Thursday, September 12, 2013

အစိုးရရဲ့အိပ်မက်

(စည်းလုံးခြင်းရဲ့အင်အား)

ဆွေးနွေးပွဲအပြီး ပြန်လည်ထွက်ခွာလာသော တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ တပ်ဖွဲ့ဝင်များအား ဒေသခံ တအောင်းပလောင် တိုင်းရင်းသားများက နှုတ်ဆက်နေစဉ်

လက်ရှိ အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ဆက်လက်ညှိနှိုင်းနေပြီး အောက်တိုဘာလမှာ တစ်ပြည်လုံး အပစ်ရပ် လက်မှတ်ထိုးပွဲ ကျင်းပမယ်လို့ နိုင်ငံတကာမှာ ကြွေးကြော်ထားပါတယ်။ ဒီလို ကြွေးကြော်နေပေမဲ့ တပ်မတော်နဲ့ KIO၊ တအောင်းပလောင် PSLF (ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်မဟာ (၄) နဲ့ ရမခတပ်များ၊ တအောင်းပလောင် တပ်များနဲ့ ရမခတပ်များ၊ ကချင်ပြည်နယ် မချမ်းဘောမြို့နယ် KIA နဲ့ မပခတပ်များ) တို့ဟာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒါကြောင့် အဲဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တောင်းဆိုနေတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ကတိကဝတ် အာမခံချက် ရရှိမှု အနေအထားဟာ ဘယ်လောက် အတိုင်းအတာထိ ရရှိမှ လက်မှတ်ထိုးမယ် ဆိုတာကို အဖြေရှာဆဲ ဖြစ်ပါတယ်။ နည်းပညာအဖွဲ့ အချင်းချင်း ညှိနှိုင်းဆဲ ဖြစ်ပေမဲ့ KIO အနေနဲ့ အသာတကြည် အလျော့ပေးမဲ့ ပုံစံမျိုး မတွေ့ရလို့ အစိုးရက စိတ်ညစ်နေကြောင်းလည်း MPC ရုံးနဲ့ နီးစပ်သူများထံမှ သိရှိရပါတယ်။


တရုတ်ပြည်သူ့လွှတ်မြောက်ရေး တပ်မတော် ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ General Fan Changlong လာခဲ့စဉ်က KIO အနေနဲ့ ခွဲထွက်နိုင်ငံအဖြစ် လုပ်သွားမှာကို လက်မခံကြောင်း ပေါ်တင် ကြေညာသွားခဲ့ပါတယ်။ မကြာသေးမှီ ကာလမှ UN အထူးကိုယ်စားလှယ် Mr. Vijay Nambiar ကို အစိုးရက စည်းရုံးပြီး KIO ဌာနချုပ် လိုင်ဇာရှိရာသို့ တကူးတက သွားရောက်ခိုင်းကာ အပစ်ရပ် လက်မှတ်ထိုးဖို့ ချဉ်းကပ် တိုက်တွန်းခဲ့တယ်လို့ အမည်မဖေါ်လိုသူ စစ်ရုံးနဲ့ နီးစပ်သူများက ဆိုပါတယ်။ သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံ နမ်နင်းမြို့တော် တရုတ် - အာဆီယံ ကုန်စည်ပြပွဲသို့ သွားရောက် ခဲ့စဉ်က တရုတ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ရာမှာ နယ်စပ် တည်ငြိမ်အေးချမ်းရေး အရှိန်အဟုန် မြှင့်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် KIO အား အပစ်ရပ် လက်မှတ်ထိုးဖို့ တရုတ်အစိုးရက ဖိအားပေး တိုက်တွန်းနေပါတယ်။ စက်တင်ဘာလ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှာ KIO အနေနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးဖြစ်ရင်တော့ အစိုးရအဖို့ အသက်ရှုချောင်ကာ သူတို့ရဲ့ ပန်းတိုင်လည်း နီးကပ်သွားပြီ ဖြစ်ပါတယ်။ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်တဲ့ KNU၊ KNPP၊ SSPP/SSA (North)၊ NSAA-ESS (NDAA)၊ RCSS/ SSA တွေနဲ့တော့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲအထိ အတော်အတန် ခရီးရောက်နေပြီ ဖြစ်ပါတယ်။

