Monday, October 28, 2013

ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၁ + ၂ + ၃ + ၄) (Aung Din)

ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၁)

အောင်ဒင်

(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၂၆၊ အောက်တိုဘာလ ၁ ရက်၊ ၂၀၁၃)
==================

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ

စက်တင်ဘာလ ၈ ရက်နေ့က မြန်မာအစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မီတီ (Union Peace-Making Working Committee, UPWC) နဲ့ ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council, UNFC) တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်၊


အဲဒီဆွေးနွေးပွဲမှာ မြန်မာအစိုးရက အောက်တိုဘာလကုန်ပိုင်းလောက်မှာ နေပြည်တော်မှာ ကျင်းပဖို့ကြိုးစားနေတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲမှာ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် လက်နက်ကိုင်အင်အားစုများ တက်ရောက်ကြဖို့ကို မြန်မာအစိုးရကိုယ်စားလှယ်များက အဓိကဆွေးနွေးခဲ့ကြပြီး တိုင်းရင်းသားခေါင်းဆောင်များကတော့ သူတို့ရေးဆွဲတင်ပြထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲ လမ်းပြမြေပုံ ၆ ချက်နဲ့ ပါတ်သက်ပြီး ဦးစားပေးဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်၊ ဆွေးနွေးပွဲပြီးတဲ့နောက် နှစ်ဖက်ကိုယ်စားလှယ်များက ဆွေးနွေးပွဲရလာဒ်နဲ့ ပါတ်သက်ပြီး သတင်းဋ္ဌာနများကို ရှင်းပြကြရာမှာ မတူညီတဲ့ အမြင်နှစ်မျိုးကို ကြားသိရပါတယ်၊

ဧရာဝတီသတင်းဋ္ဌာနရဲ့ သတင်းပို့ချက်အရ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်များက အောက်တိုဘာလက်မှတ်ရေး ထိုးပွဲကို တက်ရောက်ဖို့ သဘောတူကြောင်း ပြောတယ်လို့ သိရပါတယ်၊ ဒါပေမည့် အဲဒီ သတင်းမှာပဲ ဖက်ဒရယ်ကောင်စီရဲ့ ကိုယ်စားလှယ် နိုင်ဟံသာက သူတို့အနေနဲ့ အောက်တိုဘာလက်မှတ်ရေးထိုးပွဲကို တက်ရောက်ပါမယ်လို့ အဖြေမပေးလိုက်ဘူးလို့ပြောပါတယ်၊

လွတ်လပ်သော အာရှအသံ မြန်မာပိုင်းအစီအစဉ် (Radio Free Asia, Burmese Service) က တွေ့ဆုံမေးမြန်းရာမှာ မွန်ပြည်သစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီရဲ့ အထွေထွေအတွင်းရေးမှူးနဲ့ နိုင်ငံရေးဆွေးနွေးပွဲကိုယ်စားလှယ်ခေါင်းဆောင်လည်းဖြစ်တဲ့ နိုင်ဟံသာက “Road Map ကိစ္စ ဆွေးနွေးတယ်၊ Frame Work ကိစ္စ ဆွေးနွေးတယ်၊ နောက်ပြီးတော့မှ သူတို့ဖက်က တင်ပြလာတဲ့ အဓိက တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ကိစ္စတွေကို ဆွေးနွေးကြတယ်၊ တကယ် သဘောတူ ဆုံးဖြတ်ချက်ချတဲ့အဆင့်မျိုးတော့ တစ်ခုမှမရဘူး၊ တချို့ဟာကိုလည်း ပြင်ဆင်ရမယ်၊ တချို့ဟာကိုလည်း ဖြည့်စွက်ရမယ်၊ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ဖက်ကပြောတယ်၊ ဒါကတော့ သူတို့ ဖြစ်စေချင်တယ်၊ ကျနော်တို့ဖက်ကတော့ အဲ့ဒါကို အဖြေမပေးသေးဘူး၊ အပစ်ရပ်တယ်ဆိုတာကတော့ ဒီအတိုင်းရပ်နေဖို့ မဟုတ်ဘူး၊ နိုင်ငံရေးအရဆွေးနွေးဖို့ဖြစ်တယ်၊ အဲ့တော့ ရှေ့ဆက်ပြီးတော့မှ နိုင်ငံရေးအရဆွေးနွေးဖို့ အခြေအနေတွေ နားလည် မှုတွေလည်းရှိဖို့လည်း လိုတယ်၊ ဒါကိုလည်း နားလည်မှု အခိုင်အမာရှိပြီးတော့မှ လက်မှတ်ထိုးတာကတော့ ပိုပြီးတော့ ကောင်းမယ်ဆိုတဲ့ သဘောထားမျိုးပေါ့ဗျာ၊၊ ကျနော်တို့က အဲ့လိုပေးလိုက်ပြီဖြစ်တယ်” လို့ ပြောပါတယ်၊

အဲဒီသတင်းပို့ချက်တစ်ခုတည်းမှာပဲ အစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဝန်ကြီးဦးအောင်မင်းက “အားလုံးပြီးသွားလို့ရှိရင် တစ်တိုင်းတစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပါမယ်၊ ထိုးတဲ့အခါမှာလည်း အချက်အလက်တွေ ဘာမှအသစ်အဆန်းတွေမပါဘူး၊ အဲ့ဒီ အချက်အလက်တွေက ဘာတွေဖြစ်မလဲဆိုလို့ရှိရင် ပြည်နယ်အဆင့်မှာ လက်မှတ်ထိုးထားတဲ့ အချက် ၄ ချက်ပဲလေ၊ အဲ့ဒီ အချက်လေးချက်မှာ နောက်တစ်ချက်ထပ်ပြီးတော့ ပေါင်းပေးလိုက်မယ်၊ ဘာလဲဆိုရင် နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက်လုပ်မယ် ဆိုတာလေးကို ပေါင်းပေးလိုက်မယ်၊ အဲ့ဒါလေးကို အောက်တိုဘာလမှ လကုန်လောက်မှာလုပ်ဖို့ လုပ်ထားပါတယ်၊ လုပ်ငန်းစဉ်က တဆက်တည်းဖြစ်သော်လည်း သဘောသဘာဝခြင်းက မတူကြဘူး၊ မတူတော့ ကြားထဲမှာ လိုင်းလေးတစ်လိုင်းတားချင်တာပေါ့၊ အဲ့ဒီလိုင်းကဘာလဲဆိုရင် ခုနကပြောတဲ့ လက်မှတ်ထိုးဖို့ဆိုပြီး လုပ်တာပါ၊ အဲ့တော့ ဒီကိစ္စတွေလည်း ကိုယ်တို့ဆွေးနွေးကြတယ်” လို့ပြောပြန်ပါတယ်၊

အဲဒီနောက် စက်တင်ဘာလ ၁၀ ရက်နေ့မှာ ဖက်ဒရယ်ကောင်စီက “တစ်ပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး ထပ်မံလက်မှတ်ရေးထိုးရန် ကိစ္စနှင့် ပါတ်သက်၍” ဆိုတဲ့ခေါင်းစဉ်နဲ့ ကြေညာချက်တစ်စောင်ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ထုတ်ပြန်ပါတယ်၊

အဲဒီ ကြေညာချက်မှာ ဖက်ဒရယ်ကောင်စီက “အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားပြီးသော အဖွဲ့အစည်းများအားလုံးဟာ သက်ဆိုင်ရာ ပြည်နယ်အဆင့်တွင်လည်းကောင်း၊ ပြည်ထောင်စုအဆင့်တွင်လည်းကောင်း တစ်ဖွဲ့ချင်း လက်မှတ်ရေးထိုးပြီး ဖြစ်ပါလျက် ဘာ့ကြောင့် ထပ်မံပြီး တစ်ပြည်လုံးအတိုင်းအတာနဲ့ လက်မှတ်ထိုးဖို့ လိုအပ်ပါသလဲ၊ အစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အချို့ကြား အပစ်အခတ်ရပ်စဲထားပါလျက် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေရခြင်းဟာ ဗမာ့တပ်မတော်နဲ့ အစိုးရအကြား နားလည်မှု၊ ဆက်စပ်မှု ပျက်ပြားနေပါသလား” ဆိုပြီး မြန်မာအစိုးရကို မေးခွန်းထုတ်ထားပါတယ်၊ ဒါ့အပြင် ဖက်ဒရယ်ကောင်စီက “တစ်ဘက်နှင့်တစ်ဘက် အပစ်ရပ်ကြပြီဆိုပါလျင် လွယ်လွယ်နှင့် ပြန်လည်တိုက်ခိုက်ကြခြင်းမျိုး မဖြစ်ပေါ်စေရန် တပ်နေရာချထားရေး၊ တပ်လှုပ်ရှားခွင်သတ်မှတ်ရေး၊ တပ်ဖွဲ့ဝင်များလိုက်နာရန် စည်းမျဉ်းစည်းကမ်းသတ်မှတ်ရေးများကို ခိုင်ခိုင်မာမာ သတ်မှတ်ထားရှိရန်လိုအပ်ကြောင်းနဲ့ အပစ်ရပ်ပြီးနောက် နိုင်ငံရေးပြဿနာများကို ဆွေးနွေးဖြေရှင်းရန် ခိုင်မာသည့် သဘောတူညီချက်များရရှိရေးအတွက် ညှိနှိုင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း” ၎င်းတို့ရဲ့ သဘောထားကို တင်ပြပါတယ်၊

