Monday, October 14, 2013

ဖားကန့်ထွက်ကျောက်မျက် မြစ်ကြီးနားသို့ တရားဝင်သယ်ယူရောင်းချခွင့်ရရှိရေး ဆက်လက်တောင်းဆိုမည်

(Mizzima)

ဖားကန့်ဒေသထွက် ကျောက်စိမ်းကျောက်မျက်များအား မြစ်ကြီးနားမြို့သို့ တိုက်ရိုက်သယ်ယူရောင်းချ ခွင့်ရရှိရေးကို သတ္တုတွင်းဝန်ကြီးဌာနထံ ထပ်မံတင်ပြတောင်းဆိုသွားမည်ဟု ကချင်ပြည်နယ် ကျောက် မျက်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးသောင်းကြည်က မဇ္ဈိမသို့ ပြီးခဲ့သည့်သော ကြာနေ့က ပြောသည်။

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ် အပါအ၀င် မန္တလေးနှင့် ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်း ရှင်များအသင်းတို့နှင့် သတ္တုတွင်းဝန်ကြီးဌာနက စက်တင်ဘာ ၁၀ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။


ထိုသို့တွေ့ဆုံစဉ် ကချင်ပြည်နယ်မှ ကျောက်မျက်လုပ်ငန်းရှင်များ ကချင်ပြည်နယ်တွင် ကျောက်မျက် ရတနာပစ္စည်း
ရောင်းချခွင့်လိုင်စင်နှင့် ဖားကန့်မှမြစ်ကြီးနားသို့ ဒေသတွင်း ကျောက်မျက်သယ်ယူခွင့်စသည့် နှစ်ချက်ကို တောင်းဆိုခဲ့ သည့်အနက် ရောင်းချ ခွင့်လိုင်စင်ကိစ္စတစ်ခုတည်းကိုသာ ခွင့်ပြုခဲ့သည်။

ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များ အထွေထွေအတွင်းရေးမှူး ဦးသောင်းကြည်က“တောင်းဆို တာက
နှစ်ခုကိုတောင်းဆိုပေမယ့်။ကချင်ပြည်နယ်မှာ ရတနာပစ္စည်းရောင်းချခွင့် လိုင်စင်ပေးဖို့ကိစ္စတစ်ခု ကိုပဲရခဲ့တယ်။
ဒေသခံတွေ တကယ်လိုချင်နေတဲ့ ဖားကန့်ကနေ မြစ်ကြီးနားကို ကျောက်မျက်တရားဝင် သယ်ယူခွင့်ပေးဖို့ ကိစ္စက
တော့ မရခဲ့ဘူး” ဟု ပြောသည်။

ထိုသို့ သတ္တုတွင်းဝန်ကြီးဌာနထံ ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်း၏ တင်ပြတောင်းဆိုမှုကို ရန်ကုန်၊ မန္တလေးနှင့် မိုးကုတ်ကျောက်မျက်လုပ်ငန်းရှင် အသင်းတို့မှလည်း ၀ိုင်းဝန်းထောက်ခံ တောင်းဆိုမှု
ပြုလုပ်ပေးခဲ့ကြကြောင်း ကျောက်မျက်လုပ်ငန်းရှင်အသင်းအသီးသီးမှ တာဝန်ရှိသူများက ဆိုသည်။

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးထွန်းလှအောင်က“ အဲဒီနေ့က ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်းကနေ ၀န်ကြီးဌာနဆီ တင်ပြတာကို ကျွန်တော်တို့ကလည်း ၀ိုင်းဝန်းပြီး ထောက်ခံတောင်းဆိုပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ခွင့်မပြုဘူးဆိုတာကတော့ ဖားကန့်ကနေ မြစ်ကြီးနားကို သွားတဲ့လမ်းကြောင်းက ဆိုးတာလည်းပါလိမ့်မယ် အဲဒါက ကျွန်တော့် အထင်ပေါ့”ဟု ပြောသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်မှ ကျောက်မျက်လုပ်ငန်းရှင်များသည် ကချင်ပြည်နယ်တွင် ရောင်းချမည့် ကျောက် မျက် ရတနာများအား နေပြည်တော်ကျောက်မျက် ပြပွဲများမှတစ်ဆင့် ပြန်လည်လေလံဆွဲ ၀ယ်ယူရခြင်း ဖြစ်သည်။

အဆိုပါကျောက်မျက်များမှ ဖားကန့်မှထွက်ရှိသည့်ကျောက်များကို ဗန်းမော်-မိုးကောင်းလမ်းကြောင်းမှ တစ်ဆင့်
နေပြည်တော် ကျောက်မျက်ပြပွဲသို့ တင်သွင်းထားသည့် ကျောက်မျက်များဖြစ်ရာ ဒေသထွက် ကျောက်မျက်များကို
နေပြည်တော်သို့ သယ်ယူကာ ပြန်လည်ဝယ်ယူနေရခြင်းများကြောင့် စရိတ်ကြီးမားကာ ထိုက်သင့်သည့် အကျိုးအမြတ်ရရှိမှု နည်းပါးခြင်းကြောင်း ကျောက်မျက်လုပ်ငန်းရှင်များက ပြော သည်။