Mr. Vijay Nambiar (ဝဲ) ကို KIO/KIA နဲ့ အစိုးရတို့ အပစ်အခတ်ရပ်စဲရေး အစည်းအဝေး ဆွေးနွေးပွဲ စကားဝိုင်းမှာ တွေ့ရပုံ

တိုင်းရင်းသားပါတီတွေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တောင်းဆိုနေတဲ့ ဖယ်ဒရယ်ကိစ္စအား အစိုးရက လွှတ်တော်ကို လွှဲအပ်နေပေမဲ့ သူရဦးရွှေမန်းကတော့ အစိုးရနဲ့ ထပ်မံ ပူးပေါင်းဆောင်ရွက်ဖို့ (ကာ/လုံ) အစည်းအဝေးကို ခေါ်ယူခိုင်းခဲ့ပါတယ်။ ဖယ်ဒရယ်ကိစ္စအတွက် လွှတ်တော်က ကော်မတီ တော်တော်များများ ဖွဲ့စည်းကာ ဝိုင်းရံ တာထွက်လာပေမဲ့ တရားဥပဒေ စိုးမိုးရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အထိုက်အလျောက် နေရာမပေးတာ တွေ့ရှိရပါတယ်။ စစ်ဖက်နီးစပ်သူများက ဝေဖန်ရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီမှာ အတွင်းရေးမှူးအဖြစ် တာဝန်ပေးသင့်ကြောင်း၊ အဲဒီ ကော်မတီမှာ ဒုဥက္ကဋ္ဌ (၃) ဦး ရှိရာ အစိုးရအဖွဲ့မှ ဝန်ကြီးဦးအောင်မင်း၊ လွှတ်တော်မှ ဦးသိန်းဇော်၊ တပ်မတော်မှ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပါဝင်ခဲ့ပြီးဖြစ်ရာ အဓိက Marker လှုပ်ရှားသူအဖြစ် အတွင်းရေးမှူးတွေကသာ လုပ်လေ့လုပ်ထ ရှိတာကြောင့် ဖွဲ့စည်းပုံတိုးချဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား လက်တွဲ ခေါ်ယူသင့်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားတွေနဲ့ အစိုးရ/လွှတ်တော်တို့ အခက်အခဲ ဖြစ်လာရင် စေ့စပ်ရေး၊ ဖြန်ဖြေညှိနှိုင်းရေး အတိုးအလျော့ လုပ်လို့ရအောင် ပါဝါ အားကောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲတင်ဖို့ ကောင်းတယ်လို့ သုံးသပ်ကြပါတယ်။