မြန်မာအစိုးရရဲ့ ထုတ်ပြန်ကြေညာချက်များအရ ဒီကနေ့အထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၄ ခုနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီး ဖြစ်တယ်လို့ သိရပါတယ်၊ ဖက်ဒရယ်ကောင်စီမှာ ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့ထဲမှာ ၆ ဖွဲ့က အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားပြီး ကေအိုင်အို (ခေါ်) ကချင်လွတ်မြောက်ရေးအဖွဲ့ (Kachin Independence Organization, KIO) နဲ့တအောင်း-ပလောင်လွတ်မြောက်ရေး တပ်မတော်၊ (Ta-aung National Liberation Army, TNLA) တို့က တိုက်ပွဲတွေ ဆက်ဖြစ်ရင်း အပစ်အခတ်ရပ်စဲဖို့ ကြိုးစားညှိနှိုင်းနေတဲ့ အခြေအနေမှာ ရှိပါတယ်၊ ကျန်တဲ့ ဖက်ဒရယ်ကောင်စီဝင် အဖွဲ့သေး သုံးဖွဲ့ဖြစ်တဲ့ လားဟူဒီမိုကရက်တစ်ယူနီယံ (Lahu Democratic Union, LDU)၊ ရခိုင်အမျိုးသားကောင်စီ (Arakan National Council, ANC)၊ နဲ့ ဝအမျိုးသားအဖွဲ့ (Wa National Organization, WNO) တွေနဲ့ကတော့ တိုက်ပွဲတွေလည်း မဖြစ်၊ ဆွေးနွေးမှုလည်းမရှိသေးပါ၊ ဒီအခြေအနေကို သုံးသပ်ရရင် ဦးသိန်းစိန်အစိုးရ မျှော်လင့်ထားတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲဟာ အောက်တိုဘာလကုန်မှာ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်၊ ဖြစ်ရင်တောင်မှ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်လက်မှတ်ရေးထိုးကြမယ်လို့ မမျှော်လင့်နိုင်ပါ၊

ဘာတွေကွဲပြားကြသလဲ

ကျနော်လေ့လာမိသလောက် ဦးသိန်းစိန်အစိုးရရဲ့ အစီအစဉ်က အောက်တိုဘာလကုန်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို ကျင်းပမယ်၊ အဲဒီအခန်းအနားမှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီး တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ အတူတကွ နေပြည်တော်မှာ၊ နိုင်ငံတကာအစိုးရများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များရဲ့ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးကြမယ်၊ အဲဒီ အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ ပြည်နယ်အဆင့်မှာ ပါဝင်တဲ့ အချက် (၄) ချက် ဖြစ်တဲ့ (၁) နှစ်ဘက်ရန်လိုမှုတွေ၊ ပစ်ခတ်မှုတွေ ရပ်စဲရေး၊ (၂) နှစ်ဘက်သဘောတူထားတဲ့ နယ်မြေမှာသာ နေထိုင်ရေး၊ (၃) သတ်မှတ်နေရာမှအပ ကျန်နေရာများသို့သွားလျင် လက်နက်မကိုင်ရေး၊ နဲ့ (၄) နှစ်ဘက်သဘောတူသည့်နေရာများမှာ ဆက်ဆံရေးရုံးများဖွင့်ရေး စတဲ့ အချက်တွေပါဝင်မယ်၊ နောက်တိုး အချက်တစ်ခုအဖြစ် (၅) နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆက်လက်ကျင်းပသွားရေး ဆိုပြီး ထပ်ဖြည့်ထားတယ်လို့ ဆိုပါတယ်၊ အဲဒီ အောက်တိုဘာ လက်မှတ်ရေးထိုးပွဲပြီးတဲ့နောက် နိုဝင်ဘာ၊ ဒီဇင်ဘာလောက်မှာ “နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရန်လိုအပ်သော လုပ်ငန်းစဉ် (Framework for Political Dialogue)” များကို ဆက်လက်ဆွေးနွေးမယ်လို့ ဆိုပါတယ်၊ အဲဒီနောက်တဆင့်ကို ဖြတ်သန်းပြီးတော့မှပဲ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ကို ရောက်ပါလိမ့်မယ်၊

ဖက်ဒရယ်ကောင်စီဘက်ကတော့ ဒီအပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးတာနဲ့အတူ နိုင်ငံရေးဆွေးနွေးပွဲများအတွက် လုပ်ငန်းစဉ်ကို တစ်ပါတည်း ချမှတ်ကြေညာစေချင်ပါတယ်၊ ဖက်ဒရယ်ကောင်စီအနေနဲ့ သူတို့ရေးဆွဲထားတဲ့ ဆွေးနွေးဖြေရှင်းရေးလုပ်ငန်းအစီအစဉ် (Comprehensive National Peace and Ceasefire Agreement) ကို ၂၀၁၃ ခုနှစ် မေလကတည်းက ဦးသိန်းစိန်အစိုးရကို ဝန်ကြီးဦးအောင်မင်းက တဆင့် တင်ပြပြီး ဖြစ်တယ်လို့ သိရပါတယ်၊ အဲဒီအစီအစဉ်ကို ဖက်ဒရယ်ကောင်စီအပါအဝင်ဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုများ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ (Working Group for Ethnic Cooperation, WGEC) ကရေးဆွဲခဲ့ပြီး အချက် (၁၅) ချက်ပါ အခြေခံမူဝါဒများ၊ အချက် (၁၄) ချက်ပါ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်၊ အချက် (၆) ချက်ပါ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခြင်းဆိုင်ရာ လုပ်ငန်းစဉ်၊ အချက် (၉) ချက်ပါ အသွင်ကူးပြောင်းရေးကာလ သဘောတူညီချက်များ၊ နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးညီလာခံကြီးမှာ ပါဝင်ရမဲ့ ကိုယ်စားလှယ်အရေအတွက်နဲ့ ဖွဲ့စည်းရမည့် ကော်မီတီများ၊ အချက် (၉) ချက်ပါ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးရန်အကြောင်းအရာများ၊ နှစ်ဖက်တပ်များလိုက်နာရမည့် ကျင့်ဝတ်များပါဝင်ပါတယ်၊ ဖက်ဒရယ်ကောင်စီက သူတို့တင်ပြထားတဲ့ ဒီအစီအစဉ်ကို အစိုးရဘက်က ညှိနှိုင်းဆွေးနွေးသဘောတူပြီးမှပဲ နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ကို တိကျခိုင်မာတဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်များနဲ့ အတူတကွ လက်မှတ်ရေးထိုးချင်ပါတယ်၊

တစ်ခါ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်များဟာ မကြာသေးမီကမှ ပေါ်ထွက်လာတဲ့ တပ်မတော်ရဲ့ မူဝါဒ (၆) ချက်အပေါ်မှာလည်း သံသယရှိကြပါတယ်၊  မြန်မာ့တပ်မတော်ရဲ့  အပစ်ရပ်တိုင်းရင်းသားအဖွဲ့များနဲ့ ပါတ်သက်တဲ့ မူဝါဒ ၆ ချက်က (၁) လူမသတ်ရန်၊ (၂) အဓမ္မ တပ်စုဆောင်းခြင်း မပြုရန်နှင့် ဆက်ကြေး မကောက်ရန်၊ (၃) တပ်နေရာသစ် တိုးချဲ့ တည်ဆောက်ခြင်းမပြုရန်၊ (၄) မဟာမိတ် တပ်ဖွဲ့များအတွင်းသို့ အပစ်ရပ်ထားသော အဖွဲ့မှ တပ်သားများ ထည့်သွင်း တိုက်ခိုက်ခြင်းမပြုရန်၊ (၅) အစိုးရ အုပ်ချုပ်ရေးပိုင်းတွင် ၀င်ရောက် စွက်ဖက်ခြင်း မပြုရန်နှင့် (၆) တပ်မတော်၏ အုပ်ချုပ်မှု အောက်ရှိ ပြည်သူ့စစ် တပ်ဖွဲ့များကို တိုက်ခိုက်ခြင်း မပြုရန်တို့ ဖြစ်ကြပါတယ်၊ အဲဒီ (၆) ချက်ဟာ အပစ်ရပ်အဖွဲ့များ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်ရေး လက်မှတ်ရေးထိုးတုန်းက မပါဝင်ခဲ့ပဲ အခုမှ ပေါ်ပေါက်လာတာဖြစ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းများကို တပ်မတော်က သဘောမတူပဲ အနှောက်အယှက်ပေးဖို့ ကြိုးစားတာဖြစ်တယ်လို့ သံသယရှိကြပါတယ်၊

မယုံကြည်မှုတွေများ၊ မတူညီမှုတွေများ

အစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်တည်ရှိခဲ့တဲ့၊ တည်ရှိနေဆဲဖြစ်တဲ့ ပြည်တွင်းစစ်ကြီးကို အပြီးတိုင်ရပ်စဲဖို့ ကြိုးစားနေတာ ဝမ်းသာစရာပါ၊ ရိုးရိုးကလေးတွေးရင်ဖြင့် ရန်လိုမှုတွေအဆုံးသတ်၊ အပစ်အခတ်ရပ်စဲ၊ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေး၊ အားလုံးလက်ခံနိုင်တဲ့ သဘောတူညီချက်တွေကို ချမှတ်၊ တိုင်းပြည်ကြီးငြိမ်းချမ်း၊ အဲဒီလို ဖြစ်မယ်ဆိုရင် သိပ်ကောင်းမှာပါ၊ ဒါပေမည့် လက်တွေ့ဖြစ်စဉ်တွေမှာတော့ ဆွေးနွေးညှိနှိုင်းမှုတွေမှာ မခိုင်မာမှုတွေ၊ မယုံကြည်မှုတွေ၊ မသေချာမှုတွေ၊ ပြင်ပစွက်ဖက်မှုတွေ၊ မညီညွတ်မှုတွေ၊ မဖြစ်နိုင်တာကို ရချင်တာတွေ၊ မလိုအပ်တဲ့ ဈေးခေါ်မှုတွေ၊ မရိုးသားမှုတွေက ပြည့်နှက်နေတာမို့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အဆုံးသတ်ရေးဟာ အလှမ်းဝေးနေဆဲလို့ ကျနော်ထင်မိပါတယ်၊

