Wednesday, September 11, 2013

“ငြိမ်းချမ်းရေး” ဆိုတဲ့ ခေါင်းစဉ် အရေးကြီးလာ သလား။

(Kachinduwa)

မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) အတွက် အရေး အကြီးဆုံး အရာဟာ တနိုင်ငံလုံး အလုံးစုံ အပစ်အခတ် ရပ်စဲရေး ဆိုတဲ့ ဂိုး ဖြစ်ပုံ ရပါတယ်။ ဦးအောင်မင်း နဲ့ ဦး လှမောင်ရွှေ ဦးဆောင်တဲ့အဖွဲ့ဟာ ကရင် (KNU) နဲ့ ရှမ်း (RCSS) အဖွဲ့တွေနဲ့ တွေ့စုံပွဲမှာ တနိုင်ငံလုံး အတိုင်းအတာ (Nationwide Ceasefire) အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲ ကို လာမည့် အောက်တိုဘာလမှာ ကျင်းပဖို့ အစီအစဉ် တင်ပြလာပါတယ်။

တကယ်တော့ ကချင်တော်လှန်ရေး အဖွဲ့ နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အားလုံး အစဉ်တစိုက် နှစ်ပေါင်း ၆၀ ကျော်ကြာ တောင်းဆိုလာတာဟာ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ဖို့ ပါ။ အခုချိန်ထိ အစိုးရ လက်ရှိ အာဏာရ ပုဂ္ဂိုလ်များအပါအ၀င် ငြိမ်းချမ်းရေး စင်တာမှ ပညာရှင်များ ဖက်ဒရယ် အကြောင်း တခွန်းမှ မဟသေးပါဘူး။ NLD ပါတီအထဲမှ ပုဂ္ဂိုလ်တချို့လောက်သာ မီဒီယာမှ မေးမှ ပြောထွက်တတ်ပါတယ်။

ငြိမ်းချမ်းရေး ဆိုတဲ့ ခေါင်းစဉ် နဲ့ စီမံကိန်း ပရောဂျက် တွေဆွဲလာတယ် ဆိုတော့ သူတို့ကို ထောက်ပံ့ပေးသူ (Project donor) တွေကို အပြကောင်းဖို့လောက် အစီအစဉ် တွေ ဆက်ဆွဲနေမယ် ဆိုရင် မြန်မာ့နိုင်ငံရေးခရီးဟာ စိတ်ကူးယဉ်သလောက် မလွယ်လှပါ။

ငြိမ်းချမ်းရေး စင်တာ အတွက် အရေးကြီးဆုံးအလုပ်ဟာ ဗမာနိုင်ငံရေးလောကအထဲကို စစ်မှန်တဲ့ ဖက်ဒရယ် အကြောင်း သင်တန်းတွေ အရင် စီမံချက် (mission project) လုပ်ဖို့လိုနေတယ် ဆိုတာ မေ့ထားပုံ ရပါတယ်။ ဘာသာ မတူ၊ လူမျိုမတူ တွေ၊ ယဉ်ကျေးမှု မတူတွေနဲ့ ဘယ်ပုံ ဘယ်နည်းတည့်အောင် နေရမယ် ဆိုတာ အရေးတကြီး သင်တန်းပေးဖို့ လိုနေတာ အမှန်ပါ။ ဖက်ဒရယ် ဆိုတာ အဲဒီလို လူမျိုး၊ ယဉ်ကျေးမှု မတူတဲ့ နိုင်ငံမှာ ညီညီညွတ်ညွတ် အတူနေနိုင်တဲ့ နိုင်ငံရေး လမ်းစဉ် ဖြစ်တယ် ဆိုတာ ဗမာအသိုင်းအ၀ိုင်းမှာ နားလည်ဖို့ အင်မတန် အရေးကြီးပါတယ်။

