Thursday, October 3, 2013

အင်ခါးဂါးကျေးရွာ အဖြစ်အပျက်(KBC)ကိုယ်စားလှယ်များ၏ အစီရင်ခံစာ

( post by KBC)


ပူတာအို ခရိုင်၊ အင်ခါးဂါးကျေးရွာ တွင် ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ် ပွားနေကြောင်း သတင်းရရှိ သည့်နောက် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ သိက္ခာတော်ရ ဆရာခါးထုန်၊ ဒေါက်တာ လဟီ လာခါး၊ သိက္ခာတော်ရ ဆရာလမာယော်တို့နှင့် အတူ ပူတာအိုသာသနာနယ် အတွင်းရေးမှူး သိက္ခာတော်ရ ဆရာဇော်အောင်၊ သိက္ခာတော်ရ ဆရာဖုန်ဆိုင်း၊ သိက္ခာတော်ရ ဆရာကျမိုင်မင်းဂမ်နှင့် ဆရာမ ခေါန်ဂျာတို့ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့မှ စက်တင်ဘာလ (၂၅-၂၉) ရက်နေ့အတွင်း အင်ခါးဂါးကျေးရွာသို့ သွားရောက်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

သြဂတ်စ်လ (၂၈-၂၉) ရက်နေ့များတွင် မြန်မာစစ်တပ်မှ အင်ခါးဂါးကျေးရွာကို ၀င်ရောက်စီးနင်းကာ ကျေးရွာသို့ ရေလမ်း၊ ကုန်းလမ်းတို့ဖြင့် ခရီးသွားလာခြင်း မပြုလုပ်နိုင်စေရန် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သဖြင့် ဒေသခံရွာသူရွာသားများ၏ စားရေးသောက်ရေးနှင့် ဆေးဝါးကုသမှုများတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ကြရကြောင်း သိရှိရပါသည်။ အင်ခါးဂါးဒေသခံများအား သွားရောက်ကူညီထောက်ပံ့ရန် ကချင်စာပေနှင့် ယဉ်ကျေးမှုအသင်း(မန္တလေး)မှ တာဝန်ရှိပုဂ္ဂိုလ်များ ပူတာအိုသို့ ရောက်ရှိလာခဲ့သော်လည်း မြန်မာစစ်တပ် ပူတာအိုဗျူဟာမှ သွားရောက်ခွင့် မပေးခဲ့ကြောင်း၊ ပူတာအိုသာသနာနယ်၊ ရ၀မ်ယဉ်ကျေးမှုအသင်းနှင့် ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိပုဂ္ဂိုလ်များမှ အင်ခါးဂါးကျေးရွာသို့ သွာရောက်ရန် ညှိနှိုင်း ဆောင်ရွက်ခဲ့သော်လည်း ခွင့်မပြုခဲ့ကြောင်း သိရှိရပါသည်။

စက်တင်ဘာလ (၂၅)ရက်နေ့တွင် ကေဘီစီကိုယ်စားလှယ်များ ပူတာအိုသို့ ရောက်ရှိကာ ပူတာအိုဗျူဟာမှူးနှင့် တွေ့ဆုံညှိနှိုင်းခဲ့ပြီး နောက်နေ့ရက် (စက်တင်ဘာ ၂၆) တွင် မိမိတို့ ကေဘီစီကိုယ်စားလှယ်များ၊ ရ၀မ်ယဉ်ကျေးမှုအသင်း၊ ပြည်ခိုင်ဖြိုးပါတီ၊ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)၊ ရဲသတင်းတပ်ဖွဲ့ (အက်စ်ဘီ)နှင့် ရ၀မ်ပြည်သူ့စစ်တို့မှ ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့မှ စက်လှေနှစ်စီးဖြင့် အင်ခါးဂါးဒေသသို့ သွားရောက်ခဲ့ပါသည်။ အင်ခါးဂါးကျေးရွာတွင် အိမ်ခြေ (၁၉)ခုရှိပြီး လူဦးရေ (၅၃)ယောက်နေထိုင်သည့် နုန်လုံးမီကျေးရွာဖြစ်ကြောင်း သိရှိရပါသည်။ ရွာသူရွာသားများ အားလုံးမှ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းသူ၊ အသင်းသားများဖြစ်ကြပြီး၊ သိက္ခာတော်ရ ဆရာရမ်မိုင်မှ ကျေးရွာအသင်းတော်ကို ဦးဆောင်လျက်ရှိပါသည်။