ဆက်ရေးပါ့မယ်၊

အောင်ဒင်
စက်တင်ဘာ ၁၅၊ ၂၀၁၃





ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၂)


အောင်ဒင


(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၂၇၊ အောက်တိုဘာလ ၈ ရက်၊ ၂၀၁၃)
==================


မတူညီသော လမ်းပြမြေပုံများ

၂၀၁၂ ခုနှစ် မတ်လ ၁ရက်နေ့မှာ အစိုးရအဖွဲ့သက်တမ်း တစ်နှစ်ပြည့်မြောက်တဲ့ အထိန်းအမှတ်အဖြစ် ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားတဲ့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းအရ သမ္မတဦးသိန်းစိန် ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံက အဆင့် သုံးဆင့်၊ အချက်ပေါင်း ၁၄ ချက်ရှိပါတယ်၊ ပထမအဆင့်ဖြစ်တဲ့ “ပြည်နယ်အဆင့်”မှာ (၁) နှစ်ဘက်ရန်လိုမှုတွေ၊ ပစ်ခတ်မှုတွေ ရပ်စဲရန်၊ (၂) နှစ်ဘက်သဘောတူထားတဲ့ နယ်မြေမှာသာ နေထိုင်ရန်၊ (၃) သတ်မှတ်နေရာမှအပ ကျန်နေရာများသို့သွားလျင် လက်နက်မကိုင်ရန်၊ (၄) နှစ်ဘက်သဘောတူသည့်နေရာများမှာ ဆက်ဆံရေးရုံးများဖွင့်ရန်၊ နဲ့ (၅) ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲလုပ်မည့် နေရာ၊ အချိန်၊ ရက်သတ်မှတ်ရန်၊ တို့ပါဝင်ပါတယ်၊

ဒုတိယအဆင့်ဖြစ်တဲ့ “ပြည်ထောင်စုအဆင့်”မှာ (၁) ပြည်ထောင်စုက ခွဲမထွက်ရန်၊ (၂) တို့တာဝန်အရေးသုံးပါးကို လက်ခံရန်၊ (၃) စီးပွါးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဏတွေမှာ ပူးပေါင်းဆောင်ရွက်ရန်၊ (၄) မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ရန်၊ (၅) ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရန်၊ (၆) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအားလက်ခံရန်နှင့် ပြင်ဆင်လိုသည့်ကိစ္စများရှိပါက လွှတ်တော်အတွင်း အများသဘောတူ ဆန္ဒနှင့်အညီ ဆောင်ရွက်ရန်၊ (၇) ထာဝရငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တန်းတူညီတူနေထိုင်သွားလာလုပ်ကိုင်စားသောက်ရန်၊ နဲ့ (၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ တစ်ခုတည်းသော လက်နက်ကိုင် တပ်မတော်အဖြစ် ရပ်တည်ရေး ညှိနှိုင်းဆောင်ရွက်ရန်၊ စတဲ့အချက်များပါဝင်ပါတယ်၊ ဒီအချက်တွေကို နှစ်ဦး နှစ်ဖက် ညှိနှိုင်းပြီး သဘောတူညီချက် ရရှိပြီဆိုမှ တတိယအဆင့်ကို ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ တတိယအဆင့်ကိုတော့ “နိုင်ငံတော်အဆင့်” လို့ခေါ်ပြီး (၁) နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားခေါင်းဆောင် တွေ၊ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေ စတဲ့ နိုင်ငံတော်မှာရှိတဲ့ အဓိကကျတဲ့ နိုင်ငံရေးခေါင်းဆောင်များအားလုံး ပါဝင်ပြီး  ပြည်ထောင်စုလွှတ်တော်မှာ ငြိမ်းချမ်းရေးသဘောတူ လက်မှတ်ရေးထိုးကြရန် ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုက သမ္မတရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံက ပြည်နယ်အဆင့်ကိုလက်ခံပြီး အပစ်အခတ် ရပ်စဲဖို့ သဘောတူညီကြပေမည့် ပြည်ထောင်စုအဆင့်ကို လက်မခံကြပါ၊ ပြည်ထောင်စုအဆင့်မှာပါဝင်တဲ့ အမှတ် (၁) ကနေ အမှတ် (၄) အထိကို လက်ခံနိုင်ပေမည့် အမှတ် (၅) ကစလို့ (၈) အထိကို လက်မခံနိုင်ကြပါ၊ အဲဒီ နိုင်ငံရေးပါတီများတည်ထောင်ရေး၊ လွှတ်တော်ထဲရောက်ပြီးမှ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ကြိုးစားရေး နဲ့ ၎င်းတို့ရဲ့ လက်နက်ကိုင်တပ်များကို ဖျက်သိမ်းပြီး တစ်ခုတည်းသော မြန်မာ့တပ်မတော်ထဲ ပေါင်းစည်းရေးတွေဟာ သူတို့ကို ဘာနိုင်ငံရေးအာမခံချက်မှမရှိပဲ၊ ဘာသဘောတူညီချက်မှ မရှိပဲ လက်နက်ချခိုင်းတာသာ ဖြစ်တယ်လို့ ခံယူကြပါတယ်၊

အမှန်တကယ်လည်း မြန်မာ့တပ်မတော်က သဘောမတူရင်၊ ခွင့်မပြုရင် ပြင်ဆင်လို့မရအောင် ဖန်တီးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်နက်ကိုင်နည်းလမ်းကို စွန့်လွှတ်၊ နိုင်ငံရေးပါတီများထူထောင်၊ ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲရောက်မှ ပြင်ဖို့ကြိုးစားကြလို့ ကမ်းလှမ်းတာဟာ တစ်ဘက်သတ် အနိုင်ကျင့်ရာရောက်လွန်းလှပါတယ်၊

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၄၊ ၁၅၊ ၁၆ ရက်တွေမှာ ထိုင်း-မြန်မာနယ်စပ်ဒေသ တစ်နေရာမှာ တိုင်းရင်းသားလူမျိုးစုများရဲ့ ညီလာခံတစ်ခုကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ဦးဆောင်ကျင်းပခဲ့ပါတယ်၊ အဲဒီညီလာခံကို တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၊ ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များတက်ရောက်ခဲ့ကြပြီး “တိုင်းရင်းသားလူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ် (၆) ချက်” ကို ချမှတ်ခဲ့ကြပါတယ်၊ ဒါဟာဖြင့် သမ္မတ ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံကို တုန့်ပြန်တဲ့ တိုင်းရင်းသားလူမျိုးစုများရဲ့ ငြိမ်းချမ်းရေး လမ်းပြမြေပုံဖြစ်ပါတယ်၊ ပါဝင်တဲ့ အချက် (၆) ချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်၊

တိုင်းရင်းသားလူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာနိုင်ငံရေးလုပ်ငန်းစဉ် ( ၆ ) ချက်

(၁) တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အမျိုးသမီးနှင့် လူငယ်ထုအပါ အဝင် အရပ်ဘက်လူ့အဖွဲ့အစည်းများ (Civil Societies) တို့တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီး “နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာမူဘောင်” (Framework for Political Dialogue) တွင် ပါဝင်မည့်အချက်အလက်များကို သဘောတူ ချမှတ်ရန်။

(၂) ပြည်ထောင်စုအစိုးရကိုယ်စားလှယ်များနှင့် လက်နက်ကိုင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၏ စုစည်း ထားသော ကိုယ်စားလှယ်များအကြားတွေ့ဆုံဆွေးနွေး၍ “တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်သဘောထား” (The Framework of Political Dialogue) သဘောတူညီချက် ရရှိရန်။ ထိုသို့ပြုလုပ်ရာတွင် -
(က) ဘက်နှစ်ဘက်မှ လက်ခံနိုင်သောနေရာတွင် ဆွေးနွေးရန်။
(ခ) ဆွေးနွေးစဉ်နှင့် သဘောတူညီချက်များကိုအကောင်အထည်ဖော်ရာတွင် ဘက်မလိုက်သောနိုင်ငံ တကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ထားရှိရန်နှင့် သဘောတူညီချက်များကို အများပြည်သူသိရှိအောင် လွတ်လပ်သောမီဒီယာများမှတဆင့် ပူးတွဲထုတ်ပြန်ရန်။
(၃) ပြည်ထောင်စုအစိုးရနှင့် လက်နက်ကိုင်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအကြား တွေ့ဆုံဆွေးနွေးပွဲမှ “တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်သဘောထား” (The Framework of Political Dialogue) သဘောတူညီချက်ရရှိပြီးမှ သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းအလိုက် သော်လည်းကောင်း၊ လူမျိုးအလိုက်သော်လည်းကောင်း တိုင်းရင်းသားတို့၏ ညီလာခံများကျင်းပပြီး ရှင်းလင်းညှိနှိုင်းသဘောထား ရယူသွားရန်။
(၄) တနိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းရင်းသားများ၏ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း များမှကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးနှင့်လူငယ်အဖွဲ့အစည်းများအပါအဝင် Civil Societies အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များပါဝင်သော တိုင်းရင်းသားလူမျိုးစုံ ညီလာခံတခုကို ခေါ်ယူကျင်းပသွားရန်။
(၅) တိုင်းရင်းသားအင်အားစုများ၏ ကိုယ်စားလှယ်များ၊ ဒီမိုကရေစီနည်းအရလှုပ်ရှားနေကြသော နိုင်ငံရေးအင်အားစုများ၏ကိုယ်စားလှယ်များ၊ အစိုးရကိုယ်စားလှယ်များ အချိုးညီပါဝင်ပြီး အင်အားစုသုံးစုစလုံးလက်ခံနိုင်သော ပုံစံဖြင့် ပင်လုံစိတ်ဓါတ်ကိုအခြေခံသော ပြည်ထောင်စုညီလာခံကြီးတရပ် ကျင်းပသွားရန်။ ထိုညီလာခံကြီးမှ ချမှတ်သော သဘောတူညီချက်များကို “တိုင်းရင်းသားလူမျိုးများဆိုင်ရာ ပြည်ထောင်စုသဘောတူညီချက်” (Union Accord) အဖြစ် သဘောတူလက်မှတ်ရေးထိုးရန်။
(၆) “တိုင်းရင်းသားလူမျိုးများဆိုင်ရာ ပြည်ထောင်စုသဘောတူညီချက်” (Union Accord) ကို အချိန်အတိအကျ သတ်မှတ်ပြီးအကောင်အထည်ဖော် ဆောင်ရွက်သွားရန်။

