Tuesday, October 8, 2013

KIO နှင့် အစိုးရတို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် KIO ၏ အခန်းကဏ္ဍကို အဓိကထား ဆွေးနွေးမည်

(Mizzima)

အစိုးရ နည်းပညာ အထောက်အကူပြု အဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့၏ သုံးရက်ကြာ ငြိမ်းချမ်းရေး
ဆွေးနွေးမှုအတွင်း အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များကို KIO ပါဝင်နိုင်မှု အခန်းကဏ္ဍကို အဓိကထား ဆွေးနွေးသွား
မည်ဟု KIO အလုပ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးက ပြောသည်။


"တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုတဲ့အထဲမှာ ကေအိုင်အိုက ဘယ်ပုံဘယ်နည်းနဲ့ လုပ်ဆောင်သွားမယ်။ အစီအစဉ် ဘယ်လို ရှိတယ်ဆိုတာ မေးထားတယ်။ ခုချိန်ထိတော့ မသိသေးဘူး။ ဆွေးနွေးတဲ့ထဲမှာ ဒါတွေ ပါလာမယ်။နောက်ပိုင်း မှာ ဘာဆက်လုပ်မယ်။ အစိုးရဘက်ကတော့ နိုင်ငံရေး ဆွေးနွေးမယ်ဆိုတာ ပြောနေပါတယ်။ ဘယ်ပုံဘယ်နည်းနဲ့
လုပ်မယ်ဆိုတာ အရေးကြီးပါတယ်။ လူထုရော၊ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ရှင်းရှင်းလင်းလင်း သိပြီးတော့ ဆုံးဖြတ်ချက် ချနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒီအဆင့်ကို ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ"ဟု မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းတွင် ပြုလုပ်မည်ဖြစ်ပြီး အောက်တိုဘာ ၈ ရက်မှ ၁၀ အထိ သုံးရက်တာ ကျင်းပမည်ဖြစ်သည်။ ဆွေးနွေးပွဲသို့ တက်ရောက်ရန် KIO ဘက်မှ ဆရာကြီး ဦးဆွမ်းလွတ်ဂမ် ဦးဆောင်သော ကိုယ်စားလှယ် ၈ ဦးအပါအဝင် ရုံးအဖွဲ့ဝင်များ စုစုပေါင်း ၅၃ ဦး စက်တင်ဘာ ၇ ရက်က မြစ်ကြီးနားသို့
ရောက်ရှိနေပြီဖြစ်သည်။

ဆွေးနွေးပွဲအတွင်း KIO ဘက်မှ ဆရာကြီး ဦးဆွမ်းလွတ်ဂမ် ဦးဆောင်သော ကိုယ်စားလှယ်များ၊ စစ်ဘက်မှ ဗိုလ်ချုပ် ဂွမ်မော် အပါအဝင် ၈ ဦးတို့ တက်ရောက် ဆွေးနွေးမည်ဖြစ်သည်။

ထို့ပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များကလည်း မြစ်ကြီးနားသို့ ရောက်ရှိနေပြီးဖြစ်သည်။ ဆွေးနွေးပွဲအတွင်း ဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ ဝန်ကြီး ဦးအုန်းမြင့်၊ ဝန်ကြီး ဦးခင်မောင်စိုး၊ ဝန်ကြီး ဦးဝင်းထွန်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း စသည့် ဝန်ကြီး ငါးဦးနှင့် အစိုးရ စစ်ဘက်ဆိုင်ရာမှ ဒုဗိုလ်ချုပ်ကြီး မြင့်စိုး၊ မြောက်ပိုင်းတိုင်းစစ်
ဌာနချုပ်မှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ ဗိုလ်ချုပ် အောင်စိုး၊ နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းတို့ အပါအဝင် MPC အဖွဲ့ဝင်များ စုစုပေါင်း ၁၇ ဦး တက်ရောက်မည် ဖြစ်သည်။

အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပလောင်ပြည်နယ် လွတ်လပ်ရေးတပ်ဦး PSLF၊ ဝ ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSPနှင့် ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP တို့မှ ကိုယ်စားလှယ် အချို့လည်း ဆွေးနွေးပွဲ တက်ရောက်မည်ဖြစ်သည်။

ယင်းအပြင် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယား၊ လက်ထောက် မာရီယမ်တို့
လည်း တက်ရောက်မည်ဖြစ်ကာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ သံအမတ်များလည်း တက်ရောက်မည် ဖြစ်သည်။ တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၁ ဖွဲ့နှင့် နိုင်ငံရေးပါတီ ၇ ပါတီ တို့မှ ကိုယ်စားလှယ်တို့လည်း
ဆွေးနွေးပွဲ တက်ရောက်မည်ဖြစ်သည်။

ယခုလ ၂ ရက်နှင့် ၃ ရက်နေ့များတွင် KIO နှင့် အစိုးရ နည်းပညာ အထောက်အကူပြုအဖွဲ့များ အကြိုညှိနှိုင်းဆွေးနွေးခဲ့
သော စစ်ပြေးဒုက္ခသည်များအရေး မူတခု ချမှတ်နိုင်ရန်၊ စစ်တပ်ပိုင်းဆိုင်ရာတွင် Join Monitoring Committee (ပူးပေါင်း စောင့်ကြည့်ရေး ကော်မတီ) မူတခုချမှတ်နိုင်ရေး၊ နှစ်ဖက် တပ်များပြမြေပုံ မှတ်တမ်းတင်ရေးတို့ကိုလည်း သုံးရက်တာ ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးမည်ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။