ရွာသူရွာသားများမှ တောင်ယာအလုပ်ကို အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ပြီး ရွှေတူးသည့်အလုပ် လုပ်ကိုင်သူလည်း အနည်းငယ်ရှိကြောင်း သိရှိရပါသည်။ ကျေးရွာမှာ ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို) ထိန်းချုပ်နယ်မြေအတွင်း တည်ရှိကာ၊ (ကချင်သမိုင်းဝင်) ကျိုင်ခူးမဂျွယ်ဒေသမှ ဆင်းသက်လာသည့် ဒေသခံများ နေထိုင်သည့် ကျေးရွာဖြစ်ကြောင်း သိရှိရပါသည်။

မလိခမြစ်ညှာဒေသတွင် တည်ရှိသည့် အင်ခါးဂါးကျေးရွာသို့ ရောက်ရှိလာသည့် မိမိတို့ ကိုယ်စားလှယ်အဖွဲ့ကို ကျေးရွာအတွင်း တပ်စွဲနေသည့် ခမရ(၁၃၇) ဒုတိယတပ်ရင်းမှူး မျိုးမင်းထွန်း၊ ခမရ (၁၃၈) တပ်ရင်းမှူး ဇော်ထွန်းဟန်တို့နှင့် စစ်သည်များ မလိခမြစ်ကမ်းမှ ၀မ်းပန်းတသာ ကြိုဆိုခဲ့ကြပါသည်။ ဒေသခံ ရွာသူရွာသားများ ပါဝင်ခြင်း မရှိပါ။ မိမိတို့ အဖွဲ့ရောက်ရှိပြီး အချိန်အတန်ကြာသည့်နောက်မှသာ ရွာသားအချို့ကို သွားရောက်ခေါ်ယူကာ မိမိတို့ ယူဆောင်လာသည့် ကူညီကယ်ဆယ်ရေး ပစ္စည်းများကို လက်ခံ ရယူစေခဲ့ကြပါသည်။

ညပိုင်းတွင် မိမိတို့ ယူဆောင်လာသည့် ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) တိုင်းမှူးမှ ပေးပို့လိုက်သည့် ဆန်အိတ်(၂၀)တို့အား ပေးအပ်သည့် အစီအစဉ်ကို ကျေးရွာ စာသင်ကျောင်းတွင် စစ်တပ်အရာရှိများ ဦးဆောင်ကာ ပြုလုပ်ခဲ့ကြပါသည်။ ရွာသူရွာသားများမှာ ပိန်လှီခြောက်ကပ်နေကာ ကျန်းမာရေး မကောင်းသည့် သွင်ပြင်လက္ခဏာများကိုလည်း တွေ့ရှိရပါသည်။ ပြုံးရယ်ခြင်း အလျင်းမရှိသည့် အပြင် အခမ်းအနားအစီအစဉ်အတွင်း ကြိတ်မှိတ်ကာ မျက်ရည်ကျငိုကြွေးနေသည်ကိုလည်း တွေ့ရှိရပါသည်။

မိမိတို့အား ကြိုဆိုဧည့်ခံသည့် တပ်မတော်အရာရှိများမှာ လွန်စွာ ဧည့်ဝတ်ကျေပွန်ကြပါသည်။ အိပ်စက်သည့်အချိန်မှ လွှဲ၍ ကျန်သည့်အချိန်များအတွင်း အတူသွား၊ အတူလာ၊ အတူစားသောက်ကာ အနီးကပ်ပြုစု စောင့်ရှောက်ခဲ့ကြသဖြင့် ရွာသူရွာသားများနှင့် သီးသန့်တွေ့ဆုံနိုင်ခဲ့ခြင်း မရှိပါ။ မိမိတို့ ရောက်ရှိသည့် ညတွင် ကျွဲတစ်ကောင် ပေါ်ကာ ရောက်ရှိလာသည့် ဧည့်သည်တော်များနှင့် စစ်သားများအား ဧည့်ခံကျွေးမွေးခဲ့သည် သာမက ရွာသူရွာသားများကိုလည်း ဝေငှခဲ့ကြသည်။ ရွာသူရွာသားများမှ ကေဘီစီကိုယ်စားလှယ်များအား (ကချင်ထုံးဓလေ့အရ) ကျွဲပေါင်တစ်ပေါင်ဖြင့် ကျေးဇူးတင် ဂါရ၀ပြုကာ ဆုတောင်း ခံယူခဲ့ကြပါသည်။

