Sunday, September 15, 2013

ပူတာအို ခရိုင်အတွင်း တပ်မတော် အရာရှိတစ်ဦး အသတ်ခံရခြင်းနှင့် ပတ်သက်၍ ကာကွယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်

(Eleven Media Group)

ပူတာအို ခရိုင်အတွင်း တပ်မတော် အရာရှိတစ်ဦး အသတ်ခံရခြင်းနှင့် ပတ်သက်၍ ကာကွယ်ရေး ၀န်ကြီးဌာနက စက်တင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်း သြဂုတ် ၂၈ ရက်က မလွတ်ဒမ်းကျေးရွာမှ ထွက်ခွာလာသော နယ်မြေခံ တပ်ရင်းတပ်စု ၁ ကို ကေအိုင်အေ လက်နက်ကိုင် အဖွဲ့အင်အား ၂၀ ခန်က စောင့်ကြိုတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ တပ်မတော် အရာရှိတစ်ဦးနှင့် စစ်သည်တစ်ဦး လူစုကွဲ ပျောက်ဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။


အဆိုပါ ပျောက်ဆုံးသူများအား ပြန်လည်ရှာဖွေခဲ့ရာ စက်တင်ဘာ ၁ ရက်တွင် စစ်သည်အား ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ပြီး မြေပြင်သတင်း အချက်အလက်များအရ လက်မောင်းတွင် လက်နက်ငယ် ဒဏ်ရာရရှိထားသော အရာရှိကို ကေအိုင်အေ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးသွားကြောင်း၊ ဆက်လက်ရှာဖွေခဲ့ရာ စက်တင်ဘာ ၅ ရက်တွင် အင်ခန်ဂါးကျေးရွာ အနီးနေထိုင်သူ နှစ်ဦးက ၎င်းတို့ တောင်ယာအနီးတွင် အပုပ်နံ့ရရှိကြောင်း အကြောင်းကြားခဲ့သဖြင့် လိုက်လံရှာဖွေရာ အင်ခန်ဂါးရွာ၏ မြောက်ဘက်တောင်ယာသွားလမ်း၊ တောင်စောင်းနေရာတွင် မြေပုံတစ်ခုအား တွေ့ရှိခဲ့ပြီး တူးဖော်ကြည့်ရာ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အရာရှိအား ဦးခေါင်းဖြတ် သတ်ဖြတ်ပြီး မြှုပ်နှံထားသည်ကို တွေ့ရှိခဲ့ရကြောင်း သတင်းထုတ်ပြန်မှုတွင် ဆက်လက်ဖော်ပြသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့ တပ်ရင်း(၇) မှ တပ်စုမှူးတန်ခမ်နှင့် အပေါင်းအပါ ၂၀ ခန့်အား တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရန် မချမ်းဘောမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် သက်ဆိုင်ရာမှ အမှုဖွင့်လှစ်ထားရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကာကွယ်ရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တပ်မတော်အရာရှိသည် တိုက်ပွဲဖြစ်မှုတွင် ကျဆုံးခဲ့ခြင်းသာဖြစ်ပြီး ထိုအရာရှိကို ကောင်းမွန်စွာပင် မြှုပ်နှံပေးခဲ့ကြောင်း အမည်မဖော်လိုသူ ဗိုလ်မှူးကြီးအဆင့်ရှိ ကေအိုင်အေ အရာရှိက ပြန်လည်ဖြေကြားခဲ့သည်။

1 comment:

  1. တိုင်းရင်းသား ပြည်သူလူထုအားညှင်းပန်းနှိပ်စက်မှုများပြုသောတပ်မတော်သားများကို မည်သူက တရားစွဲအရေးယူမည်နည်း၊

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။