ဒီသဘောထားကို ညီညွတ်သောတိုင်းရင်းသားများဖက်ဒရယ်ကောင်စီရဲ့ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး အင်ဗန်လ က သမ္မတဦးသိန်းစိန်ထံ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ နေ့စွဲနဲ့ စာရေးပြီး အကြောင်းကြားခဲ့ပါတယ်၊

၂၀၁၃ ခုနှစ် ဇူလိုင် ၂၉ ကနေ ၃၁ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ်မှာ (ဒုတိယအကြိမ်) တိုင်းရင်းသား လူမျိုးစုများညီလာခံ ကို ဖက်ဒရယ်ကောင်စီက ဦးဆောင်ပြီးထပ်မံကျင်းပပါတယ်၊ အဲဒီညီလာခံကို ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် လက်နက်ကိုင်အင်အားစုများ၊  မြန်မာနိုင်ငံတွင်းက ၁၉၉၀ ရွေးကောက်ပွဲဝင် ညီညွတ်သောတိုင်းရင်းသား မဟာမိတ်များ (United Nationalities Alliance, UNA) အဖွဲ့ဝင် တိုင်းရင်းသားပါတီများ၊ ၂၀၁၀ ရွေးကောက်ပွဲဝင် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (Nationalities Brotherhood Federation, NBF) အဖွဲ့ဝင် တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ ပညာရှင်များ၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အခြေစိုက်ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ပေါင်းစု (Peace and Democracy Front, PDF)၊ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် မဟုတ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (Restoration Council of Shan State, RCSS) နဲ့ တိုင်းရင်းသားလူမျိုးစုများ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ (Working Group for Ethnic Cooperation, WGEC) တို့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၂၂ဦး တက်ရောက်ခဲ့ပါတယ်၊ သုံးရက်ကြာညီလာခံကနေ ၂၀၁၂ ခုနှစ် စက်တင်ဘာလမှာ ကျင်းပခဲ့တဲ့ (ပထမ) ညီလာခံက ချမှတ်ခဲ့တဲ့ တိုင်းရင်းသားလူမျိုးများ၏ ငြိမ်းချမ်းရေးလမ်းပြမြေပုံ (၆) ချက်ကို ထပ်မံအတည်ပြုခဲ့ကြပါတယ်၊
အဲဒီ တိုင်းရင်းသားညီလာခံက အခြားအရေးကြီးတဲ့ ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ပါသေးတယ်၊ အဲဒီ ဆုံးဖြတ်ချက်များအကြောင်းကို နောက်ပိုင်းမှာ ဆက်လက်ဆွေးနွေးပါ့မယ်၊

အစိုးရဘက်မှ အပြောင်းအလဲအချို့

အထက်မှာတင်ပြခဲ့တဲ့အတိုင်း ဦးသိန်းစိန်အစိုးရရဲ့ အဆင့် သုံးဆင့်၊ အချက် ၁၄ ချက် ငြိမ်းချမ်းရေးလမ်းပြမြေပုံနဲ့ တိုင်းရင်းသားလူမျိုးစုများအဆိုပြုတဲ့ အချက် ၆ ချက် ငြိမ်းချမ်းရေးလမ်းပြမြေပုံများဟာ အင်မတန်ကွာခြားလှပါတယ်၊ ဒီအတိုင်းဆိုရင်ဖြင့် နှစ်ဘက်ဆုံနိုင်စရာ လမ်းမရှိတော့သလိုပါ၊

နောက်ပိုင်းမှာ အစိုးရဘက်က အပြောင်းအလဲအချို့လုပ်လာပါတယ်၊ တိုင်းရင်းသားများနဲ့ ပြဿနာဟာ စစ်မက်ရေးရာပြဿနာမဟုတ်ပဲ နိုင်ငံရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ ပြဿနာဖြစ်တယ်လို့ လက်ခံလာပါတယ်၊ ပြည်တွင်းစစ်ကို အဆုံးမသတ်နိုင်သ၍ တိုင်းပြည်တိုးတက်မှာမဟုတ်ဘူးလို့ လက်ခံလာပါတယ်၊ ဖက်ဒရယ်မူဆိုတာ ခွဲထွက်ခြင်းမဟုတ်ပဲ တန်းတူညီမျှ ပေါင်းစည်းခြင်းဖြစ်တယ်လို့ အသိအမှတ်ပြုလာပါတယ်၊ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ တိုင်းရင်းသားလူမျိုးစုများရဲ့ အခွင့်အရေးများကို တိုးမြှင့်ပေးရမယ်လို့ နားလည်လာကြပါတယ်၊ အရင်က တစ်ဖွဲ့ချင်းနဲ့ သီးခြားစီ ဆွေးနွေးမယ်လို့ ရပ်တည်ခဲ့ရာကနေ ဖက်ဒရယ်ကောင်စီကို တပ်ပေါင်းစုအဖြစ်အသိအမှတ်ပြုပြီး တပ်ပေါင်းစုအနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီက စတင်ဆွေးနွေးလာပါတယ်၊ မြန်မာနိုင်ငံအတွင်းမှာပဲ ဆွေးနွေးပွဲတွေကျင်းပမယ်လို့ ရပ်တည်ခဲ့ရာကနေ နှစ်ဘက်အဆင်ပြေတဲ့ ပြည်ပနိုင်ငံတစ်ခုမှာလည်း တွေ့ဆုံဖို့ သဘောတူလာပါတယ်၊

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ ထိုင်းနိုင်ငံမှာ ချင်းမိုင်မြို့မှာ ဖက်ဒရယ်ကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့ ဝန်ကြီးဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ပထမဆုံးအကြိမ် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ နိုင်ဟံသာခေါင်းဆောင်တဲ့ ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(Delegation for Political Dialogue) တို့ ချင်းမိုင်မြို့မှာ ပထမဆုံးအကြိမ် တရားဝင် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးအကြို ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်၊ ၂၀၁၃ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့မှာ ဦးလှမောင်ရွှေ ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မီတီရဲ့ နည်းပညာဆိုင်ရာအကြံပေးအဖွဲ့ (Technical Team) နဲ့ ဖဒိုမန်းမန်းခေါင်းဆောင်တဲ့ ဖက်ဒရယ်ကောင်စီ နိုင်ငံရေးဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ရဲ့ နည်းပညာအကြံပေးအဖွဲ့တို့ ချင်းမိုင်မြို့မှာပဲ ဆွေးနွေးခဲ့ကြပါတယ်၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှာ နှစ်ဘက်ကိုယ်စားလှယ်များရဲ့ ဒုတိယအကြိမ် နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအကြို ညှိနှိုင်းဆွေးနွေးပွဲကို ချင်းမိုင်မြို့မှာ ထပ်မံကျင်းပခဲ့ပါတယ်၊

ဆက်ပါဦးမယ်၊

လေးစားစွာ၊

အောင်ဒင်
စက်တင်ဘာလ ၁၅၊ ၂၀၁၃





ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၃)

အောင်ဒင် ၊ အောက်တိုဘာ ၂၃၊ ၂၀၁၃
(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၂၈၊ အောက်တိုဘာလ ၁၅ ရက်၊ ၂၀၁၃)
================== 

အစိုးရ၏ မရေရာသော လမ်းပြမြေပုံ
အစိုးရဘက်က ငြိမ်းချမ်းရေးဖော်ဆောင်ရေးနဲ့ ပါတ်သက်ပြီး အပြောင်းအလဲအချို့လုပ်ခဲ့ပေမည့် ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံကတော့ တရားဝင် အပြောင်းအလဲမရှိ ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်၊ တိုင်းရင်းသားများဘက်က တပ်တွေစွန့်၊ ပါတီထောင်၊ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲရောက်မှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ဆိုတာကို လက်မခံပဲ အပစ်အခတ်ရပ်စဲပြီးတာနဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပပြီး ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်ပြင်ပကနေ ပြင်ဖို့ တောင်းဆိုထားပေမည့် အစိုးရဘက်က တရားဝင် လက်မခံသေးပါ၊ ဒါ့အပြင် နိုင်ငံရေး ဆွေးနွေးပွဲများကို ဘယ်လိုဘယ်ပုံလုပ်မယ် ဆိုတဲ့ ရှင်းလင်းသေချာတဲ့ အစီအစဉ်လည်း ရှိပုံမရပါ၊ ရှိရင်လည်း တိုင်းရင်းသားခေါင်းဆောင်များကိုရော၊ ပြည်သူလူထုကိုပါ တရားဝင်ချပြခြင်းမရှိသေးပါ၊

