Tuesday, November 5, 2013

မြစ်ကြီးနားဆွေးနွေးပွဲ ကျင်းပရက် ထပ်တိုးရန် လျာထား

(Mizzima)

ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးနိုင်ရန် အစိုးရမှ တင်ပြသော မူ(၁၅)ချက်နှင့် လက်နက်ကိုင် (၁၇)ဖွဲ့၏ ဘုံသဘော တူညီချက်(၁၁)ချက်၏ ခေါင်းစဉ်များ ကွဲလွဲမှုမရှိသော် လည်း အသေးစိတ် အချက်အလက်များကို ဆက်လက်ဆွေးနွေးရ မည်ဖြစ်သည့်အတွက် မြစ်ကြီးနားဆွေးနွေးပွဲ အချိန်ကို မူလသတ်မှတ်ရက် ထက် ထပ်မံတိုးမြှင့်လိုက်ရကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေ က နိုဝင်ဘာ ၄ ရက်ညနေပိုင်းတွင် မဇ္ဈိမသို့အတည်ပြုပြောကြားသည်။


မြစ်ကြီးနားမြို့မဂျွယ်ခန်းမတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သောအဖွဲ့နှင့်လက်နက်ကိုင်အဖွဲ့ (၁၈)ဖွဲ့တို့၏ ပြည်လုံးကျွတ် အပစ်ခက်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကို နိုဝင်ဘာ (၄)ရက် နှင့်(၅)ရက်တို့တွင် ဆွေးနွေးသွားမည်ဟု သတ်မှတ်ထားသော်လည်း နိုဝင်ဘာ(၄) ရက်ဆွေးနွေးမှုများအရ နှစ်ဘက်တင်ပြလာသည့်မူများနှင့် ဘုံသဘောတူညီချက်များအား အသေးစိတ်ဆွေးနွေးမှုများ ပြုလုပ်ရမည်ဖြစ်ရာ နိုဝင်ဘာ(၆)ရက်အထိ ဆက်လက်ဆွေးနွေးသွားရန် လျာထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ငြိမ်းချမ်းရေးဗဟိုကော်မတီက နိုဝင်ဘာလကုန် ပြည်လုံးကျွတ်အပစ်ရပ်ရေး လက်မှတ်ရေးထိုးနိုင်ဖို့ မှန်းထားတယ်။လက်နက်ကိုင်တွေ သဘောတူနိုင်တဲ့အထိ ညှိနှိုင်းသွားဖို့ရှိပါတယ်။ဆွေးနွေးပွဲမှာ နားလည်မှု ရှိရမယ်။အခုနှစ်ဘက်အချက်တွေအရတော့ ညှိနှိုင်းရင်း မပြေလည်စရာမရှိဘူးလို့ သုံးသပ်လို့ရတယ်။ တစ်ခုရှိတာက အစိုးရက အပစ်ရပ်ရေးကို အမြန်သွားဖို့၊ ပြီးရင် နိုင်ငံရေးမူဘောင်အစည်းအဝေး၊ ပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲကို သွားမယ်ဆိုတဲ့ မူရှိတယ်။ လက်နက်ကိုင်တွေဘက်က နိုင်ငံရေးမူဘောင်ကို အရင်သွားချင်တယ်။ ဒီသဘောတော့ရှိတယ်”ဟု ဦးလှမောင်ရွှေက ဆိုသည်။

လက်နက်ကိုင်အဖွဲ့များမှ နိုင်ငံရေးအရ အာမခံချက်ရှိပြီးမှသာ အပစ်အခက်ရပ်စဲရေးအပေါ် ယုံကြည်မှုရှိမည်ဟူသော သဘောထားရှိကြောင်း လက်နက်ကိုင်အဖွဲ့များက ထုတ်ဖော်ပြောကြားထားမှုများလည်း ရှိခဲ့သည်။

နှစ်ဖက်တင်ပြဆွေးနွေးချက်များတွင် နှစ်ဖက်အခြေအတင် ဆွေးနွေးရမည့်အချက်များရှိ၊ မရှိကို အသေးစိတ်
ဆွေးနွေးချက်များ အဖြေဖြင့်အဖြေရှာမှသာ သိနိုင်မည်ဖြစ်ပြီး နိုဝင်ဘာ(၄) ရက် ပထမနေ့ဆွေးနွေးပွဲတွင် လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်များမှ ပထမအချက်ဖြစ်သည့် အခြေခံမူများမှ ခေါင်းစဉ်ငယ်(၁၀)ခုကို ဆွေးနွေးခဲ့ပြီး (၉)ခုကို အစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့က သဘောတူညီခဲ့သည်။


“ဒီနေ့ အခြေခံမူများဆိုတဲ့ဟာမှာ လက်နက်ကိုင်တွေဘက်က ခေါင်းစဉ်ငယ် (၁၀)ခု ဆွေးနွေးတယ်။ အဲ့ဒီ ခေါင်းစဉ်ငယ် (၁၀)ခုက ကိုးခုကို ဒီဘက်က သဘောတူခဲ့တယ်။ သဘောတူတယ်ဆိုတာ ခေါင်းစဉ်ငယ်တွေချည်းကို သဘောတူတာပါ။ အထဲက အချက်တွေ မပါသေးပါဘူး”ဟု ဦးလှမောင်ရွှေက ပြောသည်။

မြစ်ကြီးနားမြို့တွေ့ဆုံပွဲပထမနေ့နံ နက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ၁၂ ဦးမှ အဖွင့်စကားများပြောကြားပြီး နေ့လည်ပိုင်းတွင် လိုင်ဇာထိပ်သီးဆွေးနွေးပွဲမှ ဖွဲ့စည်းလိုက်သည့် လိုင်ဇာထိပ်သီးဆွေးနွေးပွဲ၏ ဘုံသဘောတူညီချက်နှင့်သဘောထားရပ်တည်ချက်များကို ဆက်လက်ညှိနှိုင်းရေး အဖွဲ့၁၄ ဦးကော်မတီနှင့်ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လိုင်ဇာထိပ်သီးဆွေးနွေးပွဲမှ တိုင်းရင်းသားလက်နက်ကိုင် (၁၇) ဖွဲ့၏ ဘုံသဘောတူညီချက်(၁၁)ချက်မှာ “(၁) အခြေခံမူများ၊ (၂) ရည်ရွယ်ချက်များ၊ (၃) နှစ်ဘက်လက်ခံနိုင်သော နိုင်ငံရေးလမ်းပြမြေပုံချမှတ်ခြင်း၊ (၄) တစ်နိုင်ငံလုံး အပစ်အခက်ရပ်စဲရေးတွင် အဓိကပါဝင်ရမည့် အချက်များ၊ (၅) အကောင်အထည်ဖော်မှု၊ (၆) ယုံကြည်မှုတည်ဆောက်ရေးနှင့် စပ်လျဉ်းသည့် ပါဝင်ရမည့်အချက်များ၊ (၇) မတရားအသင်းမှ ပယ်ဖျက်ပေးရေးနှင့် စပ်ဆက်အကြောင်းအရာများ၊ (၈) ဆွေးနွေးရေးကာလအစီအစဉ်များ၊ (၉) လက်မှတ်ရေးထိုးခြင်း၊ (၁၀) အတည်ပြုခြင်းစသည်တို့ ပါဝင်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။