Wednesday, October 2, 2013

ပျက်စီးသွားသော သဘာဝဝန်းကျင်များနှင့် ကြေမွသွားသော ကျောက်စိမ်းတုံးများ အကြောင်း (၁) (၂) (သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံ)

ပျက်စီးသွားသော သဘာဝဝန်းကျင်များနှင့် ကြေမွသွားသော ကျောက်စိမ်းတုံးများ အကြောင်း (၁) (သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံ)

 Sunday, October 30, 2011
http://www.demowaiyan.org/2011/10/blog-post_6658.html


ဒီနေ့ ရောက်ရှိလာတဲ့ ပုံတွေကို အမှတ်တမဲ့ ကြည့်လိုက်တော့ ဘယ်နိုင်ငံခြား တိုင်းပြည်က တည်ဆောက်ရေး လုပ်ငန်းပုံတွေလဲပေါ့ Mega ယန္တယားကြီးတွေ အများအပြားနဲ့ ပုံတွေဆိုတော့ ရုတ်တရက်ကြည့်ရင် မျက်စိမှားစရာပါ...။ နိုင်ငံခြားတိုင်းပြည်တွေက တည်ဆောက်ရေး လုပ်ငန်းခွင်တွေလို့ ထင်ရတဲ့ နေရာကတော့ ကချင်ပြည်နယ် ဖားကန့် ဒေသက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင် မြင်ကွင်း ဓာတ်ပုံတွေပါတဲ့...။ တိုးတက်နေတာလား ဆုတ်ယုတ်နေတာလား၊ သဘာဝဝန်းကျင်တွေ ပျက်စီးနေတာလား ဒီကရတဲ့ သယံဇာတတွေ ရောင်းရငွေတွေကြောင့် ကချင်ပြည်သူလူထု အကျိုးအမြတ်တွေကို ခံစားနေရလား၊ တိုင်းပြည်တိုးတက် ဖွံဖြိုးနေပြီလားဆိုတာ သုံးသပ်ကြည့်ရအောင်...။


မြန်မာပြည်ရဲ့ ဦးခေါင်းပိုင်း ကချင်ပြည်နယ်ဟာ  သယံဇာတတွေ သဘာဝအရင်းအမြစ်တွေ ပေါများကြွယ်ဝတဲ့ ဒေသတခုပါပဲ...။ ကမ္ဘာ့အရည်အသွေး အကောင်းဆုံး ကျောက်စိမ်းတွေ ထွက်ရှိရာ ဖားကန့်ဒေသဟာလည်း ကမ္ဘာကျော်ပါတယ်...။ ၁၉၈၅/၈၆လောက်က ထင်ပါတယ်... ကချင်ပြည်နယ် ဖားကန့်ဒေသက ၂၂တန်ရှိတဲ့ ကျောက်စိမ်းတုံးကြီးကို ရန်ကုန်ကို အစောင့်အကြပ်တွေနဲ့ ညဘက်ကြီး ရထားနဲ့ သယ်ဆောင်လာတာ ကြားဘူးခဲ့ပါတယ်။ ထိုစဉ်က မဆလခေတ် သတင်းစာတွေမှာ မစားရမခန်း ဒီကျောက်စိမ်းတုံးကြီးကြောင့် တိုင်းပြည်ကြီး နေ့ချင်းညချင်း ကြွယ်ဝချမ်းသာတော့ မလိုလို၊ ရေးသားချက်တွေ ဖတ်ခဲ့ဘူးပါတယ်..။ ကမ္ဘာပေါ်က လူအားလုံးကို တစ်ရက်ထမင်းကျွေးလို့ ရတယ်ဆိုလား ထိုစဉ်က ကောလဟာလတွေလည်း ကြားခဲ့ဘူးပါတယ်..။  