နိုင်ငံရေးဆွေးနွေးပွဲများနဲ့ ပါတ်သက်ပြီး အစိုးရတာဝန်ရှိသူများက အမျိုးမျိုးပြောနေကြတာကလည်း ပြည်သူလူထုအကြား စိတ်ရှုပ်ထွေးစရာပါ၊ ကရင့်အမျိုးသားအစည်းအရုံး (Karen National Union, KNU) ရဲ့ ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး နဲ့ နေပြည်တော်မှာ တွေ့ဆုံတော့ သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးဆွေးနွေးပွဲများကို ပြည်ထောင်စုလွှတ်တော်ထဲမှာပဲ ဆွေးနွေးသင့်တယ်လို့ ပြောခဲ့ပါတယ်၊ ဝန်ကြီး ဦးအောင်မင်းကကျတော့ “သက်ဆိုင်သူအားလုံးပါဝင်တဲ့ ပင်လုံညီလာခံလို လူထုအစည်းအဝေးကြီးတစ်ခုကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးနဲ့ တစ်ချိန်တည်းမှာ ကျင်းပမယ်၊ ပင်လုံလို ညီလာခံကြီးမှာ ဆွေးနွေးအဖြေထုတ်လို့ရတာတွေကို ဆုံးဖြတ်ပြီး အဲဒီ ညီလာခံက ဆုံးဖြတ်လို့မရတာတွေကို ပြည်ထောင်စုလွှတ်တော်ကို တင်ပို့ပြီး ဆုံးဖြတ်စေမယ်” လို့ပြောပြန်ပါတယ်၊

၂၀၁၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဦးအောင်မင်းက ငြိမ်းချမ်းရေးဖော်ဆောင်ရေးနဲ့ ပါတ်သက်ပြီး အစိုးရကိုယ်စား လွှတ်တော်သို့အစီရင်ခံရာမှာ “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးရင် နောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲများကို လွှတ်တော်မှ ဦးစီးဆောင်ရွက်နိုင်ရန်အတွက် လွှဲပြောင်းပေးရန် အစီအစဉ်ရှိကြောင်း” ပြောပြန်ပါတယ်၊

ဒီတော့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ မျှော်လင့်တောင့်တနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲများ တကယ်ဖြစ်လာမှာလား၊ ဖြစ်ရင်ရော ဘယ်လို ပုံသဏ္ဏန်နဲ့ ဖြစ်မှာလဲ၊ ဘယ်သူက ဦးဆောင်မှာလဲ၊ အစိုးရလား၊ လွှတ်တော်လား၊ စသဖြင့် မေးခွန်းတွေက ပိုပြီးများပြားလာပါတယ်၊

လွှတ်တော်မှာလည်း သူရဦးရွှေမန်း နာယကအဖြစ် တာဝန်ယူပြီးကတည်းက ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများမှာ ထိထိရောက်ရောက်ပါဝင်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်၊ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်၊ မပြင်ဆင်သင့် လေ့လာသုံးသပ်ဖို့ လွှတ်တော်နှစ်ရပ်ပူးပေါင်းကော်မီတီ တစ်ခုကို လွှတ်တော်ကိုယ်စားလှယ် ၁၀၉ ဦးနဲ့ ဖွဲ့စည်းထားပြီး အဲဒီကော်မီတီက လေ့လာသုံးသပ်ချက်တွေကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကုန် နောက်ဆုံးထားပြီး တင်ပြရမယ်လို့ ဆိုပါတယ်၊ ဒါပေမည့် ဒီပူးပေါင်းကော်မီတီမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ၅၂ ဦးနဲ့ တပ်မတော်ကိုယ်စားလှယ် ၂၅ ဦးတို့က အများစုလွှမ်းမိုးထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၇) ဦးနဲ့ တိုင်းရင်းသားပါတီကိုယ်စားလှယ်များက ၂၅ ဦးသာပါဝင်တာကြောင့် ဒီကော်မီတီရဲ့ လေ့လာသုံးသပ်မှုဟာ တိုင်းရင်းသားများ မျှော်လင့်သလောက် တန်းတူညီမျှအခွင့်အရေးတွေရဖို့ မဖြစ်နိုင်ပါ၊ တစ်ခါ လွှတ်တော်မှာပဲ “တိုင်းရင်းသားလူမျိုးစုများအခွင့်အရေးကာကွယ်ရေး ဥပဒေကြမ်း” ကို ရေးဆွဲနေတယ်လို့ သိရပါတယ်၊ ဥပဒေတိုင်းဟာ တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံရေးဆွဲရပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံကိုယ်နှိုက်က တိုင်းရင်းသားလူမျိုးများရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေကို ကန့်သတ်ထားတာမို့ ၂၀၀၈ ဖွဲ့စည်းပုံကိုအခြေခံ ရေးဆွဲမည့် “တိုင်းရင်းသားလူမျိုးစုများ အခွင့်အရေးကာကွယ်ရေး ဥပဒေကြမ်း” ဟာလည်း တိုင်းရင်းသားများရဲ့ မျှော်လင့်ချက်နဲ့ ကိုက်ညီလိမ့်မယ်မထင်ပါ၊

အပစ်ရပ်လိုက်၊ ပြန်တိုက်လိုက်

မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ အပစ်အခတ်ရပ်စဲကြတယ်ဆိုတာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများရဲ့ ပထမခြေလှမ်းဖြစ်ပြီး စစ်ပွဲများအပြီးတိုင်ရပ်စဲရေးအတွက် ကြိုတင်ပြင်ဆင်မှုလည်း ဖြစ်သင့်ပါတယ်၊ အပစ်အခတ်ရပ်စဲခြင်းဟာ နောင်တစ်ချိန်မှာ ပြန်လည်တိုက်ခိုက်ဖို့ အားမွေးတဲ့ သဘော၊ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန်လှည့်စားကြတဲ့ သဘောမဖြစ်သင့်ပါ၊ အခုမြင်တွေ့နေရတဲ့ အပစ်ရပ်မှုကတော့ နှစ်ဘက်တပ်တွေ စစ်တိုက်တာ ခဏနား၊ လက်နက်၊ ရိက္ခာနဲ့ စစ်သည်အင်အားဖြည့်၊ ပြီးတော့ အလွယ်တကူတွေ့နိုင်တဲ့ အမှားတစ်ခုခု၊ အကြောင်းပြချက်တစ်ခုနဲ့ ပြန်တိုက်နေကြသလိုပါ၊ အစိုးရသစ်တက်ပြီး လက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့နဲ့ ပြည်နယ်အဆင့်၊ ၁၈ ဖွဲ့နဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲဖို့ သဘောတူပြီးပြီဆိုပေမည့် တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွါးနေဆဲပါ၊ ၂၀၁၃ ခုနှစ် မေလမှ ဩဂုတ်လအထိ လေးလတာကာလအတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်၊

ပြည်တွင်းစစ်ကြောင့် နှစ်ဘက်တပ်တွေ သေကြေပျက်စီးကြ၊ ဒဏ်ရာရကြသလို တိုင်းရင်းသားပြည်သူတွေအများကြီး အတိဒုက္ခရောက်ကြရပါတယ်၊ ပြည်တွင်းစစ်မှာ ကြားညပ်ပြီး သေဆုံးခဲ့ကြရတဲ့ အပြစ်မဲ့တိုင်းရင်းသားပြည်သူတွေ သောင်းနဲ့ချီပြီး ရှိမယ်လို့ ခန့်မှန်းရပါတယ်၊ နေအိမ်ရပ်ရွာကို စွန့်ခွါထွက်ပြေးကြရတဲ့ ဒုက္ခသည်ပေါင်း သုံးသိန်းခွဲကျော်ရှိပြီး ရွာပုံးရွာရှောင်တွေမှာ ခိုအောင်းနေထိုင်ရတဲ့ ပြည်သူတွေ လေးသိန်း ခြောက်သောင်းကျော်ရှိပါတယ်၊ ဒီတိုင်းရင်းသားပြည်သူတွေရဲ့ ဘဝဟာ တိုက်ပွဲတွေဖြစ်နေတုန်းမှာ အဆိုးဝါးဆုံးခံစားခဲ့ကြရသလို တိုက်ပွဲတွေ ရပ်နားထားတော့လည်း အဆုံးဆုံးဘဝက မလွတ်မြောက်နိုင်ကြပါ၊ အပစ်အခတ်ရပ်စဲရေးက မခိုင်မာတာမို့ နှစ်ဘက်တပ်များက လက်နက်၊ ရိက္ခာ၊ စစ်သည်စုဆောင်းကြတဲ့အခါ ဒီပြည်သူတွေအပေါ်ပဲ ဒဏ်ပိလာတာပါ၊ အဓမ္မဆက်ကြေးကောက်ခံမှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ အဓမ္မစစ်သားစုဆောင်းမှု၊ အဓမ္မဖမ်းဆီးအနိုင်ကျင့် သတ်ဖြတ်မှုတွေကို ဒီတိုင်းရင်းသားပြည်သူတွေပဲ ဆက်လက်ခံစားနေကြရတာပါ၊

