Monday, October 7, 2013

KIO နှင့် အစိုးရတို့ ရရှိထားသည့် သဘော တူညီချက် ပြန်လည် သုံးသပ်ပွဲ ကျင်းပ

(ရွှေဟင်္သာသတင်းဌာန)

အောက်တိုဘာလ (၈) ရက်နေ့မှ စတင်၍ သုံးရက်ကြာ မြစ်ကြီးနားမြို့ မဂျွှယ် ခန်းမ၌ ကျင်းပမည့် KIO နှင့် အစိုးရ ကိုယ်စားလှယ် တို့၏ ဆွေးနွေး ပွဲအား တက်ရောက် ရန်အတွက် အဖွဲ့ အစည်း အသီးသီး၏ ခေါင်းဆောင်များ မြစ်ကြီးနား မြို့သို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်း ခေါင်းဆောင် များက ပြောသည်။

KIO အဖွဲ့၏ တွေ့ဆုံ ဆွေးနွေးရေး အဖွဲ့အား ဆရာ ဇွန်လွတ်ဂမ်က ဦးဆောင်၍ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ ဗိုလ်မှူးကြီး လဖိုင် ဇော်ရော်၊ ဗိုလ်မှူကြီး ဇော်တောင်တို့ အပါအဝင် တွေ့ဆုံ ဆွေးနွေးရေး ကိုယ်စားလှယ် (၈) ဦးတို့ အပြင် အခြား အဆင့် ကိုယ်စားလှယ် များလည်း တက်ရောက် ကြမည် ဖြစ်သည်။


ထို့ပြင် ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီးယားနှင့် ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် လက်ထောက် အကြံပေး အရာရှိ မစ္စစ် မာရီယန် ဟေဂန် တို့လည်း အဆိုပါ ဆွေးနွေးပွဲ တက်ရောက်ရန် အတွက် ယမာန်နေ့ ကပင် မြစ်ကြီးနားသို့ ရောက်ရှိ နေပြီ ဖြစ်သည်။ အလားတူ တရုတ် နိုင်ငံမှ လေ့လာသူ အဖြစ် ကိုယ်စားလှယ် (၅) ဦး တက်ရောက်ရန် ရှိနေပါသည်။

မြန်မာ့ ငြိမ်းချမ်ရေး စင်တာမှ တွေ့ဆုံ ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စု ငြိမ်းချမ်ရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ဦးဆောင်၍ ကာကွယ်ရေး ဦးစီးချုပ်၏ အထူး အာဏာ လွှဲအပ်ခြင်း ခံရသည့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး အပါအဝင် ကိုယ်စားလှယ် (၂၆) ဦး ယနေ့တွင် မြစ်ကြီးနားသို့ လေကြောင်း ခရီးဖြင့် ရောက်ရှိ နေပြီ ဖြစ်ကြောင်း ဦးညိုအုန်းမြင့်က ပြောသည်။

ယခု တစ်ကြိမ် ပြုလုပ် ကျင်းပသည့် နှစ်ဖက် တွေ့ဆုံပွဲအား ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အလုပ်အဖွဲ့မှ ဦးညိုအုန်းမြင့်က KIO နှင့် UPWC တို့၏ ပြည်ထောင်စု အဆင့် တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်သည်ဟု ပြောသည်။ သို့သော်လည်း KIO ၏ နည်းပညာ အထောက် အကူပြု အဖွဲ့ ပြောရေး ဆိုခွင့် ရှိသူ ဆရာ ဒေါင်းခါးမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီနှင့် KIO တို့၏ ရရှိ ထားသော သဘော တူညီချက် များကို ပြန်လည် သုံးသပ်သည့် တွေ့ဆုံ ပွဲသာ ဖြစ်သည်ဟု ဆိုပါသည်။

ယခု အကြိမ် ဆွေးနွေး ပွဲသည် ပြီးခဲ့သည့် မေလ ကုန်၌ နှစ်ဖက် ကိုယ်စား လှယ်များ မြစ်ကြီးနား မြို့၌ တွေ့ဆုံ ခဲ့ကြစဉ် နှစ်ဖက် သဘောတူ ထားသည့် အချက် (၇) ချက်အား ပြန်လည် သုံးသပ် ဆွေးနွေးရန် ရှိကာ အဓိက အကြောင်း အရာ (၅) ခု ဖြစ်သည့် နှစ်ဖက် တပ်နေရာ ချထားရေး၊ အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်ရေး၊ ဒုက္ခသည် ပြန်လည် နေရာချထားရေး၊ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရေး၊ တပြည်လုံး အတိုင်းအတာ အပစ် အခတ် ရပ်စဲရေး ကိစ္စရပ် များအား သုံးသပ် ဆွေးနွေးရန် ရှိနေ ပါသည်။