 နွံထဲ၌ ကားတစီးလုံး မြုပ်နေသည်.. ဆင်နှင့်ဆွဲပေးကြပါ.. တခါဆွဲ ၃သိန်းတဲ့

ဒီပုံကတော့ အထက်ပါပုံနဲ့ လားလားမျှ ဆန့်ကျင်တဲ့ မိုးတွင်းကာလ ကာမိုင်း၊ ဖားကန့်လမ်းပေါ်က မြင်ကွင်းပါ..။ 4Wheel Drive ကားတောင် မြုပ်နေတဲ့ ကြမ်းတမ်းတဲ့ လမ်းပေါ်မှာ ဆင်နဲ့ဆွဲပြီး အလွတ်ရုန်းနေရတဲ့ ၂၁ရာစုရဲ့ ကမ္ဘာ့အကြီးဆုံး အဖိုးတန် ကျောက်စိမ်းတွေ ထွက်ရှိရာဒေသက ကားလမ်း အခြေအနေပါ...။ ကားတစ်စီး ဆင်ဆွဲခ ကျပ်ငွေ သုံးသိန်းမှ ငါးသိန်းအထိ ကုန်ကျပါတယ်...။ ဒီလိုခေတ်အဆက်ဆက် လမ်းဆိုးတယ်လို ကျော်ကြားတဲ့ ဖားကန့်လမ်း ပြင်ဆင်ရန်ဆိုပြီး အလှူခံငွေ ကောက်ခံခဲ့ရာမှာတော့ ဆယ်စုနှစ် ၂ခုရှိနေပါပြီ...။ လမ်းပြင်ဆင်ဖို့ အတွက် မူးယစ်ဆေးစွဲသူများအား ဖမ်းဆီးပြီး အလှည့်ကျ စေခိုင်းပါတယ်..။ ဖားကန့်မှ ကျောက်စိမ်းလုပ်ကွက် ပိုင်ရှင်များထံမှ အလှူငွေကောက်ခံပေမယ့် လမ်းကတော့ မိုးတွင်းဆိုရင် မြင်ရတဲ့ အတိုင်းပါပဲ...။

 ချင်းတွင်းမြစ်ကြောင်းမှ ယန္တယားများ သယ်လာစဉ်

အပေါ်က အဆိုပါကြီးမားလှတဲ့ စက်ယန္တယားကြီး တွေကိုတော့ မုံရွာမှတစ်ဆင့် ချင်းတွင်းမြစ်ကြောင်း အတိုင်း ယခုလို သယ်ဆောင်လာတာပါ...။

 ကျောက်ထွက် အများဆုံး ဖားကန့်ကြီးမှ လုပ်ကွက်တွေလို့ ဆိုပါတယ်..။ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကြီးပြင်းနေထိုင်ဘူးတဲ့ ယခုအိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ ကချင်အမျိုးသား ဇော်ရှန်မှ အဆိုပါလုပ်ကွက်တွေနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာတော့ " အရင်ကတော့ ဒီနေရာတွေဟာ လုပ်ငန်းလုပ်ကွက် အရမ်းကြီးတဲ့ နေရာတွေပါ... တော်ရုံတန်ရုံ မကပ်နိုင်တဲ့ နေရာတွေပေါ့..။ ပထမဦးဆုံး ကချင်အမျိုးသား ရုဇော်ခေါင်ဆိုသူပိုင်တဲ့ Jade Land ကုမ္ပဏီက ပိုင်ဆိုင်ခဲ့တာပါ.. သူက တော်တော်ချမ်းသာတယ်လေ။ ကချင်ထဲမှာ အကြီးဆုံး ကုမ္ပဏီပေါ့ ... ဒီနေရာတွေမှာ ကျောက်က အလှူပေးသလို လိုက်ကောက်လို့ ရအောင် ကျောက်တွေ အကြီးအကျယ်ထွက်တဲ့ နေရာတွေပေါ့..."

ကားကိုတော့ ဆင်နဲ့ဆွဲပါတယ်.. ချောင်းကိုတော့ စက်နဲ့ဖော်ပါတယ်..

လက်ရှိအခြေအနေမှာ ဒီနေရာ ဒီဒေသကို ဘယ်သူတွေ ဒီလောက်ကြီးမားတဲ့ ပမာဏနဲ့ လုပ်ကိုင်နိုင်မလဲ ဆိုတာကိုမေးမြန်း ကြည့်ရာမှာတော့ " နောက်ပိုင်းမှာ ကချင်လောပန်တွေ လုပ်စားဖို့ တော်တော် ခက်သွားပြီလေ...။ လက်ရှိနောက်ပိုင်း ပြည်ကြီးက တရုတ်ကုမ္ပဏီတွေနဲ့ စစ်တပ်ပိုင် ဦးပိုင်ဖက်စပ်တို့ လုပ်လာကြတော့ ခုကချင်၊ မြန်မာ၊ ရှမ်းစတဲ့ လောပန်တွေ အနားမကပ် နိုင်တော့ဘူးပေါ့... နောက်ဖက်စပ်ဆိုတာ ပေါ်လာတော့ ဝ၊ ကိုးကန့်နဲ့ KDA စတဲ့ အဖွဲ့တွေနဲ့ စစ်တပ်ပေါင်းပြီး လုပ်နေကြတာပေါ့..။ ဒီဘက်မှာ  ကုမ္ပဏီတွေရဲ့ လုပ်ကွက်တွေက ဆက်စပ်နေတာလေ...။ တော်ရုံတန်ရုံလူ အပြင်လူ ဝင်ခွင့်မရဘူး လက်နက်ကိုင်တွေ စောင့်ကြပ်နေကြတာလေ..။  "