အစိုးရကတော့ အစီအစဉ်အတိုင်း အောက်တိုဘာလထဲမှာ နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးမတက်ရောက်ရင်တောင်မှ မဖြစ်မနေကျင်းပပါလိမ့်မယ်၊ ဖက်ဒရယ်ကောင်စီကလည်း တက်မယ်၊ မတက်ဘူးဆိုတာကို သဘောထားမပေးနိုင်သေးဘူး ဆိုတဲ့ အဆင့်ကနေ စက်တင်ဘာလကုန်မှာ ကျင်းပမည့် ဖက်ဒရယ်ကောင်စီရဲ့ အလုပ်အမှုဆောင်အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်မယ်လို့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက စက်တင်ဘာလ ၁၅ ရက်နေ့မှာ ပြောပါတယ်၊ သေချာတာက အောက်တိုဘာလက်မှတ်ရေးထိုးပွဲကို ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် လက်နက်ကိုင်တပ်များ အားလုံးမဟုတ်တောင် ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်အချို့၊ ဖက်ဒရယ်ကောင်စီမှာမပါတဲ့ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အတော်များများ တက်ရောက်ကြပါလိမ့်မယ်၊ ဒါပေမည့် အဲဒီ လက်မှတ်ရေးထိုးပွဲကြောင့် မြန်မာနိုင်ငံမှာ အမှန်တကယ်ပဲ သေနတ်သံတွေ ရပ်စဲသွားမှာလား၊ ကျနော်ကတော့ သံသယရှိနေဆဲပါ၊

အပစ်အခတ်ရပ်စဲရေး ရှည်ကြာ ခိုင်မာဖို့

နှစ်ဘက်စစ်တပ်များ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အပစ်အခတ်ရပ်စဲကြတဲ့အခါ ဒီအပစ်အခတ်ရပ်စဲရေးကို ကာလရှည်ကြာထိန်းသိမ်းဖို့အတွက် အရေးတကြီးလိုအပ်ချက် နှစ်ခုရှိပါတယ်၊ (၁) ကြားနေအဖွဲ့အစည်းများ သို့မဟုတ် နှစ်ဘက်ပူးတွဲကော်မီတီဖွဲ့စည်းပြီး အပစ်အခတ်ရပ်စဲမှုကို စောင့်ကြပ်ထိန်းသိမ်းရေးနဲ့ (၂) နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးအဖြေရှာရေး တို့ဖြစ်ကြပါတယ်၊ လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဆိုပါအရေးကြီးတဲ့ အချက်နှစ်ခုစလုံး လစ်ဟာနေပါတယ်၊

ကြားနေအဖွဲ့အစည်းများနဲ့ သို့မဟုတ် နှစ်ဘက်ကိုယ်စားလှယ်များနဲ့ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်များပါဝင်တဲ့ “အပစ်အခတ်ရပ်စဲမှု စောင့်ကြပ်ထိန်းသိမ်းရေးကော်မီတီ” တစ်ရပ်ဖွဲ့စည်းဖို့လိုအပ်ပါတယ်၊ ဒီကော်မီတီက နှစ်ဘက်စစ်တပ်များရဲ့ တပ်နေရာချထားမှု၊ တပ်ရွေ့လျားမှု တွေကို နှစ်ဘက်သဘောတူညီထားတဲ့အတိုင်း ထိန်းသိမ်းအောင် စောင့်ကြပ်သတိပေးနေရမှာပါ၊ တစ်ဘက်နဲ့ တစ်ဘက် နားလည်မှုလွဲစရာ အကြောင်းရှိရင်လည်း စစ်ပွဲနဲ့ မဖြေရှင်းပဲ ကော်မီတီက ကြားဝင်ဖြေရှင်းပေးတာကို နှစ်ဘက်တပ်များက လိုက်နာရပါမယ်၊ အထူးသဖြင့် စစ်မက်ဖြစ်ပွါးရာနေရာဒေသက တိုင်းရင်းသားပြည်သူတွေရဲ့ လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ရရှိစေရေးကိုလည်း ဒီကော်မီတီက တာဝန်ယူရမှာပါ၊ နှစ်ဘက်တပ်တွေက သတ်မှတ်ထားတဲ့ စည်းကမ်းတွေ မချိုးဖောက်အောင် စောင့်ကြပ်ကွပ်ကဲဖို့ တာဝန်ရှိသလို နှစ်ဘက်တပ်များ နားလည်မှုရှိလာချိန်၊ တစ်ဘက်မှာလည်း နိုင်ငံရေးဆွေးနွေးပွဲများ အတော်ခရီးရောက်နေချိန်မှာ နှစ်ဘက်စစ်တပ်များ မြှုတ်နှံထားတဲ့ မြေမြုတ်မိုင်းတွေကို စနစ်တကျရှင်းလင်းဖို့၊ ဒုက္ခသည်များကို နေရပ်ဒေသ ပြန်ပို့နိုင်ဖို့၊ ဒုက္ခသည်များရဲ့ ဘဝပြန်လည်တည်ဆောက်ရေးများကိုလည်း ကူညီဖို့ ဒီကော်မီတီမှာ တာဝန်ရှိပါတယ်၊

နှစ်ဘက်စစ်တပ်များမှာလည်း သတ်မှတ်ထားတဲ့ ကျင့်ဝတ်တွေကို လိုက်နာရမှာပါ၊ မြန်မာ့တပ်မတော်က အခုတလောမှာ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ပါတ်သက်တဲ့ မူဝါဒ (၆) ချက်ကို ချမှတ်ထားတယ်လို့ ဆိုပါတယ်၊ အဲဒီမူဝါဒတွေက (၁) လူမသတ်ရန်၊ (၂) အဓမ္မ တပ်သားစုဆောင်းခြင်း မပြုရန်နှင့် ဆက်ကြေး မကောက်ရန်၊ (၃) တပ်နေရာသစ် တိုးချဲ့ တည်ဆောက်ခြင်း မပြုရန်၊ (၄) မဟာမိတ် တပ်ဖွဲ့များအတွင်းသို့ အပစ်ရပ်ထားသော အဖွဲ့မှ တပ်သားများ ထည့်သွင်း တိုက်ခိုက်ခြင်း မပြုရန်၊ (၅) အစိုးရ အုပ်ချုပ်ရေးပိုင်းတွင် ၀င်ရောက် စွက်ဖက်ခြင်း မပြုရန်နှင့် (၆) တပ်မတော်၏ အုပ်ချုပ်မှု အောက်ရှိ ပြည်သူ့စစ် တပ်ဖွဲ့များကို တိုက်ခိုက်ခြင်း မပြုရန်တို့ ဖြစ်ကြပါတယ်၊ ဖြစ်သင့်တာက အဲဒီလို စည်းကမ်းချက်တွေ (Military Code of Conduct) ကို နှစ်ဘက်တပ်ဖွဲ့များ သဘောတူချမှတ်ရမှာ ဖြစ်ပြီး နှစ်ဘက်တပ်ဖွဲ့များက လိုက်နာရမှာ ဖြစ်ပါတယ်၊ လိုက်နာမှုရှိမရှိကိုလည်း  “အပစ်အခတ်ရပ်စဲမှု စောင့်ကြပ်ထိန်းသိမ်းရေးကော်မီတီ” က စောင့်ကြပ်လေ့လာနေရမှာပါ၊ တစ်ဘက်သတ်ချမှတ်တဲ့ စည်းကမ်းများ မဖြစ်သင့်ပါ၊

နောက်ထပ်အရေးတကြီးလိုအပ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးကလည်း အခုအချိန်အထိ ဇဝေဇဝါ ဖြစ်ဆဲပါ၊ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပဖို့အတွက် အစိုးရဘက်မှာ စနစ်တကျ ပြင်ဆင်ထားတာမရှိသလို တိုင်းရင်းသားအင်အားစုများက တင်ပြတဲ့ အစီအစဉ်ကိုလည်း အစိုးရက အပြည့်အဝလက်မခံပါ၊ အောက်တိုဘာ လက်မှတ်ရေးထိုးပွဲအပြီး နောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဦးသိန်းစိန်အစိုးရက ဆက်လက်ဦးဆောင်ဆွေးနွေးမှာလား၊ လွှတ်တော်နဲ့ ဆက်ဆွေးနွေးကြဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို လွှတ်တော်လက်ထဲ ထားခဲ့မှာလား၊ ဒါမှမဟုတ် အစိုးရနဲ့ လွှတ်တော် ပူးပေါင်းပြီး တိုင်းရင်းသားတွေနဲ့ ဆွေးနွေးမှာလား၊ ဆွေးနွေးပွဲတွေကျင်းပရင် အချိန်ဘယ်လောက် ကြာမလဲ၊ အဆင့် ဘယ်နှစ်ဆင့်ရှိမလဲ၊ ကျနော်တို့ ဘာမှမသိရပါ၊
အခုလို အဓိကလိုအပ်ချက်ကြီးနှစ်ခုဖြစ်တဲ့ “အပစ်အခတ်ရပ်စဲမှု စောင့်ကြပ်ထိန်းသိမ်းရေးကော်မီတီ” နဲ့ “တိကျခိုင်မာသော နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်” များမပါရှိသေးတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲမှုဟာ အမှန်တကယ်ရှည်ကြာပါ့မလား၊ ခိုင်မာပါ့မလား၊ ကျနော် သံသယရှိမိပါတယ်၊

