Wednesday, October 2, 2013

စစ်၏ သားကောင်များ၊ စစ်၏ ဇာတ်ကောင်များ၊ စစ်၏ ဇာတ်ညွှန်းဆရာများ

(Mizzima)

အချိန်ကာလကြာညောင်းလာသည်နှင့်အမျှ စစ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည်လည်း လိုက်ပါ ပြောင်းလဲလာခဲ့
သည်။ ထိုအခါ စစ်နှင့်ဆက်နွယ်လျက်ရှိသော အချက်အလက်များမှာ ပိုမိုရုပ်လုံးပေါ်လာကာ စစ်ကို လူတွေ ယခင်ကထက် ပိုပြီး နားလည်လာခဲ့ကြရ၏။

လွန်ခဲ့သော နှစ်ပေါင်းငါးရာကျော်ခန့်အထိမူ စစ်သည်လူမျိုးများ တည်တံ့ရပ်တည်နိုင်ရေးကို အဓိက အာမခံသည့် အလုပ်အဖြစ် လူတို့ လက်ခံခဲ့ကြ၏။ လူမျိုးအသီးသီးသည် စစ်ဖြင့် မိမိလူမျိုး၏ ဥပဓိရုပ်ကို ပုံဖော်တတ်ကြပြီး ယင်းစစ်ဖြင့်ပင် မိမိတို့လူမျိုးရပ်တည်ကြံ့ခိုင်ရေးအတွက် ကျားကန်တည်ဆောက်ခဲ့ကြ၏။


စစ်ကို ကျောထောက်နောက်ခံထားသည့် ခေတ်ဖြစ်သဖြင့် စစ်သူရဲကောင်းများသည်လည်း ယင်းသက်ဆိုင်ရာ
လူ့အဖွဲ့အစည်းတွင် ရှေ့တန်းသို့တိုးထွက်ကာ လူ့အဖွဲ့အစည်း၏ စံထားရာ ပုဂ်္ဂိုလ်များအဖြစ် ပုံဖော်ခဲ့ကြ၏။ ထိုအချိန်က စစ်သူရဲကောင်းများသည် လူ့အဖွဲ့အစည်း၏ ခေါင်းကိုင်ဖခင်များနေရာတွင် ရပ်တည်ခဲ့သည်များပင်
ရှိခဲ့၏။

နောင်အခါတွင်မူ အခြားသောအကြောင်းအရာ၊ အဖြစ်အပျက်၊ အယူဝါဒများနည်းတူ အဓိပ္ပာယ်များ ပြောင်းလဲ
ဆင့်ကဲ ဖြစ်စဉ်၏ သဘောသဘာဝအတိုင်း စစ်၏ အဓိပ္ပာယ်နှင့် စစ်နှင့်ပတ်သက်ဆက်နွယ်သော အကျိုးဆက် အဓိပ္ပာယ်များသည်လည်း ပြောင်းလဲလာခဲ့ကြရ၏။ ဥပမာစစ်ပွဲရယ်လို့ ဖြစ်သည်နှင့် တစ်ပြိုင်နက် ပထမဆုံးကျဆုံး
သွားသောအရာမှာ အမှန်တရားပင်ဖြစ်သည်ဟူသော အယူအဆ၊ စစ်ဆိုလျှင် မည်သည့် စစ်ပွဲမျှ ကောင်းသည်ဟူ၍ မရှိဟူသော အယူအဆ၊ စစ်ပွဲများရယ်လို့ ဖြစ်လာလျှင် ပထမဆုံး ချကျွေးခံရသူများမှာ အမျိုးသမီးနှင့် ကလေးငယ်
များသာဖြစ်သည်ဟူသော အယူအဆများမှာ စစ်ပွဲကို အခြေခံထားသည့် တိုင်းပြည်များမှာပင်လျှင် မျက်ကွယ်ပြု၍ မရနိုင်သော အဆိုအမိန့်များ၊ အဓိပ္ပာယ် ဖွင့်ဆိုချက်များ ဖြစ်လာခဲ့၏။ စစ်ပွဲများသည် အနုတ်လက္ခဏာ၊ စစ်ပွဲများ
သည် အနာဂတ်ကို ဖျက်ဆီးသူ အစရှိသော ကြွေးကြော်သံများမှာ ကမ္ဘာ့လူ့သမဂ္ဂကြီးတစ်ခုလုံးကို သိမ်းကြုံးလျက် ဆွဲဆောင်ဖမ်းစားထားနိုင်လာကြ၏။ ထိုအခါ စစ်၏ ဆန့်ကျင်ဘက်အဓိပ္ပာယ်ဖြစ်သည့် ငြိမ်းချမ်းရေးသည် လူသားတို့၏ အဓိကလိုအပ်ချက်အဖြစ် လူတို့ ပြောင်းလဲလက်ခံလာကြ၏။

ထိုအခါ စစ်ကို အခြေခံသည့် လူ့အဖွဲ့အစည်းများ မှေးမှိန်ချိနဲ့ကာ ပညာအခြေခံသည့် ခေတ်ကြီးသည်လည်း
ပေါ်ထွန်းလာခဲ့ရ၏။ ထို့ကြောင့် စစ်သူရဲကောင်းများမှာ သမိုင်း၏ လက်ပြချန်ရစ်ခြင်းခံကြရကာ ပညာသူရဲကောင်း
များမှာမူ လူ့အဖွဲ့အစည်းအသီးသီး၏ ဦးစီးခေါင်းကိုင်များအဖြစ် ရှေ့တန်းသို့ တိုးထွက် ရပ်တည်လာကြရတော့
သည်။ မိမိတို့၏ မျက်မှောက်ခေတ် ကမ္ဘာကြီးသည်ကား ထိုပညာသူရဲကောင်းများ၏ ဦးစီးခေါင်းကိုင်မှုဖြင့်
ခေတ်သစ်ကြီးတစ်ခုကို ချဉ်းနင်းဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

သည်လိုအချိန်မျိုးတွင် မိမိတို့တိုင်းပြည်၊ မိမိတို့လူ့သမဂ္ဂတိုးတက်တည်တံ့ရေး ကြံ့ခိုင်စည်ပင်ရေး အာမခံချက်ဖြစ်ဖို့
အတွက်ဆိုလျှင် စစ်နှင့်ငြိမ်းချမ်းရေး၊ လက်နက်နှင့် ပညာဉဏ်အမြော်အမြင်မြင့်မားရေး မည်သည့်အရာကို
ရွေးချယ်ကြရမည်ဆိုသည်ကို ပြတ်သားစွာမြင်ကြရမည့် အချိန်ပင် ဖြစ်သည်။ ပို၍ တိကျစွာဆိုရပါမူ ... လက်ရှိ
အချိန်၌ မိမိတို့သည် ပြည်တွင်းစစ်ကို ပြတ်သားစွာ လမ်းမခွဲနိုင်ဘဲ စစ်ကိုပြတ်သားစွာ နှုတ်မဆက်နိုင်ဘဲ ပညာခေတ်တစ်ခေတ်ကို အိပ်မက်ပင်မက်နိုင်လိမ့်မည် မဟုတ်ပါ။

ထို့ကြောင့် မိမိတို့သည် စစ်၏ သားကောင်များကို ကယ်တင်ကြရပါမည်။ စစ်၏ ဇာတ်ကောင်များကို ပညာ
ဇာတ်ကောင်များအဖြစ် ပုံသွင်းကြရပါမည်။ စစ်၏ ဇာတ်ညွှန်းဆရာများကိုမူ ပြတ်သားစွာ ကန့်ကွက်ကြရမည်သာ
ဖြစ်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။