Tuesday, September 17, 2013

ပြည်ထောင်စုအဆင့် ဆွေးနွေးရန် အစိုးရနှင့် ကေအိုင်အိုမူအားဖြင့် သဘောတူ

(Mizzima)

ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းဦးဆောင်သောအဖွဲ့နှင့် KIO ခေါင်းဆောင်တို့ လာမည့်အောက်ဆိုဘာလ ပထမပတ်တွင် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကိုကျင်းပရန် မူအားဖြင့် သဘောတူညီမှု ရပြီဖြစ်သည်ဟု နှစ်ဖက်ကိုယ်စားလှယ်များကပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ညှိနှိုင်းအဖြေရှာမည့် အလုပ်အဖွဲ့ Technical Team နှင့် ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ၏ နည်းပညာအထောက်အကူပြုအဖွဲ့တို့ တွေ့ဆုံရန်အတွက် အကြိုညှိနှိုင်းဆွေးနွေးသော ပထမနေ့တွင် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။


ထိုပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ မဂျွယ်ခန်းမတွင် ကျင်းပရန်သဘောတူခဲ့ပြီး စစ်ပြေး ဒုက္ခသည် များအရေးနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးများကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟု မြန်မာ့ငြိမ်းချမ်းရေး စင်တာမှ ဦးလှမောင်ရွှေကပြောသည်။

“ဆွေးနွေးနိုင်တာက ခေါင်းစဉ် ၃ ခုပါပဲ။ အဲဒါကတော့ နောက်တစ်ကြိမ် ကျွန်တော်တို့ ကျင်းပပြုလုပ်မယ့် ပြည်ထောင် စု အဆင့်ဆွေးနွေးမယ်။ နောက်တစ်ကြိမ် ကျင်းပမယ့်ဆွေးနွေးမှုကိုတော့ အောက်တိုဘာလ ပထမပတ်မှာ ပြန်
ဆောင်ရွက်နိုင်ဖို့ အကြမ်းမျဉ်းညှိနှိုင်းလို့ရတယ်” ဟု သူကမဇ္ဈိမကိုပြောသည်။

ဆွေးနွေးပွဲသို့ KIO ၏ နည်းပညာအထောက်အကူပြု အလုပ်အဖွဲ့မှ ဗိုလ်မှူးကြီးအောင်လ ဦးဆောင်သော ကိုယ်စားလှယ် ရှစ်ဦးနှင့် လေ့လာသူ ဆရာမဂျာနန်နှင့် ဆရာမနန်ရော်တို့ တက်ရောက်ခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေး စင်တာမှ ကိုယ်စားလှယ် ၇ ဦးတို့ မြစ်ကြီးနားမြို့ရှိ KIO ရုံးတွင် စက်တင်ဘာ ၁၆ ရက်နံနက် ၁၁ နာရီမှ ညနေ ၄ နာရီခွဲထိ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယနေ့ဆွေးနွေးမှုတွင် အချက် ၃ ချက်ဆွေးနွေးခဲ့ပြီး မနက်ဖြန်ဒုတိယနေ့တွင် ယခင်နှစ်ဖက်ကိုယ်စားလှယ်များ သဘောတူညီခဲ့သော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ Join Mornitoring Committee ဖွဲ့စည်းရေးနှင့်တပ်ပိုင်းဆိုင်ရာ ကိစ္စများ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း KIO နည်းပညာအလုပ်အဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးက
ပြောသည်။

ပြီးခဲ့သည့်မေလ ၃၀ က သဘောတူညီချက်မှာ နိုင်ငံရေးအရ ဆက်လက်ဆောက်ရွက်ရေး၊ နှစ်ဖက်တပ်များ ပစ်ခတ်မှု
လျှော့ချရေး၊ စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ Join Mornitoring Committee ဖွဲ့စည်းရေး၊ စစ်ပြေးဒုက္ခသည်များ
ပြန်လည်ထူထောင်ရေးနှင့် တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများ ညှိနှိုင်းဆောင်ရွက်ရေးတို့ သဘောတူညီခဲ့သည်။

ပြီးခဲ့သည့် မေလကအစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီနှင့် KIO ငြိမ်းချမ်းရေးကော်မတီတို့ သဘောတူညီချက်ထဲမှ အလုပ်အဖွဲ့ဖွဲ့စည်း၍ ကိုယ်စားလှယ်များနှင့်အတူ ပြီးခဲ့သည့်ဇူလိုင်လက မြစ်ကြီးနားမြို့တွင် ရုံးဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေစဉ်မှာပဲ အစိုးရစစ်တပ်နှင့် KIA တပ်ဖွဲ့များ အကြား ယခုလ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။

လတ်တလော ကချင်ပြည်နယ် မချမ်းဘောမြို့နယ် အင်ခါးဂါးကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် ပဋိပက္ခ များနှင့် ပတ်သက်၍ ၀န်ကြီးဦးအောင်မင်းက KIO ထံ ယခုလ ၁၁ ရက်တွင် စာပေးပို့ထားသည်ဟု ဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။