယ်” ဟုပြောသည်။

၎င်းဈေးအတွင်းသို့ရောင်းချနေသော အထည်ဈေးဆိုင်များကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO စည်ပင်ဌာနမှလည်း ဈေးကြီးသို့ပြောင်းရွှေ့ ရန်ထုတ်ပြန်ထားခြင်းဖြစ်သော်လည်း ပြောင်းရွှေ့ခြင်းမရှိသေးခင် ထိုသို့အထည်ဆိုင်မှ စတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခြင်းဖြစ်ကြောင်း တာဝန်ရှိရဲတပ်ဖွဲ့ဝင်တဦးကဆိုသည်။

အဆိုပါမီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့များက အတည်ပြု စစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်ကြောင်းသိရသည်။

ထိုဈေးတွင် ကုန်စိမ်းရောင်းဆိုင်များသာဖြစ်ပြီး ၄င်းတွင် ကချင်ပြည်နယ် စစ်ရေးပဋိပက္ခများကြောင့် ဒုက္ခသည်များလည်း အခြေအနေအရ ရောင်းဝယ်မှုများပြုလုပ်နေသောဈေးလည်းဖြစ်သည်။

အဆိုပါ ကုန်စိမ်းဈေးဆိုင်ဖွင့်ချိန်သည် နံနက် ၆နာရီမှ  ညနေ ၆ နာရီ ဖြစ်ပြီး ညတွင် အစောင့်အချို့က အလုပ်လုပ်ကြောင်းသိရသည်။

လိုင်ဇာမြို့ဈေးကြီးတွင် လွန်ခဲ့သော ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင်လည်း မီးလောင်မှုဖြစ်ပွား ခဲ့ပြီး ဈေးဆိုင်အများအပြား ဆုံးရှုံးခဲ့ရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။