တကယ်တော့ မြန်မာ့နိုင်ငံရေး ပြဿနာအရင်းကို တိုင်းရင်းသားတွေက နားလည်ပြီးသား... နားမလည် သေးတာ ဗမာ့ နိုင်ငံရေး လောကမှာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ပြဿနာ အရင်းအမြစ်ဟာ ဖက်ဒရယ် လိုနေသေးလို့ ဖြစ်တယ်၊ ဆိုတာ မသိသေးတာလား... မသိဟန်ဆောင်တာလား ဆိုတာ ဝေခွဲမရပါ။

ကေအိုင်အေ တောင်းဆိုနေတာ အပစ်ခတ်ရပ်စဲ ပြီး နောက်ပိုင်း နိုင်ငံရေး အခင်းအကျင်း ဘယ်လို ဆက်လုပ်မလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဒဲ့ပြောရရင် “ဖက်ဒရယ်မူ ဘယ်လို၊ ဘယ်အချိန် စဆွဲမလဲ” ပေါ့။ အခုချိန်ထိ အစိုးရ ဖက်က တိကျ ရေရာတဲ့ အဖြေ မပေးနိုင်သေးပါဘူး။ ပါလီမန်မှာလဲ မဆွေးနွေးသေးပါဘူး။ ဒီလို အခြေအနေမှာ အပစ်ခတ်ရပ်ရေး ဆိုတာ

(၁) တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တွေရဲ့ အခန်းကဏ္ဍကို မြန်မာ့နိုင်ငံရေး လောကမှာ မှေးမိန်သွားအောင် လုပ်ဖို့ ဖြစ်တယ်။
(၂) အပစ်ခတ် ရပ်ပြီးရင် အခွန်မကောက်ရ၊ လူသစ်မစုရ၊ မသွားရ၊ မလာရ ဆိုတဲ့ ကန့်သတ်ချက်မျိုးစုံ နဲ့ အင်အားနည်းအောင် လုပ်မယ်။
(၃) အစိုးရ စစ်စခန်း အသစ်အသစ်များ၊ တပ်ရင်း၊ တပ်မ အသစ်များကို လက်နက်ကိုင် အဖွဲ့တွေရှိတဲ့ နေရာ နီးနီးကပ်ကပ် လွတ်လွတ်လပ်လပ် လာဆောက်မယ်။
(၄) တဆင့်တက် လက်နက်ချရေး အကြပ်ကိုင်မယ်။ (နယ်ခြားစောင့်တပ် အစီအစဉ် လိုမျိုး။)
(၅) အပစ်ရပ်ကာလမှာ လက်နက်ကိုင် ခေါင်းဆောင် များကို (ဇခုန်တိန်ယိန်း မိသားစု လို) စီးပွါးရေး လမ်းဖွင့်ပေးပြီး ခါးပိုက်ဆောင်တပ်တွေဖွဲ့ခိုင်း၊ အချင်းချင်းကြား ပြန်တိုက်ခိုင်းမယ်။

ဒါဟာ မြန်မာ့ ပြည်တွင်းစစ် ကို ပိုကြာရှည်ယုံကလွဲပြီး ဘာမှ အကျိုးမရှိပါ။

လက်နက်ကိုင်အဖွဲ့များကို ပြည်သူ့စစ် နဲ့ နယ်ခြားစောင့်တပ် လုပ်ခိုင်းခြင်းသည် စစ်တပ်အင်အား ပို အားကောင်းအောင်၊ တနည်းပြောရရင် စစ်စရိတ် ပို ထောင်းအောင် လုပ်ခြင်းမှ တပါး တိုင်းပြည်အတွက် ဘာမှ အကျိုးမရှိပါ။ နိုင်ငံရေး အရ မဖြေရှင်းနိုင်သေးတရွှေ့ တော်လှန်ရေး ဆိုတာ ဆက်ရှိနေမှာ အမှန် ဖြစ်တယ်။

