Thursday, October 10, 2013

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွင် KIO ပါဝင်နိုင်ရန် ကြိုးပမ်းမည်

(Mizzima)

ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် အစိုးရတပ်မတော်တို့အကြား အနှစ် ၆၀ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၁၀ ရက်တွင် တစ်ပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်များ ရပ်တန့်နိုင်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွင်လည်း ပါဝင်နိုင်ရန် ပူးပေါင်းကြိုးပမ်းမည်ဟု
မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)မှ ယနေ့ထုတ်ပြန်လိုက်သည်။

KIO အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွင် ပါဝင်နိုင်ရန် ကြိုးပမ်းမည်ဟုဆိုသော်လည်း လက်မှတ်ရေးထိုးမည်၊ မရေးထိုးမည်ကိုမူ ပြောကြားထားခြင်းမရှိပေ။


တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာလထဲတွင် ကျင်းပမည်ဟုလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက စက်တင်ဘာလထဲတွင် ပြောကြားခဲ့သည်။

အစိုးရနှင့် KIOတို့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမတွင် သုံးရက်ကြာ တွေ့ဆုံ
ဆွေးနွေးမှုအပြီး နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်ကိစ္စများ၊ ကေအိုင်အိုမှ တောင်းဆိုထားသည့် တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံ ကျင်းပရန်၊ စစ်ရှိန်လျော့ကာ တိုက်ပွဲများ မဖြစ်ပွားရေး ပူးတွဲ
စောင့်ကြည့် ကြီးကြပ်ရေးကော်မတီဖွဲ့ရန်၊ ရွှေ့ပြောင်းဒုက္ခသည်များ နေရပ်ပြန်နိုင်ရန်စသည့် အချက်ငါးချက်ကို သဘောတူညီမှု ရရှိခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)တို့သည် အစိုးရသစ်တက်လာ
ပြီးနောက်ပိုင်း ၂၀၁၁ ခုနှစ် ဇွန်လမှစတင်ကာ တွေ့ဆုံဆွေးနွေးမှု ၁၆ ကြိမ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ သဘောတူညီမှု ရရှိခဲ့သည်။ KIO နှင့် ၁၉၉၄ခုနှစ်က ပဏာမအပစ်ရပ်လက်မှတ်ထိုးခဲ့သော်လည်း တိုက်ပွဲများ
ပြန်လည်ဖြစ်ပွားခဲ့သည်။

ဆွေးနွေးမှုတွင် KIO ဘက်မှ ဆရာကြီး ဦးဆွမ်းလွတ်ဂမ်း ဦးဆောင်၍ စစ်ဘက်မှ ဗိုလ်ချုပ်ဂွမ်မော်တို့ အပါအ၀င် ရှစ်ဦး တက်ရောက်ခဲ့သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ၀န်ကြီး ဦးအောင်မင်း၊ ၀န်ကြီး ဦးအုန်းမြင့်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း၊ စစ်တပ်ဘက်မှ ဒုဗိုလ်ချုပ်ကြီး မြင့်စိုး၊ မြောက်ပိုင်းတိုင်းစစ်
ဌာနချုပ်မှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ အရှေ့မြောက်တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး၊ ဒု-၀န်ကြီးချုပ် ဗိုလ်ချုပ်
မောင်မောင်အုန်း၊ အထူးရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကချင်ပြည်နယ် နယ်စပ်ဝန်ကြီးဗိုလ်မှူးကြီး သန်းအောင်၊ စစ်ရုံးချုပ် ဗိုလ်မှူးကြီး ကျော်စိုးဝင်းနှင့် MPC အဖွဲ့ဝင်များအပါအ၀င် ၁၇ ဦး တက်ရောက်ခဲ့သည်။

အလားတူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အထူးသံအဖွဲ့၊ အခြား တိုင်းရင်းသား လက်နက်ကိုင်များဖြစ်သော ကရင်၊ ရှမ်း တောင်/မြောက်၊ ၀၊ မွန်၊ ကယား၊ ပအိုဝ့်၊ ချင်း၊ မိုင်းလား၊ ပလောင်နှင့် ABSDF စသည့် အဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီ အချို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။