ဦးသောင်းကြည်က“ ဒေသကထွက်တဲ့ ကျောက်ကိုပဲ နေပြည်တော်ရောက်ပြီးမှ နေပြည်တော်ကနေ လေလံဆွဲပြီး
ပြန်ဝယ်ရတာနဲ့စာရင် ဖားကန့်ကနေ မြစ်ကြီးနားကိုတိုက်ရိုက်သယ်ယူနိုင်ရင် အဆင့်ဆင့် သယ်ယူရတဲ့စရိတ်တွေ သက်သာပြီး အကျိုးပိုဖြစ်နိုင်တာပေါ့။ အဲဒီအတွက် ထိုက်သင့်တဲ့အခွန်ကို ပေးဆောင်မှာပါ တရားဝင်သယ်ခွင့်ရရင် အဆင်ပြေပါပြီ”ဟုပြောသည်။

ကချင်ပြည်နယ်ရှိ ဒေသခံများ၏ ၉၀ရာ ခိုင်နှုန်းခန့်မှာ ကျောက်သွေးကျောက်ဖြတ်ခြင်း၊ ကျောက်ပန်းချီကားရေးဆွဲ
ခြင်း၊ ကျောက်ပန်းပုထုခြင်း၊ ကျောက်စစ်ခြင်းစသော ကျောက်မျက်နှင့် သက်ဆိုင်သည့် လုပ်ငန်းများအပေါ် မှီခိုကာ စားဝတ်နေရေးဖြေရှင်းနေရခြင်းဖြစ်ကြောင်း ဦးသောင်းကြည်က ပြောသည်။

သို့ဖြစ်ရာ ဒေသထွက်ကျောက်မျက်များအား ဒေသတွင်းတရားဝင် ရောင်းချခွင့်ရရှိပါက ပိုမိုအကျိုးဖြစ် ထွန်းနိုင်ခြင်း
ကြောင့် ဖားကန့်မှ မြစ်ကြီးနားသို့ ကျောက်မျက်တရားဝင် သယ်ယူပို့ဆောင်ခွင့် ရရှိရေးအား အထူးလိုလားနေကြခြင်း
ဖြစ်ကြောင်း ဆက်လက်ပြောသည်။

မန္တလေး ကျောက်မျက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသိုက်ထွန်းက“ ကိုယ့်ဒေသက ထွက်တဲ့ ပစ္စည်းကို ကိုယ့်ဆီမှာ တရားဝင်ရောင်းခွင့်တော့ ရချင်မှာပဲ။ ၀န်ကြီးဌာနက မပေးဘူးဆိုတာကလည်း ဘာဖြစ်လို့လဲဆိုတာတော့ မသိနိုင်ဘူးပေါ့”ဟု ပြောသည်။

ထိုသို့ တရားဝင် သယ်ယူခွင့်မရှိခြင်းကြောင့် ဖားကန့်ဒေသထွက် ကျောက်မျက်အားလုံးမှာ နေပြည်တော် သို့
ရောက်ရှိသွားခြင်းမဟုတ်ဘဲ ဖားကန့်မှ မြစ်ကြီးနားသို့ လည်းကောင်း၊ ဖားကန့်မှ ပြည်ပသို့လည်းကောင်း တရားမ၀င် သယ်ယူရောင်းချမှုများရှိနေခြင်းကြောင့် နိုင်ငံတော်အခွန်ငွေများဆုံးရှုံးမှုပိုများကြောင့် ယင်းတို့က ထောက်ပြ
ပြောသည်။

ကျောက်စိမ်း တရားမ၀င် ရောင်းဝယ် ဖောက်ကားနေခြင်းသည် ကျောက်စိမ်းရောင်းချမှု အားလုံးနီးပါး၏ တစ်ဝက်နီးပါး
လောက်ရှိကြောင်း ရိုက်တာသတင်းဌာန၏ အထူးသတင်းပေးပို့ချက် တစ်ရပ်တွင် ဖော်ပြထားသည်။

အရောင်းအ၀ယ်တွေက တရုတ်နယ်စပ်တွင် အခွန်အနည်းအကျဉ်း သို့မဟုတ် တရားဝင် အခွန်ပေးဆောင်ခြင်း မရှိဘဲ
ဖြစ်ပေါ်နေပြီး ယင်းကြောင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာငွေပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီဆုံးရှုံးနေရသည်။ “ရာစုနှစ် တစ်ဝက်နီးပါးမျှ စစ်အာဏာရှင် လက်အောက်ကို ကျရောက်ပြီး ကစဥ့်ကလျား ဖြစ်နေတဲ့ မြန်မာနိုင်ငံကို
ပြန်လည် ထူထောင်ဖို့အတွက် အသုံးပြုနိုင်တဲ့ ဘဏ္ဍာငွေတွေ လည်း ဖြစ်ပါတယ်”ဟု လည်းဖော်ပြ ထားသည်။

ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များအနေဖြင့် လက်ရှိအချိန်တွင် ဒေသတွင်း ကျောက်မျက် တရားဝင်
ရောင်းချမှုလုပ်ကိုင်နိုင်ရန်အတွက် ကျောက်မျက်အချောထည် ရတနာဈေးအား မြစ်ကြီးနားမြို့တွင် တည်ဆောက် ထားပြီး ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။