နှစ်ပေါင်း ၆၀ ကျော်ကြာ ကာလ မှာ တော်လှန်ရေး ခေါင်းဆောင် တွေ အလီလီ ပြောင်းသွားလဲ ခေါင်းဆောင် အသစ်တွေ ဆက်ရှိနေတယ်။ တော်လှန်ရေးသမားတွေ အသက်ကြီးလို့ ဖြစ်ဖြစ်၊ စစ်ပွဲကြောင့်ပဲ ဖြစ်ဖြစ် ဆုံးသွားလဲ၊ မျိုးဆက်သစ်တွေက ဆက်ရှိနေတာပါပဲ။

ကချင်ပြည်နယ်မှာ ကချင်လူထုနဲ့ ဆိုင်တဲ့ နိုင်ငံရေး အာဏာ မရသေးသမျှ တော်လှန်ရေး ဆိုတာ ဆက်ရှိနေမှာ ဖြစ်တယ်။ ကျန်တိုင်းရင်းသား တွေ လက်လျှော့လို့ မတော်လှန်ရဲ ရင်လဲ ကချင်တွေရဲ့ တော်လှန်ရေး ဆက်ရှိနေမှာ ဖြစ်တယ်။

ဖက်ဒရယ် ကို စ ဆွေးနွေးတဲ့ နေ့ဟာ အလုံးစုံ အပစ်ရပ် လက်မှတ်ထိုးတာထက် ပို အေးချမ်းသွားမှာပါ။ လက်မှတ်တွေ ထိုးထားပြီး ဆက်ပစ်နေတာ ရှမ်းပြည်မှာ သက်သေ ပါပဲ။ ဒီတော့ တကယ်လိုနေတာ လက်တွေ့ ဆက်မပစ် ဖို့ပဲ။ တိုင်းရင်းသားတွေ ကို အနိုင်မကျင့်ဖို့ ဖြစ်တယ်။ လက်နက်ကိုင် တိုင်းရင်းသား တွေ ရှိတဲ့ နေရာမှာ စစ်ဖြစ်လို့ မဒိမ်းကျင့်တယ် လို့ ဆိုနိုင်ပေမယ့် ရခိုင်မှာ ဖြစ်တဲ့ ပြဿနာ၊ ချင်းပြည်နယ်တွေမှာ ဖြစ်တဲ့ ပြဿနာ တွေက ဘာဖြစ်လို့ ဖြစ်တာလဲ။ ဒီတော့ လက်တွေ့ကျတဲ့ အပစ်ရပ်ရေးဟာ နိုင်ငံရေး ပြုပြင် ပြောင်းလဲ ဖို့ ဖြစ်ပါတယ်။ ဗမာပြည်မှာ ဗမာတွေ အာဏာလိုချင်လို့ အင်္ဂလိပ် နဲ့ ဂျပန် ကို တော်လှန်ခဲ့သလို၊ ကချင်တွေလဲ တော်လှန်ခဲ့တာပဲ။ ဒါက ကိုယ့်မြေကို ဘယ်သူမှ လာအုပ်ချုပ်တာ မခံချင်ကြပါ။ သူ့နေရာ နဲ့ သူ နေတာ ငြိမ်းချမ်းရေး အစစ်အမှန်ပါ။

နေရာလုခြင်း ဆိုတာ ဘယ်မှာမှ မကောင်းဘူး။ စစ်ဗိုလ်တွေက မဆီမဆိုင် တခြားဌာန တွေမှာ နေရာ ၀င်ယူတာတောင် ပြဿနာ တွေ တပုံကြီး ဖြစ်နေတယ်၊ တခြား တိုင်းရင်းသား လူမျိုးခြားနယ်မြေမှာ တခြားနယ်က လူမျိုးခြားတွေက လာပြီး ဗိုလ်ကျ နေတာ ဘယ်သူမှ မခံနိုင်ပါ။

ဒီတော့ အားလုံး ပါဝင် နိုင်တဲ့ အုပ်ချုပ်ပုံ စနစ် လိုတယ်။ အဲဒါ ဖက်ဒရယ် ပဲ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။