Friday, October 18, 2013

မန်စီမြို့နယ်တွင် အစိုးရနှင့် KIA တိုက်ပွဲ ထပ်မံ ဖြစ်ပွားဟုဆို

(Mizzima)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း အစိုးရ၏စစ်ကြောင်းများ ၀င်ရောက်လာသဖြင့် ကချင် လွတ်လပ်ရေးတပ်မတော် KIA ၏ တပ်မဟာ(၃) လက်အောက်ခံတပ်ဖွဲ့တို့နှင့် အောက်တိုဘာ ၁၆ ရက်က တိုက်ပွဲ
နှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု KIA မှ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

စစ်သည်အင်အား ၁၀၀ ကျော် ပါဝင်သော အစိုးရစစ်ကြောင်းတစ်ကြောင်းသည် မန်စီမြို့နယ် မန်ကင်ရွာသို့
အောက်တိုဘာ ၁၆ ရက်တွင် ရောက်ရှိလာခဲ့ပြီး ဆက်လက် ထွက်ခွာသွားရာ ဟိုဟင်ကျေးရွာအနီးတွင် KIO တပ်ရင်း ၂၇ တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု သူက မဇ္စျိမကို ပြောသည်။


“အစိုးရစစ်ကြောင်းတစ်ကြောင်း ရောက်လာတယ်။ အဲဒီစစ်ကြောင်းကို မန်ကင်က ရွာလူကြီးတွေက အထက်ဘက် သွားရင် မဖြစ်ဘူး။ သွားရင် တိုက်ပွဲဖြစ်မယ်လို့ပြောတော့ မန်ကင်ကနေ ဆက်ထွက်သွားတယ်။ ဟိုဟင်ကနေ အထွက်မှာ နှစ်နေရာ တိုက်ပွဲဖြစ်တယ်”ဟု ဦးဒွဲပီဆားက ပြောသည်။

ထိုစစ်ကြောင်းအား မန်ဝင်းဒေသခံ ရွာလူကြီးများက အထက်သို့ ဆက်လက် မသွားရန် ပြောဆိုခဲ့သော်လည်း မန်ဝင်း အထက်ပိုင်းရှိ နယ်စပ် မှတ်တိုင်အား သွားရောက် ဓါတ်ပုံရိုက်ယူရန်နှင့် မန်ဝင်းနှင့် နမ်တောင်းအကြားရှိ ယမန်နှစ်က KIA မှ သိမ်းယူလိုက်သော ၎င်းတို့၏ စုပေါင်းဂိတ်အား သွားရောက်လို သည်ဟု ပြောဆိုကာ ဆက်လက် ထွက်ခွာ သွားသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“သူတို့ အစိုးရစစ်ကြောင်းဘက်က နယ်စပ်မှတ်တိုင်ကို ဓါတ်ပုံသွားရိုက်ယူမယ်။ နောက်ပြီး မန်ကင်နဲ့ နမ်တောင်း သွားတဲ့ လမ်းမှာရှိတဲ့ သူတို့ရဲ့စုပေါင်းဂိတ်ကို ရောက်ချင်တယ်ဆိုပြီး သွားလိုက်တာ”ဟု သူက ဆက်ပြောသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကြောင်းမှာ နမ်းခမ်းဘက် ဆုတ်ခွာသွားပြီး အစိုးရစစ်တပ်မှ နှစ်ဦး ထိခိုက်ဒဏ်ရာ ရ ခဲ့သည်ဟုလည်း သူက ပြောသည်။

ယခုလဆန်းပိုင်းမှစတင်၍ မန်စီမြို့နယ်အတွင်း အစိုးရစစ်ကြောင်းများ ၀င်ရောက်လာမှုများရှိသဖြင့် KIA တပ်များ
နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး ယခုလ ၁၄ ရက်ထိ စစ်ပြေးဒုက္ခသည် ၂၁၈ ဦးမှာ ဖန်းခါးကုန်းကျေးရွာ
နှစ်ခြင်းအသင်းတော် ဘုရားကျောင်းသို့ ထွက်ပြေးခိုလှုံနေရသည်။

ယခုလ ၈၊ ၉၊ ၁၀ ရက် သုံးရက်ကြာ ဆွေးနွေးမှုတွင် တိုက်ပွဲများ ဖြစ်ပွားမှုများ ထပ်မံမဖြစ်ပွားစေရေးကို ဆက်လက် ညှိနှိုင်းသွားရန် သဘောတူခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။