ဆက်ပါဦးမယ်၊

လေးစားစွာ၊
အောင်ဒင်
စက်တင်ဘာ ၁၆၊ ၂၀၁၃



ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၄)
အောင်ဒင်၊ အောက်တိုဘာ ၂၆၊ ၂၀၁၃
(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၂၉၊ အောက်တိုဘာလ ၂၂ ရက်၊ ၂၀၁၃)
==================
နိုင်ငံရေးဆွေးနွေးကြရင်ကော အဖြေရှိပါ့မလား
အစိုးရဘက်က တိကျခိုင်မာတဲ့ နိုင်ငံရေးဆွေးနွေးပွဲအစအစဉ်မရှိသေးလို့ စိတ်ပူရသလို တစ်ဘက်မှာ တိုင်းရင်းသားများရဲ့ မျှော်လင့်ချက်တွေကို ကြည့်လိုက်တော့လည်း အလွန်အကျွံမြင့်မားနေတာ တွေ့ရပါတယ်၊ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၉ ကနေ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ (ဒုတိယ) တိုင်းရင်းသားလူမျိုးစုများညီလာခံက ချမှတ်ခဲ့တဲ့ အောက်ပါဆုံးဖြတ်ချက်များကို ကြည့်ပါ၊
(ဒုတိယ) တိုင်းရင်းသားများညီလာခံမှ ဆုံးဖြတ်ချက်များ
(၁) ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို အမျိုးသားပြည်နယ်များ (National States) နှင့် အမျိုးသားများ ပြည်နယ်များ (Nationalities States) တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေနဲ့ စုစည်းပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရန်၊
(၂) ဖက်ဒရယ်ပြည်ထောင်စုအတွင်းမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန်၊
(၃) ဖက်ဒရယ်ပြည်ထောင်စုကို ပြည်ပအန္တရာယ်များမှ အကာအကွယ်ပေးမည့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းတည်ထောင်ရန်၊
(၄) ဦးသိန်းစိန် အစိုးရမှ လက်ရှိကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီအနှစ်သာရများနှင့် ပြည့်ဝခြင်းမရှိ၊ ဖက်ဒရယ်ဆိုင်ရာမူဝါဒများနှင့် မကိုက်ညီသည့်အတွက် လက်မခံနိုင်၊ စစ်မှန်သော ဖက်ဒရယ်စနစ်အပေါ်အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ရပ်ကို ရေးဆွဲ၍ အသုံးပြုနိုင်ရေး ကြိုးစားရန်၊
(၅) ညီညွတ်သော တိုင်းရင်းသားများဖက်ဒရယ်ကောင်စီ (UNFC) နှင့် ညီညွတ်သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့ (UNA) တို့က ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲရေးကို ဦးဆောင်ကြမည်၊ ညီလာခံ၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ခြင်း၏ တစ်စိတ်တစ်ဒေသအဖြစ် ဒီမိုကရေစီအင်အားစုများ၊ အမျိုးသမီးအဖွဲ့များ၊ လူငယ်အဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သော အခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မီတီကို ဖွဲ့စည်းရန်၊
(၆) ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သော (ပထမ) တိုင်းရင်းသားလူမျိုးစုများညီလာခံမှ ချမှတ်ခဲ့သော ငြိမ်းချမ်းရေးလမ်းပြမြေပုံ (၆) ချက်ကို ထပ်မံအတည်ပြုသည်၊ နိုင်ငံရေးဆွေးနွေးပွဲများနှင့် ညှိနှိုင်းဆွေးနွေးမှုများတွင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ အားလုံးသည် တစ်စုတစ်စည်းတည်း ကိုယ်စားပြုရပ်တည်ရန်၊ တစ်ဖွဲ့ချင်းစီ သီးခြားရပ်တည်ဆွေးနွေးခြင်းမပြုရန်၊
အဲဒီ အချက် (၆) ချက်အပြင် ဖက်ဒရယ်ပြည်ထောင်စုအတွင်းမှာ အခြားတိုင်းရင်းသားများနည်းတူ ဗမာလူမျိုးများအတွက် ဗမာပြည်နယ် ဖွဲ့စည်းရပ်တည်ရန် ဆိုတာကိုပါ ဆုံးဖြတ်ခဲ့ကြပါသေးတယ်၊
ဗမာလူမျိုးများကိုလည်း ထည့်စဉ်းစားပါ၊
တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးတွေကို ပြန်လည်ရယူချင်တယ်ဆိုတာ သဘာဝကျ၊ တရားမျှတပါတယ်၊ စစ်အင်အားသုံးဖြေရှင်းပြီး စစ်ပွဲမှာ အနိုင်ရခဲ့ရင်ဖြင့် သူတို့လိုချင်တာတွေအားလုံးကို သူတို့စိတ်ကြိုက်ဖန်တီးနိုင်ကြမှာပါ၊ ပြဿနာတွေကို စစ်ပွဲနဲ့ မဖြေရှင်းပဲ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းဖြေရှင်းကြမယ်ဆိုရင်တော့ လိုချင်သလောက် အကုန်မရနိုင်ဘူး၊ လိုချင်တာတွေကို တစ်ကြိမ်ထဲနဲ့ အားလုံးမရနိုင်ဘူး၊ ဆိုတာ သဘောပေါက်ရမှာ ဖြစ်ပါတယ်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်မှုရချင်ရင် နှစ်ဘက်စလုံးက စိတ်ရှည်လက်ရှည် အမျှော်အမြင်ကြီးကြီးနဲ့ ဂရုတစိုက် အပေးအယူလုပ်ကြရမှာပါ၊
တိုင်းရင်းသားလူမျိုးစုများအနေနဲ့ တောင်းဆိုချက်များ ပြင်ဆင်ကြတဲ့အခါ သူတို့ဆွေးနွေးမည့်အရေးကိစ္စတွေဟာ သူတို့ကိုယ်စားပြုတဲ့ လူနည်းစုတိုင်းရင်းသားများနဲ့ တစ်ဘက်က တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်တို့နဲ့တင် သက်ဆိုင်တာမဟုတ်ပဲ တိုင်းပြည်ရဲ့ လူများစုဖြစ်တဲ့ ဗမာလူမျိုးများအားလုံးနဲ့ပါ သက်ဆိုင်နေတာကို သဘောပေါက်ဖို့လိုပါတယ်၊ ဗမာလူမျိုးများအနေနဲ့ တိုင်းရင်းသားများတောင်းဆိုတဲ့ ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးကို ကန့်ကွက်ကြမယ်မထင်ပါ၊ ဒါပေမည့် ဗမာပြည်နယ် ဖွဲ့စည်းရေးကိုတော့ သဘောတူကြလိမ့်မယ် မထင်ပါ၊ 
ကျနော်ကိုယ်တိုင် ဗမာလူမျိုးတစ်ယောက်အနေနဲ့ ဖက်ဒရယ်ဖွဲ့စည်းမှုကို ထောက်ခံပါတယ်၊ လက်ရှိပြည်နယ်တွေအားလုံးကို တိုင်းဒေသကြီးများထက် အဆင့်မြင့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ရ ပြည်ထောင်စုအဖွဲ့ဝင်များ ဖြစ်စေချင်ပါတယ်၊ ဒါပေမည့် ဗမာပြည်နယ်ဖွဲ့စည်းရေးကို မထောက်ခံပါ၊ တိုင်းရင်းသားများပါ ရောထွေးနေထိုင်ကြတဲ့ တိုင်းဒေသကြီးအချို့ (တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း) ကို အမျိုးသားများပြည်နယ်အဖြစ် ပြောင်းလဲဖွဲ့စည်းမှာကို မထောက်ခံနိုင်ပါ၊
ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေးဆိုတဲ့ တောင်းဆိုချက်အပေါ်မှာလည်း သံသယရှိမိပါတယ်၊ လက်ရှိ မြန်မာ့တပ်မတော်က ပြည်တွင်းစစ်သက်တမ်းတစ်လျှောက်လုံး တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာဒေသတွေမှာ တိုင်းရင်းသားလူမျိုးစုများအပေါ် အကြမ်းဘက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲဆိုတာ ကျနော်တို့ သိနားလည်ပါတယ်၊ ဒါပေမည့် အဲဒီ မြန်မာ့တပ်မတော်ထဲမှာကိုပဲ တိုင်းရင်းသားပေါင်းစုံပါဝင်နေကြတာပါ၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလမှာ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကြီးကို မြန်မာစစ်တပ်က အကြမ်းဘက်ဖြိုခွင်းတော့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်ကြတဲ့ မြန်မာ့တပ်မတော်သားတွေဟာ မြန်မာစကားမပြောတတ်တဲ့ တိုင်းရင်းသားစစ်သားတွေပါ၊