စက်တင်ဘာလ (၂၇)ရက်နေ့ မနက်တွင် ရွာသူရွာသားများအား စာသင်ကျောင်းရှေ့သို့ ခေါ်ယူကာ အတူတကွ ၀တ်ပြု ကိုးကွယ်ခဲ့ကြပါသည်။ ကေဘီစီ ဆရာတစ်ပါးမှ “စိုက်သည့်အတိုင်း ရိတ်သိမ်းရလိမ့်မည်”ဟူသည့် တရားဒေဓနာကို မြန်မာဘာသာဖြင့် ဟောပြောခဲ့ပါသည်။ မြန်မာစစ်တပ်အရာရှိများနှင့် စစ်သားအချို့လည်း ၀တ်ပြုကိုးကွယ်ခြင်း အစီအစဉ်တွင် ပါဝင်ခဲ့ကြပါသည်။

ဝတ်ပြုကိုးကွယ်ပြီးနောက် မြန်မာစစ်တပ်အရာရှိထံ ခွင့်တောင်းကာ ရွာသူရွာသားများအား မေးခွန်းအချို့ မေးမြန်းခဲ့ပါသည်။ “စစ်သားတွေက ခင်ဗျားတို့ ရွာသူရွာသားတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေ၊ မတရားပြုကျင့်မှုတွေ လုပ်ခဲ့သလား။ မလုပ်ခဲ့ဘူးလား။ ဒီဧည့်သည်တွေ အားလုံးရှေ့မှာ ပြောပါ”ဟု မေးမြန်းခဲ့ရာ ရွာသူရွာသားများ အားလုံး ငြိမ်သက်သွားကြပါသည်။ တစ်ဦးတစ်ယောက်မျှ ဖွင့်ဟပြောဆိုခဲ့ခြင်း မရှိပါ။ ကြောက်ရွံ့တုန်လှုပ်လျက်သာ ထိုင်နေကြသည်ကို တွေ့ရှိခဲ့ရပါသည်။

သိက္ခာတော်ရ ဆရာရမ်မိုင်အား ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်ပြီး အဖြစ်အပျက် မှန်မမှန်၊ ပြန်လည်တောင်းပန်ခြင်း ရှိမရှိ မြန်မာစစ်တပ်အရာရှိအား မေးမြန်းခဲ့ပါသည်။ မြန်မာစစ်တပ်အရာရှိမှ ပြန်လည်ဖြေကြားရာတွင် သိက္ခာတော်ရ ဆရာ၏ အိမ်တွင် တူမီးသေနတ်တွေ့ရှိသဖြင့် စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ဖြေဆိုကာ ညှင်းပန်းနှိပ်စက်မှု၊ ပြန်လည်တောင်းပန်ခြင်း ရှိမရှိ စသည်တို့ကို ဖြေဆိုခြင်း အလျင်းမရှိပါ။

မိမိတို့ ပြန်လည် မထွက်ခွာမီ သိက္ခာတော်ရ ဆရာရမ်မိုင်နှင့် ဆေးကုသရန် လိုအပ်နေသည့် အခြားရွာသား (၁၄)ဦးတို့ကို ပူတာအိုမြို့သို့ ခေါ်ဆောင်သွားရန် ညှိနှိုင်းခဲ့ပါသည်။ တပ်မတော်အရာရှိမှ ပူတာအိုဗျူဟာသို့ သက်သွယ်မေးမြန်းပြီးနောက် “စက်လှေလည်း မအား(မလုံလောက်)သေးဘူး။ မနက်ဖြန်၊ သန်ဘက်ခါလောက်ကျမှပဲ ဆက်ဆက် ပို့ပေးလိုက်ဖို့ အာမခံပါတယ်”ဟု ပြန်လည် ဖြေကြားခဲ့သည်။