အနောက်ဖက်မှ မြင်ရတဲ့ ကျောက်တောင်ကနေ သဲတောင်အဖြစ် ဘဝပြောင်းသွားတဲ့ ဖားကန့် ကျောက်စိမ်းမှော်မြေရဲ့  မြင်ကွင်းတခု 
 
လက်ရှိအခြေအနေမှာတော့ စစ်တပ်ပိုင် ဦးပိုင်၊ ဝ၊ ကိုးကန့်၊ KDA၊ နောက်ဦးတေဇရဲ့ ထူးကုမ္ပဏီ၊ ယုဇနကုမ္ပဏီနဲ့ တရုတ်ဖက်စပ်ကုမ္ပဏီတွေသာ လက်ဝါးကြီး အုပ်ကြီးဆိုးလာတော့  စစ်တပ်နဲ့ ဆက်စပ်မှုမရှိတဲ့ အတွက် တော်ရုံ ဓနအင်အားတောင့်တင်းမှု မရှိတဲ့ လုပ်ငန်းရှင်တွေ ကျောက်စိမ်းကို သိပ်မလုပ်နိုင်တော့ဘဲ ကျောက်စိမ်း တူးဖော်မှုလောက် စားရိတ်စားက မများတဲ့ ရွှေတူးတဲ့ဘက်ကို ခြေဦးလှည့်ကုန်ကြပါတယ်..။ ဥရုချောင်းကို ကချင်တွေက အင်မတန်တန်ဖိုးထားပြီး နတ်သမီးတပါးလို့ တင်စားခေါ်ဝေါ်ကြတာပါ...။ ယနေ့အချိန်မှာတော့ ဥရုချောင်းဟာ အမည်နာမလောက်သာ ကျန်တော့ပြီး စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ထားရာနေ စေရာစီးဆင်းနေရတဲ့ အဖြစ်ကို ရောက်ရှိနေပါပြီ...။
 
ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ အဓိက ဝင်ငွေဟာလည်း ဒီဖားကန့်ဒေသက ရရှိနေတာဖြစ်ပါတယ်..။ ယနေ့အချိန်မှာတော့ KIAရဲ့ အဓိက ဝင်ငွေရရှိတဲ့ ဖားကန့်ဒေသက ကျောက်စိမ်း လုပ်ကွက်တွေကိုလည်း စစ်တပ်မှ ထိန်းချုပ်နေပါပြီ။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုနဲ့ ဂေဟစံနစ်တွေ အကြီးအကျယ် ပျက်ဆီးနေတဲ့ ဖားကန့်ဒေသရဲ့ အခြေအနေကတော့ အထက်မှာ မြင်ရတဲ့အတိုင်း နှစ်စဉ်၊ နှစ်တိုင်း မိုးတွင်း အခါမှာ ဥရုချောင်း ရေလျှံ၊ ရေကြီးတဲ့ဒဏ်နဲ့ ရာသီဥတု ဖောက်ပြန်တဲ့ ဒဏ်တွေကို ခံစား နေရပါပြီ...။ ဒီဆိုးကျိုးတွေဟာ ကျပ်ငွေသန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံမှုတွေ၊ စီးပွားရေးလုပ်ကွက်တွေ အများအပြားလုပ်ကိုင်ရာ ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်း သယံဇာတတွေ အကြီးအကျယ်ထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသက ကချင်လူမျိုးတွေ၊ ဒေသခံပြည်သူတွေ ရရှိနေတဲ့ အကျိုးခံစားခွင့်တွေ၊ ဆုလာဘ်တွေ ဖြစ်နေသလားဆိုတာ စဉ်းစားစရာဖြစ်နေကြောင်း ရေးသားတင်ပြလိုက်ရပါတယ်..။
 
ဖားကန့်မှ အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတုံး တတုံးမြင်ကွင်း...

