Monday, October 7, 2013

လီဆူ တိုင်းရင်းသားသမိုင်း ပြုစုရေးသားပြီ

(Mizzima)

မြန်မာနိုင်ငံ၏ တိုင်းရင်းသားတစ်မျိုးတွင် အပါအ၀င်ဖြစ်သော လီဆူတိုင်းရင်းသားများ၏ သမိုင်းကြောင်းကို စာအုပ်ရေးသား ပြုစုနေပြီဟု လီဆူသမိုင်းပြုစုရေးတာဝန်ခံ ဒေါ်ဆွန်မလေးက မဇ္ဈိမကို ပြောသည်။

“ကျွန်မတို့ လီဆူသမိုင်းကို ယခင်က ပြုစုထားတာတွေရှိတယ်။ ယဉ်ကျေးမှုအသီးသီးက စာအုပ်တွေမှာလည်း ပါတယ်။ ဒါပေမဲ့ မပြည့်စုံပါဘူး။ အနည်းငယ်သာ ပါတာပါ။ အဲဒီအတွက် လီဆူသမိုင်း မရှိလို့မဖြစ်ဘူး။ လီဆူ လူမျိုးတွေရဲ့သမိုင်းကို သိခြင်းအားဖြင့် လီဆူဆိုတာ ကိုယ့်စာပေ၊ ယဉ်ကျေးမှုတွေ ရှိတယ်ဆိုတာ မြန်မာသာမက တစ်ကမ္ဘာလုံးပါ သိစေချင်တဲ့အတွက် သမိုင်းကို ပြန်လည် ပြုစုဖော်ထုတ်နေရတာ ပါ”ဟု ပြောသည်။


အောက်တိုဘာ ၅ ရက် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် လီဆူးတိုင်းရင်းသား စာပေယဉ်ကျေးမှုအသင်းအဖွဲ့များ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင်လည်း လီဆူသမိုင်းပြုစုရေးနှင့် မြို့နယ်အသီးသီးမှ လီဆူ သမိုင်း တင်သွင်းဖြည့် စွက် အတည်ပြုခြင်း ပြုလုပ်ခဲ့ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီက ဆိုသည်။

လီဆူသမိုင်းပြုစုရန် ၂၀၁၃ ဇွန် ၆ ရက်က ၂၁ ဦးပါ ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီး၊ လာမည့် အောက်တို ဘာ ၈ ရက် တွင် သမိုင်းပြုစုထားမှုအား ဒုတိယအကြိမ် ပြန်လည်စိစစ်ပြီး ပြုစုသွားမည်ဖြစ်သည်။

“ကျွန်မတို့ အခုပြုစုတာ စုဆောင်းတဲ့အဆင့်ပဲ ရှိသေးတယ်။ အပြီးသတ် မပြီးသေးပါဘူး။ ဒီနှစ်အတွင်းမှာ အပြီးသတ်
ဖြစ်လာဖို့ရှိတယ်။ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ လီဆူတိုင်းရင်းသားတွေအပြင် ရှမ်းပြည်နယ်နဲ့ ဆိုင်တဲ့ လီဆူ တိုင်းရင်းသား အကြောင်း ပြုစုထားတဲ့ စာအုပ် ဖြစ်ပေါ်လာနိုင်ပါတယ်”ဟု ပြောသည်။

ပြုစုလျက်ရှိသည့် လီဆူတိုင်းရင်းသား သမိုင်းစာအုပ်တွင် နောက်ခံသမိုင်း၊ ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာ၊ လူမှုရေး၊ အသက်မွေးဝမ်းကျောင်း၊ စာပေနှင့်အနုပညာ၊ ကိုးကွယ်ယုံကြည်မှုနှင့် အယူဝါဒများ၊ နိုင်ငံစသည့် အခန်းခုနစ်ခန်း ပါဝင်မည်ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။