အင်ခါးဂါးကျေးရွာ အဖြစ်အပျက်နှင့် စပ်လျဉ်းပြီး မိမိတို့၏ ခရီးစဉ်အတွင်း ရွာသူရွာသားများထံမှ စုံစမ်းသိရှိရသည့် အချက်များမှာ -

- သြဂတ်စ်လ (၂၈-၂၉) ရက်နေ့များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် သိက္ခာတော်ရ ဆရာရမ်မိုင်နှင့် အမျိုးသား(၈)ဦးကို ဖမ်းဆီးတုပ်နှောင်ကာ ညှဉ်းပမ်းနှိပ်စက်ခဲ့သည်။

- သင်းထောက် ခေါဒွခ်၊ ရွာသား ယုန်ခခင်နှင့် အခြား နှစ်ဦးတို့ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

- သိက္ခာတော်ရ ဆရာအား (၄)ရက်ဆက်တိုက် ချည်နှောင်ထားကာ ထမင်း(၃)နပ် မကျွေးခဲ့ကြောင်း၊ ရိုက်နက်၊ ကန်ကျောက်ကာ ညှို့သကြီးအား သံချောင်းကြိတ်ကာ ညှင်းပန်းနှိပ်စက်ခဲ့ကြသည်။

- ရွာသူ၊ ရွာသားများအား အမျိုးသမီး အမျိုးသား သီးသန့်ခွဲခြား ချုပ်နှောင်ခဲ့သည်။ လှဲလျောင်းရန်၊ ထိုင်ရန်ပင် အဆင်မပြေအောင် ကျဉ်းကျပ်လှသည့်အပြင် ဆီး၊ ၀မ်းများကိုလည်း ထိုနေရာ၌ပင် စွန့်ရသည့် နေရာတွင် ရက်သတ္တ နှစ်ပတ်ကြာအောင် ချုပ်နှောင်ခဲ့သည်။

- ကျေးရွာနေအိမ်တိုင်းမှ ကျွှဲနွားတိရစ္ဆာန်များ၊ ပစ္စည်းများ၊ ဆန်စပါးရိက္ခာများ ပျောက်ဆုံးခဲ့သည်။

- ဘုရားရှိခိုးကျောင်းမှ အလှူငွေ (၈)သိန်း ပျောက်ဆုံးခဲ့သည်။

သတင်းများ ပြန့်နေသည့် မြန်မာစစ်ဗိုလ် ဇော်မျိုးထက်အား ကေအိုင်အေမှ သတ်ဖြတ်လိုက်သည် ဟူသည့် ကိစ္စအား စုံးစမ်းခဲ့ရာ မပခတိုင်းမှူး၊ ပူတာအို ဗျူဟာမှူးနှင့် ခမရ (၁၃၈) တပ်ရင်းမှူးတို့က အဖြစ်မှန်သယောင် ပြောဆိုနေသော်လည်း ဒေသခံများမှ အဖြစ်မှန် မဟုတ်ကြောင်း ထွက်ဆိုခဲ့ကြပါသည်။

တိုက်ပွဲများ ဖြစ်ပွားကာ သေဆုံးခဲ့ပြီးနောက် မြေမြှုပ်သင်္ဂြုဟ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဗိုလ်၏ ခန္ဓာကိုယ်ပြန်လည်တူးဖော်ရာတွင် ပါဝင်ခဲ့သည့် စကားမပြောနိုင်သည့် (အ, နေသည့်) ရွာသား လဆိုင်းထံမှ သိရှိရသည်။ မချမ်းဘောမြို့မှ ရဲတပ်ဖွဲ့ဝင်များ လာရောက် စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