ပျက်စီးသွားသော သဘာဝဝန်းကျင်များနှင့် ကြေမွသွားသော ကျောက်စိမ်းတုံးများ အကြောင်း (၂) (သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံ)

 Wednesday, November 02, 2011
http://www.demowaiyan.org/2011/11/blog-post_02.html

ဖားကန့်မှော် လုပ်ကွက်တစ်ခု မြင်ကွင်း လုပ်ကွက်တခုတိုင်းမှာ ကားအစီးပေါင်း ရာနဲ့ချီရှိပါတယ်...
 
ပြီးခဲ့တဲ့ တခေါက်က  ပျက်စီးသွားသော သဘာဝဝန်းကျင်များနှင့် ကြေမွသွားသော ကျောက်စိမ်းတုံးများ အကြောင်း (၁) ရေးသားဖော်ပြခဲ့စဉ်က အဆိုပါသတင်းနဲ့ ပတ်သက်ပြီး ထပ်မံရေးသားဖို့ စိတ်ဝင်စားသူ တော်တော်များများက တိုက်တွန်းလာကြပါတယ်..။ ထပ်မံရောက်ရှိလာတဲ့ သတင်း၊ ဓာတ်ပုံတွေကို ကြည့်မိရင်းက အင်မတန်မှ စိတ်မသက်မသာ ဖြစ်ရပြီး သက်ပြင်းအကြိမ်ကြိမ် ချမိပါတယ်..။ 
 
ကျောက်စိမ်းရောင် တောက်နေတဲ့ လုပ်ကွက်တခု..

ဒီသတင်း၊ ဓာတ်ပုံတွေကို မြင်မိတဲ့ အခါမှာတော့ တလောက တရုတ်ပြည်မှာ ကားတိုက်ခံရပြီး သေဆုံးသွားတဲ့ ၂နှစ်သမီးလေး ယွီယွီရဲ့ အဖြစ်အပျက်ကို မဆီမဆိုင် ဖားကန့်အခြေအနေနဲ့ သွားပြီးနှိုင်းယှဉ် မိပါတယ်..။ တကမ္ဘာလုံး စုပ်တသပ်သပ် မချိတင်ကဲ ဖြစ်ခဲ့ရတဲ့ ၂ကြိမ်တိတိ ကားကြိတ်ခံရတာကို လူ ၁၈ဦးက တွေ့ရှိခဲ့ပေမယ့် ကယ်တင်ခြင်းမရှိပဲ လျစ်လျှူရှုခဲ့တဲ့ အဖြစ်အပျက်ဟာ တရုတ်လူမျိုးတွေကို ကမ္ဘာက လူစိတ်မှ ရှိပါလေစလို့ ဝိုင်းဝန်းပြစ်တင် ရှုတ်ချခဲ့ပါတယ်..။
 
ဖားကန့်ဝန်းကျင် တောင်တွေကတော့ တောင်ကတုံးတင်မက တောင်မုတ်ဆိတ်တောင် မရှိလို့ ဆိုရလေမလား..
 
ကျွန်တော် ဆိုလိုတာကတော့ ယခုကျွန်တော်တို့ ယနေ့မြင်တွေ့နေရတဲ့ ဖားကန့်မြင်ကွင်းတွေဟာ တရုတ်ပြည်က ၂နှစ်သမီးငယ်လေး ကားတိုက်ခံရတာကို လျစ်လျှူရှုခံရသလို ဖားကန့်ဝန်းကျင် တဝိုက်မှာတော့ သဘာဝဝန်းကျင် အကြီးအကျယ် ပျက်စီးမှုကိုတော့ ဝိသမလောဘသားတွေနဲ့ ခေတ်အဆက်ဆက် အာဏာရှင်တွေရဲ့ အသိတရားမဲ့စွာ လျစ်လျှူရှုတာ ခံနေရပါတယ်..။ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံနေကြတဲ့ အဆိုပါဒေသက ရရှိတဲ့ အကျိုးအမြတ်တွေကို ရယူခံစားနေခဲ့ကြတဲ့ အာဏာပိုင်တွေမှ နယ်မြေဖွံဖြိုးရေးဆိုတာ ဝေလာဝေး ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို ယခုထက်တိုင် ပြုပြင်ထိန်းသိမ်းနိုင်ခြင်း မရှိသေးပါဘူး။ ယခုဖားကန့်ဒေသမှာ တူးဖော် ဆောင်ရွက်နေတဲ့ ယန္တယားတွေ ရာနဲ့ချီ တူးဖော်လုပ်ကိုင်နေကြပေမယ့်.. နယ်မြေဖွံ့ဖြိုးရေးအတွက် အသုံးပြုခြင်း ရှိမရှိဆိုတာကတော့ ကျောက်တောင်ကြောတွေပေါ်မှာ ဖောက်ထားတဲ့လမ်းတွေနဲ့ ဆင်နဲ့ဆွဲ အသုံးပြုနေရတဲ့ လမ်းတွေကွာခြားချက်ကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်..။
 