တစ်ခါ မြန်မာ့စစ်တပ်ကို လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အပြစ်ပြောနိုင်သလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကလည်း လုံးဝအပြစ်ကင်းမဲ့သူများ (Innocents) မဟုတ်ကြပါ၊ လူမျိုးစုအကျိုးစီးပွါးအတွက်တော်လှန်ရေးလုပ်တယ်လို့ ပြောကြပေမည့် လက်တွေ့မှာတော့ ခေါင်းဆောင်တစ်စုရဲ့ အကျိုးစီးပွါးအတွက်တည်ထောင်ထားတဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့ပုံစံမျိုး ဖြစ်နေတာတွေလည်း ရှိပါတယ်၊ 
ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များရဲ့ လက်ချက်နဲ့ အသက်ပျောက်ခဲ့ရတဲ့ မြန်မာကျောင်းသားတွေအများကြီးရှိခဲ့ပါတယ်၊ 
ဒီတိုင်းရင်းသားတပ်တွေထဲမှာပဲ သက်ဆိုင်ရာလူမျိုးစုများကို အဓမ္မဆက်ကြေးကောက်ခဲ့ကြတဲ့၊ အဓမ္မစစ်သားစုဆောင်းခဲ့ကြတဲ့၊ အဓမ္မအနိုင်ကျင့်သတ်ဖြတ်ခဲ့ကြတဲ့၊ အဓမ္မစော်ကားခဲ့ကြတဲ့ စစ်တရားခံတွေအများကြီးပါ၊
 တော်လှန်ရေးသမားအမည်ခံ လက်နက်အားကိုးနဲ့ စီးပွါးရေးလုပ်စားသူတွေ၊ တိုင်းပြည်ရဲ့ အဖိုးတန် သစ်တော၊ ကျောက်မျက်ရတနာတွေနဲ့ သယံဇာတတွေကို ပြည်ပက ရတနာသိုက်တူးသူတွေထံ ဈေးပေါပေါနဲ့ ရောင်းချခဲ့သူတွေအများကြီးပါ၊ 
ဒါကြောင့်မို့ အခုလိုအချိန်မှာ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေး တောင်းဆိုခြင်းဟာ အလွန်စောလွန်းတယ်လို့ ယူဆပါတယ်၊ ဖြစ်သင့်တာက မြန်မာ့တပ်မတော်ကို နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဏကနေ အချိန်ဇယားတစ်ခုအတွင်းမှာ ရုပ်သိမ်းနိုင်ရေးနဲ့ မြန်မာ့တပ်မတော်ကို အရပ်ဘက်အုပ်ချုပ်ရေးအောက်မှာ ပြန်လည်နေရာချရေးတို့က ပိုပြီးအရေးကြီးပြီး ပိုပြီးလက်တွေ့ကျတယ် ထင်ပါတယ်၊
၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်လို့ အသစ်ပြန်လည်ရေးဆွဲရေးဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း အံ့ဩမိပါတယ်၊ ကျနော်လည်း ၂၀၀၈ ဖွဲ့စည်းပုံကို မကြိုက်နှစ်သက်ပါ၊ ဒါပေမည့် ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ၂၀၀၈ ဖွဲ့စည်းပုံက ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲကစလို့ နိုင်ငံတစ်ဝှမ်းအသက်ဝင်ပြီး လက်ရှိမြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်နေပါပြီ၊ တိုင်းရင်းသားလူမျိုးစုများနဲ့ ပါတ်သက်တဲ့ ပြဿနာ၊ ပြည်တွင်းစစ်ရဲ့ ပြဿနာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာဖြစ်လို့ တိုင်းရင်းသားလူမျိုးစုများရဲ့ တန်းတူညီမျှအခွင့်အရေးတွေကို အာမခံချက်ပေးမည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခု ရေးဆွဲချင်တာ သဘာဝကျပါတယ်၊ 
ဒါပေမည့် နိုင်ငံရေးဆွေးနွေးပွဲများကနေ ရရှိမည့် သဘောတူညီမှုများအားလုံးဟာ နောက်ဆုံးမှာ ပြည်ထောင်စုလွှတ်တော်ကို ရောက်ရှိမှာပါ၊ ကြံ့ခိုင်ရေးပါတီက ၅၂ ရာခိုင်နှုံး၊ စစ်တပ်က ၂၅ ရာခိုင်နှုံး၊ နှစ်ဖွဲ့ပေါင်း ၇၇ ရာခိုင်နှုံးလွှမ်းမိုးထားတဲ့ ပြည်ထောင်စုလွှတ်တော်က တိုင်းရင်းသားများ တောင်းဆိုသလို ၂၀၀၈ ဖွဲ့စည်းပုံကို အသစ်ပြန်ရေးဆွဲဖို့ သဘောတူမယ်မထင်ပါ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များ ပူးပေါင်းပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးကို ထောက်ခံလိမ့်မယ် မထင်ပါ၊ ဗမာပြည်နယ်ဖွဲ့စည်းရေးကို လက်ခံလိမ့်မယ် မထင်ပါ၊ ၂၀၀၈ ဖွဲ့စည်းပုံကို ရနိုင်သလောက် ပြင်ဆင်ရေးက ပိုပြီးသဘာဝကျပါလိမ့်မယ်၊
ဒီနေ့ကာလဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်အတော်အတန်ရှိတဲ့ ကာလဖြစ်ပါတယ်၊ အစိုးရနဲ့ လွှတ်တော်ခေါင်းဆောင်များ ကိုယ်နှိုက်က ပြည်တွင်းစစ်ကို အဆုံးမသတ်ပဲ တိုင်းပြည်မှာ ဒီမိုကရေစီမထွန်းကားနိုင်ဘူး၊ ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်ဘူးလို့ ဝန်ခံလာရပါပြီ၊ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့အတွက် အဓိကလိုအပ်ချက်က တိုင်းရင်းသားလူမျိုးစုများရဲ့ အခွင့်အရေးများကို တိုးမြှင့်ပေးအပ်ခြင်းဖြစ်တယ်လို့လည်း သဘောပေါက်နေကြပါပြီ၊ ဒါပေမည့် အစိုးရတစ်ဖွဲ့လုံး၊ လွှတ်တော်ကိုယ်စားလှယ်အားလုံးနဲ့ တပ်မတော်ခေါင်းဆောင်များအားလုံးက တစ်ညီတစ်ညွတ်တည်း သဘောထားရှိတာ မဟုတ်ပါ၊ သူတို့ရဲ့ သဘောထားမှာလည်း အတိုင်းအတာ အကန့်အသတ်ရှိပါလိမ့်မယ်၊ ဒါကြောင့် တိုင်းရင်းသားများရဲ့ တောင်းဆိုချက်တွေဟာ လက်တွေ့ကျဖို့လိုအပ်ပါတယ်၊ ဆွေးနွေးပွဲမစခင်ကတည်းက တစ်ဘက်အဖွဲ့အစည်းကို ဆွေးနွေးချင်စိတ်တောင် မရှိတော့အောင် မလုပ်သင့်ပါ၊ အလွန်အကျွံတောင်းဆိုခြင်းများဖြင့် မျှော်လင့်ချက်တွေဟာ တကယ်ဖြစ်မလာပဲ မျှော်လင့်ချက်အဖြစ်နဲ့ပဲ ဆက်လက်တည်ရှိနေပါလိမ့်မယ်၊
ပြီးတော့ ဗမာလူများစုက တိုင်းရင်းသားများရဲ့ တောင်းဆိုချက်များကို ဘယ်လောက်အတိုင်းအတာအထိ လက်ခံနိုင်မလဲ ဆိုတာလည်း ထည့်စဉ်းစားဖို့လိုပါတယ်၊ ဗမာလူမျိုးအများစုက တိုင်းရင်းသားများရဲ့ တောင်းဆိုချက်ကို ထောက်ခံတယ်ဆိုရင် ဆွေးနွေးပွဲမှာ၊ ဒါမှမဟုတ် ပင်လုံပုံစံ ညီလာခံကြီးမှာ အောင်မြင်ရဖို့များပြီး ဗမာလူမျိုးအများစုက လက်မခံနိုင်ရင် တိုင်းရင်းသားလူမျိုးစုများရဲ့ တောင်းဆိုချက်များ မအောင်မြင်နိုင်ပါ၊
အမြင့်ဆုံးတောင်းဆိုချက်များကို ဆက်လက်ဆုတ်ကိုင်ထားချင်တယ် ဆိုရင်တောင်မှ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာသဘာဝကျကျ အပေးအယူ ညှိနှိုင်းတတ်ဖို့လိုပါလိမ့်မယ်၊ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ နိုင်ငံရေးပြဿနာများကို စားပွဲဝိုင်းမှာ တွေ့ဆုံညှိနှိုင်းခြင်း ယဉ်ကျေးမှုရဲ့ အစပဲ ဖြစ်သင့်ပါတယ်၊ အဆုံးမဖြစ်သင့်ပါ၊ 
ဒီဆွေးနွေးပွဲတစ်ခုထဲနဲ့ တိုင်းရင်းသားလူမျိုးများရဲ့ မျှော်လင့်ချက်တွေ အပြည့်အဝဖြစ်ပေါ်လာမှာ မဟုတ်ပါ၊ လိုချင်တာမရရင် စစ်ပြန်တိုက်မယ်ဆိုတဲ့ အတွေးအခေါ်ကိုလည်း ဖျောက်ဖျက်ပစ်ဖို့လိုအပ်ပါတယ်၊ စစ်ကြောင့် ပိုပြီးထိခိုက်နာကျင်ရတာက သာမာန်စစ်သားတွေနဲ့ သာမာန်ပြည်သူတွေပါ၊ အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေမဟုတ်ပါ၊ တိုင်းပြည်မှာ ဒီမိုကရေစီစနစ် အသားကျ ရင့်ကျက်လာတာနဲ့အမျှ၊ စစ်တပ်ကို နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဏကနေ တဖြေးဖြေးချင်းထွက်ခွါအောင် စည်းရုံးနိုင်တာနဲ့အမျှ တိုင်းရင်းသားလူမျိုးစုများအတွက် အခွင့်အရေးများဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေ နောင်မှာလည်း ဆက်တိုက်ရှိလာမှာပါ၊
ဆက်ပါဦးမယ်၊
လေးစားစွာ၊
အောင်ဒင်
စက်တင်ဘာ ၁၆၊ ၂၀၁၃

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။