Monday, September 16, 2013

ပြီးခဲ့သည့် လေးလတာ ကာလအတွင်း တိုင်းရင်းသား ဒေသများတွင် တိုက်ပွဲအကြိမ် ၆၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ပြေးဒုက္ခသည် အရေအတွက် ၅၀၀၀ ကျော် တိုးလာ

(Eleven Media Group)

ပြီးခဲ့သည့် လေးလတာ ကာလအတွင်း၌ တိုင်းရင်းသား ဒေသများတွင် တိုက်ပွဲအကြိမ် ၆၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ပြေးဒုက္ခသည် အရေအတွက် ၅၀၀၀ ကျော် တိုးပွားလာခဲ့ကြောင်း မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စောင့်ကြည့်လေ့လာနေသော Myanmar Peace  Monitor ၏ သုတေသန စစ်တမ်းများအရ သိရသည်။

 
အစိုးရက လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းအားလုံး ပါဝင်သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို နေပြည်တော်၌ လက်မှတ်ရေးထိုးနိုင်ရန် ပြင်ဆင်နေကြောင်း မေလအတွင်းက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်ပိုင်း လေးလတာ ကာလအတွင်း တိုက်ပွဲများ ဆက်ဖြစ်နေပြီး စစ်ပြေးဒုက္ခသည် အရေအတွက် ဆက်လက်တိုးပွားနေခြင်း ဖြစ်ပါသည်။

အစိုးရ အနေဖြင့် မေလအတွင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၁၀ ကြိမ် ပြုလုပ်ခဲ့ပြီး သဘောတူညီချက်တစ်ချက် ရရှိခဲ့ကာ တိုက်ပွဲဖြစ်ပွားမှုမှာ ၁၈ ကြိမ်အထိ ရှိခဲ့သည်။ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက် ၂၄၀၀ ကျော် တိုးပွားခဲ့ကြောင်း သိရသည်။ ဇွန်လအတွင်း၌မူ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သုံးကြိမ်ပြုလုပ်ခဲ့သော်လည်း သဘောတူညီချက် တစ်ခုမျှ မရရှိခဲ့ဘဲ တိုက်ပွဲဖြစ်ပွားမှုမှာ ၁၇ ကြိမ်အထိ ရှိခဲ့သည်။ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက် ၂၀၀ ကျော် တိုးပွားခဲ့သည်။ ဇူလိုင်လအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရှစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး သဘောတူညီချက် သုံးရပ်ရရှိခဲ့ကာ တိုက်ပွဲဖြစ်ပွားမှုမှာ ၁၂ ကြိမ်အထိ ရှိခဲ့သည်။ သြဂုတ်လတွင်မူ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၁၀ ကြိမ် ပြုလုပ်ခဲ့ပြီး သဘောတူညီချက် နှစ်ရပ်ရရှိခဲ့ကာ တိုက်ပွဲဖြစ်ပွားမှု ၁၀ ကြိမ်ရှိခဲ့သည်။ စက်တင်ဘာလအတွင်း တိုက်ပွဲဖြစ်ပွားမှုမှာ ၁၀ ကြိမ်ထက်မနည်း ရှိခဲ့ပြီး စစ်ပြေးဒုက္ခသည် အရေအတွက် ၂၀၀၀ ကျော် တိုးပွားခဲ့ကြောင်း သိရသည်။  

အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၇ ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နှင့် ပြည်ထောင်စုအဆင့် သဘောတူညီချက်များ ရရှိထားသည်။  အဖွဲ့သုံးဖွဲ့နှင့်မူ ပြည်နယ်အဆင့် သဘောတူညီချက်များ ရရှိထားပြီ ဖြစ်သည်။ သို့သော် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရခိုင်တပ်မတော်-ကချင်ပြည်နယ် (AA) နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့နှင့်မူ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေရဆဲဖြစ်ပြီး သဘောတူညီချက် ရရှိရန် အလှမ်းကွာဝေးနေဆဲ ဖြစ်သည်။

တချို့အဖွဲ့တွေက ပြည်နယ်အလိုက် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးပြီးသွားပြီ။ ထိုးပြီးတဲ့ဟာ ဘာကြောင့်ထပ်ထိုးရမှာလဲ။ ဒါကို ကျွန်တော်တို့ မေးခွန်းထုတ်တယ်။ နောက်ပြီး ပြည်နယ်အဆင့် အပစ်အခတ် ရပ်ထားတဲ့ အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်။ တပ်ပိုင်းဆိုင်ရာ ယုံကြည်မှုရှိအောင် . . . . .

