Wednesday, October 9, 2013

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုတွင် မတရားအသင်းနှင့် ဆက်သွယ်သူများ အများဆုံးပါဝင်၊ စုစုပေါင်း ၅၆ ဦး လွတ်မြောက်လာ

(Mizzima)

အောက်တိုဘာ ၈ ရက်၌ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား ၅၆ ဦး လွတ်မြောက် လာကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်က မဇိ္ဈမသို့ ပြောသည်။

ယင်းသို့ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ၅၆ ဦးတွင် မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁
ဖြင့် အကျဉ်းကျခံရသူ အများဆုံးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
မြန်မာနိုင်ငံ (AAPP-B)မှ ထုတ်ပြန်သော စာရင်းအရ သိရသည်။


လွတ်မြောက်လာသူများမှာ ဗန်းမော်၊ ခနီး္တ၊ အင်းစိန်၊ ကလေး၊ ကသာ၊ ကျိုင်းတုံ၊ လားရှိုး၊ မိုင်းဆတ်၊ မိတီ်္ထလာ၊
မော်လမြိုင်၊ မြောင်းမြ၊ မြစ်ကြီးနား၊ သီပေါ၊ တောင်ကြီး ထောင်များမှ နိုင်ငံရေးအကျဉ်းသားများ ဖြစ်သည်။ ရှမ်းပြည်မြောက်ပိုင်းရှိ သီပေါအကျဉ်းထောင်မှ ၁၁ ဦး ၊ လားရှိုးအကျဉ်းထောင်မှ ၁၅ ဦး လွတ်မြောက်ခဲ့သည်။

ယင်းသို့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်းနှင့်ပတ်သက်ပြီး ဦးရဲအောင်က “ကောင်းပါတယ်လို့
ပြောရမှာပါ၊ ဒီထက်မက ပိုပြီး မြန်မြန်ဆန်ဆန် လွှတ်ပေးဖို့အတွက်လည်း ပိုလိုအပ်ပါတယ်။ ကြိုဆိုပါတယ်။ လက်ကျန် နိုင်ငံရေးအကျဉ်းသား မရှိစေရဘူးဆိုတဲ့ သမ္မတရဲ့စကားအတိုင်း ဒီဇင်ဘာလမှာ မရှိအောင် လွှတ်ပေး လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများတွင် ၄၉ ဦးမှာ မတရားအသင်းဖြင့် ဆက်သွယ်သည့် ပုဒ်မ ၁၇/၁ဖြင့် ထောင်ဒဏ်တစ်နှစ်မှ အနှစ်၂၀ အတွင်း အကျဉ်းကျသူများ ဖြစ်ပြီး ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)တို့နှင့် ဆက်သွယ်သူများဖြစ်ပြီး ပူးတွဲပုဒ်မနှင့် ကျသူများလည်း ပါဝင်သည်။

ထို့အပြင် မတရားအသင်းတွင် ကိုယ်တိုင်ပါဝင်ဦးဆောင်မှု ၁၇/၂ ဖြင့် ထောင်သုံးနှစ်မှ ခြောက်နှစ်အထိ အချခံရသူ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA)မှ ငါးဦးပါဝင်သည်။

ဦးရဲအောင်က “နိုင်ငံရေးနှင့် ဆက်နွယ်တဲ့ ပုဒ်မများ၊ ၁၇/၁၊ ၁၇/၂ လို ပုဒ်မတွေ၊ တချို့ငါးညကို နိုင်ငံရေး ပုဒ်မ သတ်မှတ်တယ်။ ၅/ညထဲမှာလည်း နိုင်ငံရေးမှုနဲ့ မဆိုင်တဲ့ဟာတွေနဲ့ တပ်ထားတာတွေလည်း ရှိပါတယ်။ တချို့ ကျတော့ ယုံကြည်ချက်နဲ့ကျတယ်။ အမှုဖြစ်စဉ်မှာ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ထောင်ကျတဲ့ သူတိုင်းကို ဘာပုဒ်မ တပ်ထား၊ တပ်ထား နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပါတယ်” ဟုလည်း ပြောသည်။