ကုမ္ပဏီတွေမှ ပစ်လိုက်တဲ့ မြေဇာများအား ဒေသခံများမှ လာရောက် ကောက်ယူကြပါတယ်.. အရပ်အခေါ် ရေမဆေးကျောက်လို့ ခေါ်ပါတယ်...။
 
ဖားကန့်ဒေသမှာ ၁၉၉၄ခုနှစ် KIA နဲ့ အပစ်အခတ် ရပ်ဆဲပြီးတဲ့ နောက်ပိုင်း ယခင်ထောက်လှမ်းညွန်ချုပ် ဗိုလ်ချုပ်ခင်ညွှန့်မှ အပစ်အခတ် ရပ်ဆဲရေးအဖွဲ့ဝင်များအား စတင်လုပ်ကွက်တွေ ချထားပေးခဲ့ပါတယ်..။ ဝ၊ ကိုးကန့်စတဲ့ အပစ်အခတ် ရပ်ဆဲရေးအဖွဲ့တွေဖြစ်ပါတယ်.။ ၁၉၉၉/ ၂၀၀၀ခန့်က ဝငြိမ်းချမ်းရေး အဖွဲ့ရဲ့ ဖားကန့်ဒေက အဖြစ်အပျက် တခုကို ကိုဇော်ရှန်မှ ပြောပြရာမှာတော့ "၁၉၉၉လောက်ကပေါ့ ဝငြိမ်းချမ်းရေး အဖွဲ့က သူတို့ရဲ့ လုပ်ကွက်ကို စတင်ပြီး ခြံကာလိုက်တယ်လေ...။ သူတို့က လက်နက်ကိုင်ခွင့် ရှိတော့ လက်နက်ကိုင်တွေ စောင့်ကြပ်နေတာပေါ့...။ ညဘက်ဆိုရင် လက်လုပ်လက်စားတွေက ရေမဆေးကျောက်ကို လာကောက်တာပေါ့...။ အထဲက လက်နက်ကိုင် လုံခြုံရေးတွေက လာကောက်တဲ့သူတွေကို လှမ်းပြီး ပစ်တယ်လေ...။
 
ဖားကန့်လုပ်ကွက်တခုမှ ဒီဇယ်ဆီတိုင်ကီများ...
အဆိုပါဒီဇယ်ဆီ ရောင်းဝယ်ခွင့်အားလည်း ကန်ထရိုက်စံနစ်နဲ့ တဦးတည်းသာ လုပ်ခွင့်ရတာပါ...
 
