Thursday, September 26, 2013

ဖားကန့်၊ ဆိုင်းတောင် ဒေသများမှ ကျောက်အ၀င် မရှိသဖြင့် မန္တလေးကျောက်ဈေးကွက် အေးနေ

(Eleven Media Group)

ကျောက်မျက်ပြပွဲများ ဆက်တိုက် ကျင်းပအပြီး ဖားကန့်၊ ဆိုင်းတောင် ဒေသများမှလည်း မိုးတွင်းအခါ ကျောက်အ၀င် မရှိသဖြင့် မန္တလေးကျောက်စိမ်း ဈေးကွက် အေးနေကြောင်း သိရသည်။
နေပြည်တော်ပြပွဲ၊ တရုတ်ပြည် ကူမင်းပြပွဲ၊ ထိုင်းတွင် ပြုလုပ်သော ပတ္တမြား၊ ကျောက်မျက်ပြပွဲအပြီး မန္တလေးကျောက်ဝိုင်းသို့ ကျောက်စိမ်းအ၀င် ရှိခဲ့သော်လည်း ကုန်သည်အချို့မှာ ပစ္စည်းအကုန် ထုတ်မရောင်းဘဲ ဈေးမြှင့် ခေါ်ခြင်းများကြောင့် ကျောက်စိမ်း ဈေးမြင့်တက်နေကာ ပစ္စည်းရှားနေကြောင်း သိရသည်။

 
''နေပြည်တော်ပြပွဲ အပြီးကတော့ ကျောက်အ၀င် နည်းနည်းများသေးတယ်။ ပြီးတော့ ဖားကန့်ဘက်ကလည်း ကျောက်ကား အစီး ၂၀၀ လောက် အ၀င်ရှိခဲ့တော့ အရောင်းအ၀ယ် ဖြစ်လိုက်သေးတယ်။ နောက်ဆုံး ထိုင်းပြပွဲအပြီး ကျောက်တွေ အကုန်ဝင်သင့်သလောက် ၀ိုင်းထဲကို မရောက်သေးဘူး။ ကုန်သည်တွေက ကျောက်နည်းနည်းချင်း ထုတ်ရောင်းနေတာ။ ဖားကန့်ကလည်း ခုချိန် မိုးတွင်းလုပ်ကွက် နားထားတဲ့အတွက် မ၀င်တော့ ကုန်သည်တွေ ခေါ်ဈေးအရမ်းမြောက်နေတယ်''ဟု မဟာအောင်မြေမြို့နယ် ကျောက်စိမ်းကုန်သည် ဦးလင်းလင်းက ဆိုသည်။

အဓိက ၀ယ်လက်ဖြစ်သည့် တရုတ်ကုန်သည် များကလည်း ၎င်းတို့နိုင်ငံတွင် ရိုးရာ လမုန့်စားပွဲတော်ကို ကျင်းပချိန် နေရပ်သို့ ပြန်ကြသဖြင့် အရောင်းအ၀ယ် အေးနေကြောင်း သိရသည်။ မြန်မာပြည်၏ ကျောက်မျက် အဓိက၀ယ်လက် တရုတ်ဈေးကွက် တစ်ခုသာမကဘဲ ထိုင်းဈေးကွက်တွင်လည်း အရောင်းအ၀ယ် ကောင်းမွန်နိုင်ကြောင်းကို မြန်မာကုန်သည် အများစု သိရှိမှုနည်းပါးနေကြောင်း ထိုင်းကျောက်မျက်ပြပွဲသို့ ရောင်းချခဲ့သည့် ကျောက်မျက်ကုန်သည်များ ထံမှလည်း သိရသည်။

''လွန်ခဲ့တဲ့နှစ် ၃၀ လောက်က မန္တလေးမှာ ကျောက်မျက်ဈေး မတည်ဆောက်ခင်အချိန် တရုတ်တွေ ဈေးကွက်ထဲ မလာခင်အချိန်ကတည်းက ထိုင်းနယ်စပ်မှာ အရောင်းအ၀ယ် ပြုလုပ်ခဲ့ကြတာပါ။ တကယ်တမ်း ထိုင်းနိုင်ငံက ကျောက်မျက်ပြပွဲမှာ တင်ရောင်းရတာ တရုတ်၊ ရွှေလီ၊ ကူမင်းပြပွဲတွေထက် ပိုပြီး ဈေးရသလို နိုင်ငံတကာ ကုန်သည်တွေနဲ့ လွတ်လပ်စွာ ထိတွေ့ရောင်းနိုင်တယ်။ နောက် နှစ်နှစ်၊ သုံးနှစ်လောက်ဆိုရင်တော့ ထိုင်းဈေးကွက်ကို မြန်မာကုန်သည်တွေ အားပြု ရောင်းကြတော့မှာပါ''ဟု ဦးလင်းလင်းက ဆက်လက် ပြောကြားခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။