မော်လမြိုင်အကျဉ်းထောင်မှ လွတ်မြောက်လာသူ ကိုရန်ရိုးချွန်ကလည်း “ကျွန်တော့်ကို ဖောက်ခွဲမှုနဲ့ ဖမ်းတာ” ဟု ထောင်က လွတ်မြောက်လာစဉ် မဇိ္ဈမ၏ မေးမြန်းမှုကို ဖြေကြားသည်။

ယင်းအပြင် ပုဒ်မ၁၇/၁ဖြင့် အကျဉ်းကျခံရသူတစ်ဦးဖြစ်သည့် ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်၊ ဟန်မိုင်း
ကျေးရွာ အုပ်စု၊ နောင်ဆိုင်းကျေးရွာနေ စိုင်းလင်းလောဝ် (ခ) မိုက်လင်းဆိုသူလည်း တောင်ကြီးမြို့၊
တောင်လေးလုံး အကျဉ်းထောင်မှ လွတ်မြောက်လာသည်။

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းနှင့် ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ ဒုအထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က “ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ နိုင်ငံရေး အကျဉ်းသားတွေကို အခုလို တဖွဲဖွဲ လွှတ်နေမယ့်အစား တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ကျဉ်းတွေ အားလုံးကို အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့် ပေးစေချင်တယ်။ သည်လိုကြေညာလိုက်မယ်ဆိုရင် နိုင်ငံရေးအကျဉ်း သားတွေလည်း ရှိတော့မှာမဟုတ်ဘူး၊ အတိုက်အခံတို့ ပြည်ပတိမ်းရှောင်နေသူတို့လည်း ရှိတော့မှာမ ဟုတ်ပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက်လည်း သည့်ထက် မက လုပ်ဆောင်နိုင်မှာပါ”ဟု မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီမှ နိုင်ငံရေးအကျဉ်းသားအားလုံးတို့ လွတ်မြောက်ရန် စာ ရင်းများ
ကောက်ယူပြီး အစိုးရဘက်သို့ တင်ပြကာ တစ်လတစ်ကြိမ် တွေ့ဆုံဆွေးနွေးလျက် ရှိကြောင်းလည်း ကော်မတီမှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားများ ဆက်လက် ကျန်ရှိနေသေး သည်ဟုလည်း လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီမှ ကိုညိုထွန်းက အောက်တိုဘာ ၈ ရက် နေ့လယ်ပိုင်းတွင် ပြောသည်။

“နိုင်ငံရေးအကျဉ်းသား ၁၀၀ ၀န်းကျင်လောက် မလွတ်သေးဘဲ ကျန်နေသေးတယ်။ အခုလွတ်လာတဲ့သူ တွေထဲ က ကျန်းမာရေးမကောင်းတဲ့သူတွေကို အရင်ဆုံး အကူအညီပေးရမှာပေါ့”ဟု ကိုညိုထွန်းက ပြောသည်။

ကျသူ အယောက် ၅၀ ကို နိုင်ငံရေးအကျဉ်းသားစာရင်းတွင် ယခုနှစ် စက်တင်ဘာလကမှ ထည့်သွင်း လိုက်ခြင်း
ဖြစ်သည်။ ထိုသူများအား နိုင်/ကျဉ်းစာရင်းတွင် ထည့်သွင်းပေးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက
နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီသို့ အကြောင်းကြားလာခဲ့ခြင်းဖြစ်သည်။

နိုင်/ကျဉ်းစိစစ်ရေးကော်မတီ၏ စက်တင်ဘာလအထိ စာရင်းအရ အကျဉ်းထောင်များ အသီးသီးတွင် နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်ရှိနေပြီး ထိုထဲကမှ ၅၆ ဦးကို ယနေ့ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မှ မကျန်ရှိရန် ဆောင်ရွက်သွားမည်ဟု သမ္မတ ဦးသိန်းစိန်သည် ဇူလိုင်လက ဗြိတိန်နိုင်ငံသို့ သွားရောက်စဉ် ပြောကြားခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် သြဂုတ်လ ဆန်းကလည်း ပြည်သူကို ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် သမ္မတက ထပ်မံ ကတိပေး ထားသေးသည်။

သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်းတွင် လွတ်ငြိမ်းချမ်းသာခွင့် ဆယ်ကြိမ်ပေးခဲ့ပြီး အကျဉ်းသားပေါင်း
ခြောက်သောင်း နီးပါးကို လွှတ်ပေးခဲ့ပြီး ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။