ထို့ကြောင့် ပြီးခဲ့သည့် လေးလတာ ကာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအနက် အစိုးရနှင့် KIA၊ အစိုးရနှင့် TNLA တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ အများဆုံး ဖြစ်ခဲ့ပြီး ထိုသို့ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့်ပင် စစ်ပြေးဒုက္ခသည် အရေအတွက် တိုးပွားခဲ့ပါသည်။

သို့သော် အစိုးရနှင့် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိထားသော ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU) တို့နှင့်လည်း ထိတွေ့တိုက်ပွဲဖြစ်မှုများ ရှိခဲ့သဖြင့် အစိုးရအပေါ် မေးခွန်းထုတ်မှုများ ရှိခဲ့သည်။

အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို အောက်တိုဘာလအတွင်း နေပြည်တော်၌ ပြုလုပ်ရန် ရှိသည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက စက်တင်ဘာ ၈ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် ဆွေးနွေးပွဲတွင် ထပ်မံတင်ပြခဲ့သည်။

"တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးဖို့ဆိုရင် တချို့အဖွဲ့တွေက ပြည်နယ်အလိုက် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးပြီးသွားပြီ။ ထိုးပြီးတဲ့ဟာ ဘာကြောင့်ထပ်ထိုးရမှာလဲ။ ဒါကို ကျွန်တော်တို့ မေးခွန်းထုတ်တယ်။ နောက်ပြီး ပြည်နယ်အဆင့် အပစ်အခတ် ရပ်ထားတဲ့ အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်။ တပ်ပိုင်းဆိုင်ရာ ယုံကြည်မှုရှိအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်ကို တင်ပြခဲ့တယ်" ဟု UNFC ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး-၂ ပဒိုမန်းမန်းက ပြောကြားသည်။
ပြီးခဲ့သည့် လေးလတာ ကာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအနက် အများစုမှာ ရှမ်းပြည်နယ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သြဂုတ်လ အတွင်းမှ စတင်ပြီး ကချင်ပြည်နယ်၌လည်း တပ်မတော်နှင့် KIA အကြား တကျော့ပြန် တိုက်ပွဲဖြစ်မှုများ ရှိခဲ့သည်။

သြဂုတ်နောက်ဆုံးပတ် အတွင်းက ပူတာအို ခရိုင်အတွင်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ရာ ထိုတိုက်ခိုက်မှုသည် KIA ဘက်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပြီးနောက် လက်နက်ငယ် ဒဏ်ရာရရှိခဲ့သူ ဗိုလ်ကြီးအဆင့်ရှိ တပ်မတော်အရာရှိ တစ်ဦးကို KIA တပ်စုမှူးနှင့် အဖွဲ့ဝင် ၂၀ က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ စက်တင်ဘာ ၅ ရက်တွင် ဒေသခံနှစ်ဦး သတင်းပေးချက်အရ ရှာဖွေမှုပြုလုပ်ခဲ့ရာ အရာရှိအား ဦးခေါင်းဖြတ်သတ်ဖြတ်ပြီး မြှုပ်နှံထားသည်ကို တွေ့ရှိခဲ့ရကြောင်း စက်တင်ဘာ ၁၄ ရက်တွင် ကာကွယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းကို KIO ဌာနချုပ် လိုင်ဇာမှ ဗိုလ်မှူးကြီးအဆင့်ရှိ အရာရှိတစ်ဦးက ငြင်းဆိုခဲ့ပြီး တပ်မတော် အရာရှိသည် တိုက်ပွဲ၌ ကျဆုံးခဲ့ခြင်းသာဖြစ်ပြီး ၎င်းတို့အနေဖြင့် ကောင်းမွန်စွာ မြှုပ်နှံပေးခဲ့သည်ဟု ဖြေကြားခဲ့သည်။
ကာကွယ်ရေး ၀န်ကြီးဌာနက အရာရှိတစ်ဦး သတ်ဖြတ်ခံခဲ့ရခြင်းအတွက် သတင်းထုတ်ပြန်ခဲ့သော်လည်း တိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် စပ်ဆက်ပြီး မေးမြန်းချက်များကိုမူ ပြန်လည်ဖြေကြားလေ့ မရှိခဲ့ပေ။