ယင်းဆွေးနွေးပွဲသို့ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၁) ဖွဲ့အား တက်ရောက်ရန် အတွက် ဖိတ်ကြား ထားပါသည်။ ထိုထဲမှ အဖွဲ့ (၈) ဖွဲ့မှ ကိုယ်စား လှယ်များ မြစ်ကြီး နားသို့ ရောက်ရှိ နေပြီး ဖြစ်ကြောင်းလည်း ဆရာ ဒေါင်းခါးက ပြောသည်။ ထို့ပြင် မြစ်ကြီးနား မြို့အခြေစိုက် တရားဝင် နိုင်ငံရေး ပါတီ (၉) ခုမှ ကိုယ်စားလှယ် များအားလည်း လေ့လာသူ အဖြစ် တက်ရောက်ရန် ဖိတ်ကြား ထားပါသည်။

မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ဥက္ကဋ္ဌ ရဲဘော် သံခဲနှင့် မြောက်ပိုင်း ဥက္ကဋ္ဌ ဦးလာဆိုင်းသို့ တက်ရောက်မည် ဖြစ်ကြောင်း ကျောင်းသား တပ်မတော် မြောက်ပိုင်းမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း တပ်မတော်မှ ဗိုလ်မှူးကြီး စိုင်းလနှင့် အခြား ကိုယ်စားလှယ် (၁) ဦး ပေါင်း (၂) ဦး တက်ရောက်မည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦးမှ စစ်ဦးစီးချုပ်နှင့် အခြား ကိုယ်စားလှယ် (၁) ဦး ပေါင်း (၂) ဦး တက်ရောက်မည် ဖြစ်ကြောင်း အတွင်းရေးမှူး ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော် က ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၁) ဖြစ်သည့် KNU, KNPP, CNF, NMSP, SSPP/SSA, RCSS/SSA, UWSP, NDAA (မိုင်းလား), PSLF/TNLA, PNLO, ABSDF အဖွဲ့များတို့ တက်ရောက်ရန်ရှိပြီး လေ့လာ သူများ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် (၁၀၀) နီးပါး တက်ရောက် ကြမည် ဖြစ်သည်။

သို့သော်လည်း ယခု ဆွေးနွေးပွဲ စတင် တော့မည့် အချိန် အထိ KIA ထိန်းချုပ် ဒေသ ဗဟို ဌာနချုပ်ဂွင် တပ်မဟာ (၅) ဧရိယာနှင့် ဗန်းမော်ခရိုင် တပ်မဟာ (၃) ဒေသ တို့၌ အစိုးရ တပ်၏ စစ်ရေး လှုပ်ရှား မှုများ ရှိနေ ခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ၌လည်း နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွား ခဲ့ကြ ပါသည်။ ထိုအခြေ အနေ များသည် ယခု ဆွေးနွေးပွဲ အတွက် စိန်ခေါ် ချက်များ ဖြစ်နေ နိုင်သည်ဟု နယ်စပ် အခြေစိုက် စစ်ရေး သုံးသပ်သူ တဦး ဖြစ်သည့် ဦးအောင်ကျော်ဇောက ဆိုပါသည်။

ယခု ဆွေးနွေး ပွဲသည် ပြီးခဲ့သည့် မေလကုန် ဆွေးနွေးပွဲမှ ရရှိ ထားသည့် သဘော တူညီ ချက်ကို ဒုတိယ အကြိမ် ပြန်လည် သုံးသပ်သည့် ဆွေးနွေးပွဲဟု KIO ဘက်က ဆိုပြီး ယခု အကြိမ် အပါအဝင် အစိုးရ ကိုယ်စားလှယ် များနှင့် တရားဝင် (၉) ကြိမ်နှင့် အလွတ် သဘော (၅) ကြိမ်ခန့် တွေ့ဆုံ ခဲ့ကြပြီး ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။