တိုင်းရင်းသားတွေလို့ ဆိုရာမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပါတီထောင် တိုင်းရင်းသားဆိုပြီး ယေဘုယျ နှစ်မျိုးရှိပေမဲ့ အုပ်စုအမျိုးမျိုး ရှုပ်ထွေးလျှက် ရှိပါတယ်။ လက်နက်မကိုင်တဲ့ တချို့ တိုင်းရင်းသားပါတီတွေတောင် ရွေးကောက်ပွဲဝင်တဲ့ပါတီနဲ့ မဝင်တဲ့ပါတီဆိုပြီး ကွဲပြားလျက်ရှိနေရာ ပြည်သူတွေက ပေါင်းစည်းဖို့ တောင်းဆိုနေပေမဲ့ ဒီနေ့ထက်တိုင် ပေါင်းစည်းခြင်း မရှိသေးတာကို တွေ့ရပါတယ်။ UWSA လို တင်းမာပြီး ကိုယ်ပိုင်ပြည်နယ် ရရှိဖို့ တစိုက်မတ်မတ် တောင်းဆိုနေတာကို ဦးခွန်ထွန်းဦးတို့လို ရှမ်းတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်နေပြန်တာကြောင့် အဲဒီလို ပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာ အစိုးရအနေနဲ့ ခေါင်းခဲနေဟန် တူပါတယ်။ UWSA ခေါင်းဆောင်တွေကို သူရဦးရွှေမန်းက ကျိုင်းတုံမှာ ခေါ်ယူတွေ့ဆုံခဲ့စဉ်က ခေါင်းဆောင်တွေရဲ့ အနီးကပ် လက်နက်ကိုင် လုံခြုံရေး စစ်သည်တွေဟာ တိုင်းစစ်ဌာနချုပ် ဧည့်ရိပ်သာအထိ ပေါ်ပေါ်တင်တင် လိုက်လာတာ တွေ့ရပါတယ်။ အဲဒီလို လက်နက်ကိုင်ဆောင်ပြီး အတွင်းစည်း ဧရိယာအထိ ဝင်လာတဲ့ လုပ်ရပ်ဟာ မယုံကြည်တဲ့ သဘော ဖြစ်နေလို့ မသင့်တော်တဲ့ မြင်ကွင်းဖြစ်ပါတယ်။ UWSA ဟာ ကိုယ်ပိုင် သီးခြား ကမ္ဘာလေးလို ဖြစ်နေတာကြောင့် အစိုးရက သိမ်မွေ့စွာ ကိုင်တွယ်နေရပါတယ်။

မကြာသေးမှီ ကလေးကမှ Bureau of International Narcotics and Law Enforcement Affairs မှ Assistant Secretary ဖြစ်တဲ့ William R. Brownfield ရောက်ရှိခဲ့ပြီး မူးယစ်ဆေးဝါးကိစ္စ နှိမ်နင်းရေး တိုက်တွန်းလာမယ်ဆိုရင် အစိုးရက UWSA အား ဘိန်းအကြောင်းပြကာ အကြပ်ကိုင်သင့်/မကိုင်သင့် မဟာဗျူဟာမြောက် ဆွေးနွေးနိုင်မယ်လို့ စစ်ဖက် နီးစပ်သူများက သုံးသပ်နေပါတယ်။ UWSA ဟာ သူတို့ရဲ့ နယ်မြေမှာ မူးယစ်ဆေးဝါး မရှိဘူးလို့ ကြွေးကြော်ထားပေမဲ့ နယ်မြေအတွင်း မူးယစ်ဆေးဝါး ဖြတ်သန်း သွားလာနေတာကျတော့ မသိကျိုးကျွံ ပြုနေတယ်လို့ ဒေသခံများထံက သိရပါတယ်။ အစိုးရကတော့ တရုတ်နိုင်ငံနဲ့ ချစ်ကြည်ရေး မျက်နှာထောက်ပြီး UWSA ကို လောလောဆယ် ကိုင်တွယ်သေးမှာ မဟုတ်သေးဘဲ ပြည်တွင်းရှိ အခြားတိုင်းရင်းသား လက်နက်ကိုင်များနဲ့ တစ်ပြည်လုံး အပစ်ရပ်ကိစ္စကို အကောင်အထည်ဖေါ် ဦးတည်မယ်လို့ မြင်ပါတယ်။ ဆိုလိုတာက အင်အားစုတရပ် တည်ဆောက်ပြီး နောက်ကျောလုံအောင် ခံစစ် တည်ဆောက်တဲ့သဘောလို့ မြင်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပသွားခဲ့တဲ့ UNFC အစည်းအဝေး