သို့ရာတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ တပ်မတော်မှ သဘောထားခြောက်ချက်ကို ကြေညာထားကြောင်း သိရသည်။
အဆိုပါ သဘောထား ခြောက်ချက်မှာ လူမသတ်ရန်၊ အဓမ္မ တပ်စုဆောင်းခြင်း မပြုရန်၊ ဆက်ကြေးမကောက်ရန်၊ တပ်နေရာသစ် တိုးချဲ့ခြင်း မပြုရန်၊ မဟာမိတ် တပ်ဖွဲ့များ အတွင်းသို့ အပစ်အခတ် ရပ်စဲထားသော အဖွဲ့မှ တပ်သားများ ထည့်သွင်းတိုက်ခိုက်ခြင်း မပြုရန်၊ အစိုးရ အုပ်ချုပ်ရေးပိုင်းတွင် ၀င်ရောက်စွက်ဖက်ခြင်း မပြုရန်နှင့် တပ်မတော် အုပ်ချုပ်မှု အောက်တွင်ရှိသော ပြည်သူ့စစ်များကို တိုက်ခိုက်ခြင်း မပြုရန်တို့ဖြစ်ကြောင်း သိရသည်။

ထိုသဘောထားခြောက်ချက်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးစဉ်က မပါရှိဘဲ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးပြီးမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချက်များသည် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဆောင်ရာတွင် ဆွေးနွေးရမည့် အချက်များဖြစ်ကြောင်း တိုင်းရင်းသား အဖွဲ့များက တုံ့ပြန်ထားသည်။

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည့်နည်းတူ ဗန်းမော်ခရိုင် အတွင်း၌လည်း စက်တင်ဘာ ၁၀ ရက်မှ ၁၄ ရက်အထိ လေးရက်ဆက်တိုက် တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ထို့အတူ ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှုများ ဆက်ရှိနေခဲ့ပြီး ဆယ်ဂဏန်းနှင့်အထက် အကျအဆုံးရှိခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ "တိုက်ပွဲ" ဟု သတ်မှတ်နိုင်မည် မဟုတ်ဘဲ "ထိတွေ့မှု" ဟုသာ သတ်မှတ်နိုင်မည်ဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရာရှိက ထင်မြင်ချက် ပေးပါသည်။ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသော TNLA နှင့် တိုက်ပွဲများအတွက် ဒေသဆိုင်ရာ တပ်မတော် အရာရှိများက မည်သည့်ထင်မြင်ချက်မျှ ပြောဆိုခဲ့ခြင်း မရှိဘဲ တပ်မတော်က ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများ ဖြစ်ပွားရသည်ဟု PSLF/TNLA ပြန်ကြားရေး ဌာနက တိုက်ပွဲသတင်း ထုတ်ပြန်မှုများတွင် ပြောကြားခဲ့သည်။

"နိုင်ငံရေး ဆွေးနွေးပွဲတွေကို မစတင်နိုင်သေးတဲ့အတွက် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတွေက မရှိကြဘူး။ ယုံကြည်မှု မရှိတဲ့အတွက် တိုက်ပွဲတွေက ပြန်ဖြစ်တယ်" ဟု SNLD ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောကြားသည်။

"နှစ်ဦးနှစ်ဖက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ကိုတော့ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်။ အဲဒါကို မလုပ်နိုင်ဘူး ဆိုရင်တော့ မီးတစ်စကနေ ပိုပြီးကြီးသွားမှာကို ကျွန်တော်တို့ PCG အနေနဲ့လည်း စိုးရိမ်ပါတယ်။ ဒါပေမဲ့ ပန်ဝါဘက်မှာရော၊ ပူတာအိုဘက်မှာပါ ငြိမ်သွားပါပြီ။ စက်တင်ဘာ ၁၀ ရက်က ဗန်းမော်ဘက်မှာ ပြန်ဖြစ်တာလည်း စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက ငြိမ်းသွားပါပြီ။ ယုံကြည်မှု တည်ဆောက်နေတဲ့ အချိန်မှာ နှစ်ဖက်စလုံးက ထိတွေ့မှုတွေဖြစ်ပြီး ရှိထားပြီးဖြစ်တဲ့ ယုံကြည်မှုကို ထိခိုက်အောင် မလုပ်ဖို့တော့ နှစ်ဖက်စလုံးကို တိုက်တွန်းထားပါတယ်" ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားပါသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ စစ်ပြေးဒုက္ခသည် အရေအတွက် ၆၃၂၀၀၀ ကျော်ရှိနေပြီး ထိုဒုက္ခသည်များ မူရင်းနေရပ် ပြန်နိုင်ရေး ခက်ခဲနေချိန်တွင် ဆက်လက်ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက်မှာလည်း တိုးပွားနေဆဲဖြစ်ကြောင်း သိရှိရပါသည်။  

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။