Wednesday, November 6, 2013

မြစ်ကြီးနားဆွေးနွေးပွဲ ငြိမ်းချမ်းရေးအတွက် အဖြေမထွက်ဘဲ တစ်ခန်းရပ်

(Mizzima)

မြစ်ကြီးနားတွင် ကျင်းပလျှက်ရှိသည့် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးပွဲတွင် နှစ်ဖက်တင်ပြလာသော မူဘောင်နှစ်ခုမှ ကွဲလွဲချက်များကို ဒီဇင်ဘာတွင် ကရင်ပြည်နယ် ဘားအံမြို့၌ ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးဆန့်အောင်က မဇ္ဈိမကို ပြောသည်။

"နှစ်ဖက်မူကြမ်းတွေက ညှိနှိုင်းစရာတွေရှိနေသေးတဲ့အတွက် ထပ်ဆွေးနွေးလို့မပြီးနိုင်တဲ့အနေအထားရှိပါတယ်။ အစိုးရရဲ့မူကြမ်းကို ဒီနေ့ဖတ်တော့ အဲဒီ့မှာ အထားအသိုလေးတွေက လိုင်ဇာသဘောတူညီချက်နဲ့ ကွာဟနေတာလေးတွေ ရှိနေတော့ နှစ်ဘက်လုံး ညှိရမယ့် အနေအထားဖြစ်တယ်"ဟု ဦးဆန့်အောင်က ပြောသည်။


ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များ ဆွေးနွေးပွဲတွင် အစိုးရဘက်မှချမှတ်ထားသော 'ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လက်နက်ကိုင်တိုင်းရင်းသားများအကြား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(မူကြမ်း)' အချက် ၁၅ချက်ကို တင်ပြပြီး တိုင်းရင်းသားများဘက်မှ လိုင်ဇာညီလာခံတွင် ဘုံသဘောတူညီထားသည့် ၁၁ချက်ကို တင်ပြခဲ့သည်။

ထိုအချက်များတွင် နှစ်ဖက်ကွဲလွဲမှုများရှိနေခြင်းကြောင့် ယခုဆွေးနွေးပွဲ၌ ဆက်လက်ဆွေးနွေးနိုင်ခြင်းမရှိဘဲ နှစ်ဖက်မူဘောင်များကို ဖလှယ်ခြင်းသာ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲကို နိုဝင်ဘာလ ၅ရက် နေ့လည် ၁၂နာရီခန့်တွင် အဆုံးသတ်လိုက်သည်။ ဆွေးနွေးပွဲအပြီးတွင် အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ ပူးပေါင်းကာ အချက်ခြောက်ချက်ပါသော ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် နိုင်ငံရေးသဘောတူညီချက် ရရှိရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်များ၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်းကို သဘောတူညီသည်ဟု ပါရှိသည်။ ထို့အပြင် နှစ်ဖက်တင်ပြသည့် မူဘောင်များကို ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ် ဘားအံမြို့တွင် ပြန်လည်တွေ့ဆုံ ဆွေးနွေးရန်နှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများ အမြန်ဆုံးကျင်းပနိုင်ရန် နှစ်ဖက်အဖွဲ့အစည်းများက သဘောတူညီသည်ဟု ပါရှိသည်။

"အဓိကက Process လို့ခေါ်ပါတယ်။ နှစ်၆၀ကျော်တိုက်လာတဲ့ ပဋိပက္ခတစ်ခုကို တစ်ရက်တည်းနဲ့တော့ ပြီးအောင်လုပ်လို့ မရဘူးပေါ့။ ဒါကိုနှစ်ဖက်လုံးကလက်ခံတယ်။ ဒါ့ကြောင့် အဆင်ပြေတယ်လို့တော့ ခေါ်လို့ရတယ်။ ထူးခြားချက်ကတော့ တစ်ဖက်နဲ့တစ်ဖက် အာမခံတယ်။ အပစ်ရပ်လက်မှတ်မထိုးထားတဲ့ KIOနဲ့တောင် ဆွေးနွေးနိုင်တာဟာ အရမ်းကို Positive ဖြစ်တယ်။"ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နည်းပညာအထောက်အကူပြု အဖွဲ့ဝင် ဦးညိုအုန်းမြင့်က မဇ္ဈိမကို ပြောသည်။

ယခုဆွေနွေးပွဲသည် နှစ်ဖက်တင်ပြလာသော နိုင်ငံရေးမူဘောင်များအပေါ်တွင် ညှိနှိုင်းရန် လိုအပ်နေသေးသော်လည်း ယင်ခင်ထက် တိုးတက်မှုများစွာရှိသည့် တွေ့ဆုံမှုတစ်ခုဖြစ်သည်ဟုလည်း ဒု-ဗိုလ်ချုပ်ကြီးမြင့်စိုးက နိုဝင်ဘာလ ၄ရက်တွင် ပြောကြားခဲ့သေးသည်။

ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ မဂျယ်ခန်းမတွင် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကေအိုင်အိုအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၄ရက်နှင့် ၅ရက်တို့တွင် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒု-ဗိုလ်ချုပ်ကြီး မြင့်စိုးတို့ တက်ရောက်ခဲ့သည်။ တိုင်းရင်းသားခေါင်းဆောင်များဘက်မှ ကေအိုင်အိုအပါအဝင် လိုင်ဇာညီလာခံမှ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းကော်မတီဝင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တက်ရောက်ကြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။