ရွာသားများအား ဖမ်းဆီးချုပ်နှောင်ထားရာမှ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သော်လည်း တောင်ယာသွားခြင်း၊ ထင်းခွေခြင်း စသည်တို့ကို လွတ်လွတ်လပ်လပ် လုပ်ခွင့်မရသေးကြောင်း၊ တောင်ယာသွားရာတွင်လည်း မြန်မာစစ်သားများမှ လိုက်လံ စောင့်ကျပ်ကြကြောင်း၊ တောင်ယာစပါးအချို့ ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း၊ မပျက်စီးပဲ ရိပ်သိမ်းနိုင်ခဲ့သည့် စပါးများကို ဆန်အဖြစ်သို့ ဖွပ်၍ မရကြောင်း၊ ဖွပ်သမျှ စပါးအားလုံး အမှုန့်ဖြစ်ကုန်သည့်အတွက် ချက်ပြုတ်စားသောက်၍ မရ့ကြောင်း၊ အိမ်တိုင်းတွင် စစ်သားများ လာရောက်စောင့်ကျပ် အိပ်စက်သည့်အတွက် ဒုက္ခရောက်ကြရကြောင်း၊ မိမိတို့ ရောက်ရှိနေစဉ် အတောအတွင်း နေအိမ်များတွင် စောင့်အိပ်သည့် စစ်သားများအား ရွာအပြင်သို့ သွားရောက်တိမ်းရှောင်ကာ နေစေကြောင်း စုံစမ်းသိရှိခဲ့ရပါသည်။

မိမိတို့ ပြန်လည်ထွက်ခွာသည့် အခါတွင်လည်း သိက္ခာတော်ရ သင်းအုပ်ဆရာနှင့် ရွာသူ၊ ရွာသားများမှ လှေဆိပ်သို့ လိုက်ပါပို့ဆောင်ခြင်း မပြုနိုင်သည် တွေ့ရှိရပါသည်။ မြန်မာစစ်တပ် စစ်ဗိုလ်နှင့် စစ်သားအချို့မှ လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြပါသည်။

စက်လှေဖြင့် မချမ်းဘောမြို့သို့ ဆန်တက်လာရာ မြစ်ကြောင်းအနီးရှိ အင်ဖျီးယန်ဟူသည့် ရွာငယ်မှ ရွာသူ၊ ရွာသား (၄၀)ခန့် ပလိုင်း၊ ကြက်ခြင်းများ သယ်ဆောင်ကာ ကလေးငယ်များအား လက်ဆွဲလျက် မလိခမြစ်ကမ်းတွင် လာရောက် စောင့်ဆိုင်းနေသည့်ကို တွေ့ရှိခဲ့ရပါသည်။ မိမိတို့၏ ကျေးရွာတွင် မနေရဲသဖြင့် ရှောင်တိမ်းလာသူများ ဖြစ်ကြသည်။ စက်လှေမဆန့်သည့် အတွက် (၂၁)ဦးကိုသာ ခေါ်ယူသယ်ဆောင်နိုင်ခဲ့ပါသည်။ နာမကျန်းဖြစ်နေသူများနှင့် အားနည်းချိနည့်နေသူများကိုသာ ခေါ်ယူနိုင်ခဲ့ပါသည်။ ခေါ်ယူနိုင်ခဲ့သည့် ဒုက္ခသည်များကို နောင်းခိုင်အသင်းတော် ဘုရားရှိခိုးကျောင်းတွင် နေရာချထားပေးပါသည်။

အဆိုပါ အသင်းတော်ဘုရားကျောင်းတွင် ဒုက္ခသည် စုစုပေါင်း (၄၃)ဦး ရောက်ရှိနေပါသည်။ ကေဘီစီ ဒုက္ခသည်ကူညီကယ်ဆယ်ရေးရန်ပုံငွေမှ စစ်ပြေးဒုက္ခသည်တစ်ဦးချင်းအား ကျပ်ငွေ (၂၀၀၀၀)စီ ကူညီပေးအပ်ခဲ့ပါသည်။ ထိုစစ်ပြေးဒုက္ခသည်များအား ပူတာအို သာသနာနယ်၊ မချမ်းဘော အသင်းတော်နှင့် နောင်းခိုင် အသင်းတော်တို့မှ တာဝန်ယူ ကူညီစောင့်ရှောက်လျက် ရှိပါသည်။

အင်ခါးဂါး ရွာသူရွားသားများ လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင်နိုင်ရေးနှင့် အစားအသောက့် ဆေးဝါး မလောက်ငမှုများအတွက် ထောက်ပံ့ရေးတို့ကို အဆောတလျင် ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။

ကေဘီစီ သတင်းပြန်ကြားရေး

Unofficial translation of KBC Report on Nhka Ga Incident in Kachin language.

http://www.kbckachin.com/Page/nhka%20ga.html 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။