Sunday, September 8, 2013

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့တိုင်းရင်းသား UNFC အဖွဲ့တို့ ဆွေးနွေး

(RFA)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ  ဒု-ဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ကောင်စီ UNFC အဖွဲ့က ဦးနိုင်ဟံသာ ခေါင်းဆောင်တဲ့အဖွဲ့တို့ဟာ ဒီကနေ့ မနက် ၉  နာရီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Holiday Inn Hotel မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နဲ့ နိုင်ငံရေး ဆွေးနွေးရေးဆိုင်ရာ မူဘောင် ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

 
နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် အကြိုညှိနှိုင်း တွေ့ဆုံ ဆွေးနွေးပွဲမှာ အစိုးရဖက်က ရေးဆွဲထားတဲ့ လမ်းပြမြေပုံ ၈ ချက်နဲ့ UNFCဖက်က ရေးဆွဲထားတဲ့ လမ်းပြမြေပုံ ၆ ချက်တို့အပါအ၀င်အချက် ၃ ချက်ကိုအဓိကထား ဆွေးနွေးခဲ့တယ်လို့UNFCက အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက  ပြောပါတယ်။

ဒီမနက် ဆွေးနွေးပွဲအဖွင့်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က UNFC နဲ့  UPWC တို့ ပထမအကြိမ် တွေ့ဆုံခဲ့ချိန်က နောက် နှစ်လအတွင်း ထပ်မံတွေ့ဆုံကြဖို့ ညှိနှိုင်းသဘောတူခဲ့ကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ၆ လကျော်ကြာပြီးမှ တွေ့ဆုံနိုင်တာဟာ တိုင်းရင်းသား ပြည်သူလူထုအနေနဲ့ ယုံကြည်မှု ကျဆင်းနိုင်တဲ့အတွက် နှစ်ဖက်စလုံးမှာတာဝန်ရှိသလို  အမြန်ဆုံးကြိုးစားလုပ်ဆောင်သွားကြဖို့  နိုင်ဟံသာက အကြံပြု တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီးမှာတော့ ၀န်ကြီး ဦးအောင်မင်း က ဒီကနေ့ ဆွေးနွေးပွဲမှာ အောင်မြင်တဲ့ ရလာဒ်ကောင်းတွေရရှိပြီး လာမည့် အောက်တိုဘာ တတိယပတ်ထဲမှာ တစ်ပြည်လုံးအပစ် အခတ်ရပ်စဲရေးကို လက်မှတ်ထိုးနိုင်တော့မှာ ဖြစ်တယ်လို့လည်း သတင်းထောက်တွေကို အခုလို ပြောပါတယ်။

ဒီဆွေးနွေးပွဲကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့က နိုင်ဟံသာ ဦးဆောင်တဲ့ နိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ၁၂ ဦးနဲ့ လေ့လာသူ ၇ ဦး တက်ရောက်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့မှာ ၀န်ကြီး ဦးအောင်မင်း အပါအ၀င် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ၀န်ကြီး ဦးခင်ရီနဲ့ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း တို့ပါဝင်တဲ့ အဖွဲ့ဝင် ၁၃ ဦးတက်ရောက်ခဲ့ ကြပါတယ်။

UPWC အဖွဲ့ဟာ UNFC နဲ့ မတွေ့ဆုံခင် စက်တင်ဘာ ၇ ရက်နေ့ နေ့လည် ၂ နာရီကလည်း RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဒု ဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၇ ယောက်နဲ့အတူ KNU ကရင်အမျိုးသား အစည်းအရုံး က ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့အဖွဲ့နဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သေးတယ်လို့ သိရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။