ဗိုလ်ခင်ညွန့်လက်ထက်မှာ ဝတွေကအခွင့်အရေးတွေ တော်တော်ရခဲ့တာပေါ့..။  အဲ့ဒီ့ခြံဝင်းထဲမှာ ဝတွေက ဆီတိုင်ကီနှစ်ခုထဲမှာ ထုတ်လုပ်ပြီးသား ရာမ မူးယစ်ဆေးဝါးတွေရယ်.. ကျောက်ခွဲတဲ့ယမ်း (ခွင့်ပြုချက်ယူရတဲ့ယမ်း)တွေကို တရားမဝင် သိမ်းဆည်းထားတာတွေကို KIAကသတင်းကြားလို့ ခြံစည်းရိုးကို ဝိုင်းပြီး ဝင်စစ်တော့ စစ်ဆေးတွေ့ရှိခဲ့တာပေါ့..။ အထဲမှာ လက်နက်တွေနဲ့ ယမ်းတွေကို မြေအောက်ခန်းထဲမှာ ထည့်ထားတာတွေ့လို့ ပစ်ကြခတ်ကြမယ့်အထိ ဖြစ်ခဲ့ကြတယ်...။ နောက်ဆုံး အစိုးရစစ်တပ်နဲ့ KIAက ဝတွေကို သတိပေးပြီး တားမြစ်ခဲ့ရတာ အဲ့လောက်အထိ တွင်ကျယ်ခဲ့တာလေ"။ ဝတွေလုပ်ပိုင်ခွင့် ရသွားတာကတော့ ကာမိုင်းအလွန်မှာ လီဆူးတယောက်က ပြည်တန်ပတ္တမြားတလုံး ရခဲ့တယ်လေ... အဲ့ဒီပတ္တမြားကို ဝတွေကို ဝယ်ပြီး ဗိုလ်ခင်ညွန့်တို့ကို ဆက်သလိုက်တာ အစိုးရသတင်းစာတွေမှာ ဟိုလေးတကြော်လေ မှတ်မိကြမှာပေါ့...။ အခုတော့ ဝတွေအစား ပြည်ကြီး တရုတ်လောပန်တွေ ရောက်နေပြီလေ...'"
 
ကျောက်တောင်ကို ပေါင်မုန့်လှီးသလို လှီးထားတဲ့ မြင်ကွင်းပါ... ပတ်ဝန်းကျင် အနေအထားကတော့ မြင်ရတဲ့ အတိုင်းပါပဲ..။ အပေါ်ကလှမ်းမြင်နေရတဲ့ ရွာကတော့ မကြာခင်မှာ ပြောင်းရွှေ့ပေးရတော့မှာလို့ ဆိုပါတယ်...။
 
အထက်ပါပုံမှာ တွေ့ရတဲ့ အဝါရောင် မြေသယ်ကားရဲ့ အရွယ်အစားကိုတော့ အောက်ကပုံမှာ မြင်ရတဲ့ ဆိုင်ကယ် ၂စီးနဲ့ နှိုင်းယှဉ်နိုင်ပါတယ်...။ ဒီလိုမြေသယ်ကားတွေဟာ လမ်းပန်း ဆက်သွယ်ရေးခက်ခဲတဲ့ ကချင်ပြည်နယ် လူထုအတွက် လမ်းဖောက်လုပ်ရေး လုပ်ငန်းတွေမှာတော့ တစီးတလေမှ မမြင်ရပါဘူး...။
 
နောက်ဆုံးဝင်ရောက်လာတဲ့ တရုတ်စီးပွားရေး သမားအများစုဟာ ဟောင်ကောင်မှ ငွေရှင်ကြေးရှင်များရဲ့ ကျောထောက်နောက်ခံနဲ့ ဝင်ရောက် လုပ်ကိုင်နေကြပါတယ်..။ အဆိုပါ တရုတ် ကျောက်လုပ်ငန်းရှင်တွေ လက်ထက်မှာတော့ မြေဇာတွေကို လွှင့်ပစ်ခြင်းများ မပြုလုပ်ယုံမက ကျောက်သိမ်၊ ကျောက်မွှားများကအစ ကျောက်နဲ့ အတူရောပါလာတဲ့ မြေသားများကိုပါမချန်.. ရွှေပြန်ကျင်ပြီး ရယူတဲ့အထိ ပြုလုပ်လာကြပါပြီ။ ယခုကဲ့သို့ ကျောက်တောင်တခုလုံးမှ မြေသားများအထိ ရယူလုပ်ကိုင်လာတာဟာ  တရုတ်ဖက်စပ် လုပ်ငန်းရှင်များ ရောက်မှ ဖြစ်လာတာလို့ ဆိုပါတယ်..။
 
တရုတ်ဖက်စပ် လုပ်ငန်းရှင် တစ်ဦး၏ ရွှေကျင်လုပ်ငန်းမှ ဒေသခံမြန်မာများ..
အဆီကိုစား အသားကိုမြို တရုတ်လောပန်တွေဟာ မြေပါမချန် ရွှေကျင်ပါတယ်... ဖားကန့်က ကျောက်မှာ ကပ်ပါလာတဲ့ မြေကိုတောင် ရွှေကျင်နေရင် ရွှေထွက်တယ်လို့ နာမည်ကြီးတဲ့ မြစ်ဆုံက မြေတွေ အတိုင်းအဆမရှိ၊ အစစ်ဆေးမရှိ သယ်ထုတ်သွားတာ မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ..