ဖယ်ဒရယ်ကိစ္စမှာ အကြိတ်အနယ် ဆွေးနွေးရမဲ့ ကိစ္စကတော့ UNFC ရဲ့ ရှစ်ပြည်ထောင်ကိစ္စနဲ့ အချို့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ အခြေခံဥပဒေအသစ် ရေးဆွဲရေးကိစ္စဖြစ်ပါတယ်။ မကြာသေးခင် ကာလက ပြုလုပ်ခဲ့တဲ့ ချင်းမိုင်ဆွေးနွေးပွဲတွင် UNFC တင်ပြချက်ကို အစိုးရအနေနဲ့ လောလောဆယ် လက်မခံသေးဘဲ အောက်တိုဘာလတွင် ပြုလုပ်မည့် တစ်ပြည်လုံး အပစ်ရပ် လက်မှတ်ထိုးပွဲကို တက်ရောက်ဖို့သာ တိုက်တွန်းသွားကြောင်း၊ နိုင်ငံတကာက လေ့လာသူများ တက်ရောက်မည်ဖြစ်ပြီး အဲဒီလက်မှတ်ထိုးပွဲကို မတက်ရောက် မထိုးဖြစ်သူများကိုလည်း စိတ်မရှည်တော့ဘဲ ချန်ရစ် သွားတော့မည်ဖြစ်ကြောင်း ပြောဆိုသွားပါတယ်။ စစ်ဖက်နီးစပ်သူများက သုံးသပ်ရာမှာ အစိုးရက ဦးစွာအပစ်ရပ် လက်မှတ်ထိုးပြီးမှ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ လုပ်မည်ဟု ဆိုသွားလို့ ဒီလက်မှတ်ထိုးပွဲမှာ သဘောမတူသူများ ရှိခဲ့ရင် ဘယ်လိုကိုင်တွယ် ဆောင်ရွက်မလဲဆိုတာ မရှင်းမလင်း ဖြစ်နေပါတယ်။ UNFC ကတော့ အောက်တိုဘာလ တစ်ပြည်လုံး အပစ်ရပ် လက်မှတ်ထိုးပွဲ အလှမ်းဝေးနေဆဲလို့ ချင်းမိုင်ဆွေးနွေးပွဲ အပြီးမှာ သဘောထား ကြေညာသွားပါတယ်။ စစ်ဖက်နီးစပ်သူများက အစိုးရ လုပ်နိုင်တဲ့ မဟာဗျူဟာမှာ အောက်တိုဘာလ အပစ်ရပ် လက်မှတ်ထိုးပွဲ တက်ရောက်သူများကိုသာ ဦးစားပေး လက်တွဲခေါ်ဆောင်သွားပြီး ပျက်ကွက်သူများရဲ့ တင်ပြချက် သဘောဆန္ဒများကိုတော့ ပစ်ပယ်ကာ အထီးကျန် ထားသွားနိုင်မဲ့ အလားအလာရှိကြောင်း သုံးသပ်သွားပါတယ်။

အစိုးရက ရှစ်ပြည်ထောင် ဖယ်ဒရယ်စနစ်နဲ့ အခြေခံဥပဒေ အသစ်ပြန်ရေးဆွဲဖို့ ဆန္ဒလုံးဝမရှိဘဲ လက်ရှိ အနေအထားအတိုင်းသာ ဥပဒေကို လိုအပ်သလို ပြုပြင်ပေးပြီး တိုင်းနဲ့ပြည်နယ်အား ဖယ်ဒရယ်ပေးဖို့ ဆန္ဒရှိတယ်လို့ သိရပါတယ်။ ဖယ်ဒရယ်ပေးပြီးရင် လက်နက်ကိုင်တပ်များကို တပ်မတော် လက်အောက်ထဲသို့ သွတ်သွင်းမယ်၊ ဒါမှမဟုတ် ပြည်နယ်စောင့် (လက်နက်ကြီးများမပါ) လက်နက်ငယ် တပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်များအဖြစ် အသွင်ပြောင်းမယ် ဆိုတာကတော့ ခက်ခဲစွာ ဆက်လက် ညှိယူရမဲ့ကိစ္စ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။  

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။