ယခင်ကလို မြေဇာများစွန့်ပစ်ခြင်း နည်းပါးလာတဲ့ အတွက် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကတော့ အဆိုပါ ရေမဆေးကျောက်များကို ကောက်ယူရောင်းစားပြီး ဝမ်းစာရှာဖွေနေရတဲ့ ဆင်းရဲတဲ့ ဒေသခံ ပြည်သူလူထုမှာ စားဝတ်နေရေး ကြပ်တည်းမှုနဲ့ ကြုံတွေ့နေရပါပြီ...။ တချို့သော ဆင်းရဲကြပ်တည်းမှုဒဏ် မခံနိုင်တဲ့ ဒေသခံများမှ တရုတ်လောပန်များရဲ့ ခြံစည်းရိုး အနီးအနားရှိ ထိုးထွက်နေတဲ့ ရေမဆေးကျောက်များ သွားရောက် ကောက်ယူရမှာတော့ လုံခြုံရေးများရဲ့ ခြောက်လှန့် ပစ်ခတ်တာတွေနဲ့ ရှိလာနေပြီလို့ ဆိုပါတယ်။ ဒီမြင်ကွင်းတွေဟာ ဒေသခံပြည်သူလူထု တိုးတက်နေတာလား ဆုတ်ယုတ်လာတာလား...။ 

 ကန္တာရအလား...
 
တိုင်းတပါးသား လုပ်ငန်းရှင်တွေ၊ စစ်ဗိုလ်ချုပ်တွေနဲ့ ပတ်သက်ဆက်နွယ် အမည်ခံ လုပ်ကိုင်နေသူတွေ အတွက်ကတော့ အကျိုးအမြတ်တွေ ရရှိနေပေမယ့်.. ဒေသခံတွေမှာတော့ အရိုးပါမကျန်အောင် အမြတ်ထုတ် လုပ်ကိုင်နေတဲ့အတွက် စားစရာတောင် အနိုင်နိုင် ယခင်က အလကားရရှိတဲ့ ထမင်းစား ကျောက်တွေတောင် ပါးစပ်ထဲက အတင်းလုယက်ချင်း ခံနေရပါပြီ...။ မြန်မာပြည်ရဲ့ ဖားကန့်ဟာ ကချင်ပြည်နယ်မှာ ဖြစ်ပေမယ့် တရုတ်ရဲ့ ဖားကန့်ကတော့ ဟောင်ကောင်လို့ အမည်တွင်နေပါပြီ။ ကျွန်တော်တို့ ပျက်ဆီးသွားတဲ့ သဘာဝဝန်းကျင်တွေ နေရာမှာ ဘာတွေနဲ့ အစားထိုးမလဲ၊ အလှဲအလျော်ပေးမလဲ...၊ ရရှိတဲ့ အခွန်အတုပ်တွေကို သဘာဝဝန်းကျင် ပြန်လည်ထိန်းသိမ်းဖို့ ဘယ်လောက် အသုံးပြုနေလဲ... ဒေသခံ ပြည်သူတွေ အတွက်ကောစတဲ့ မေးခွန်းပေါင်းများစွာကို အဖြေထုတ်ပေးကြပါဦး...။ စာနာစိတ်မရှိတဲ့ ဒီလိုလူမျိုးတွေနဲ့ ဝိသမလောဘသားတွေ၊ အာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာ တရုတ်ပြည်က ကလေးငယ်လေး ကားတိုက်ခံရတာကို အကြင်နာမဲ့စွာ ကြည့်နေရက်သလို ကျွန်တော်တို့ နိုင်ငံရဲ့ သယံဇာတတွေ၊ ရေမြေတောတောင်တွေ၊ ဒေသခံတွေအရေးကို မမြင်ချင်ယောင်ဆောင်၊ လျစ်လျှူရှုပြီး အကြင်နာမဲ့စွာ ခွေးစားစား၊ ကျီးထိုးထိုး လုပ်ဆောင်နေတာ တရားပါသလားခင်ဗျာ။

 ဓာတ်ပုံ... ဒီမိုဝေယံ၊ SM
သတင်း၊ ဆောင်းပါး ဒီမိုဝေယံ၊ ဇော်ရှန်
အပိုင်း (၃) ဆက်လက်ဖော်ပြပါမည်...။
 
 
  

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။