Saturday, September 14, 2013

တပ်တည်ပုံ နီးကပ်လို့ ကချင်မှာ တိုက်ပွဲတွေ ဖြစ်နေ

(ဘီဘီစီ)

ဒီရက်ပိုင်းတွေ အတွင်း ကချင်ပြည်နယ် အတွင်းမှာ သေနတ် သံတွေ ပြန်ညံလာ ခဲ့ပါတယ်။

တဘက်မှာ ငြိမ်းချမ်းရေးတွေ ဆွေးနွေး နေကြပေမယ့် ဘာကြောင့် အခုလို တိုက်ပွဲတွေ ပြန်ဖြစ် နေတာပါလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကေအိုင်အိုရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး လုပ်ငန်းအဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးဒေါင်ခါးကို ဆက်သွယ်မေးကြည့်တော့ တပ်တည်ရှိမှု အနေအထား တွေက နီးကပ်နေတဲ့ အတွက် အစိုးရဘက်က လှုပ်ရှားသွားလာမှုနဲ့ ကေအိုင်အေဘက်က လှုပ်ရှားမှုတွေ ပက်ပင်း တိုးတက် တာမျိုးတွေ ရှိတတ်ကြောင်း၊ တခါတလေ နယ်မြေ ကျော်လာတာမျိုး တွေလည်း ရှိတတ်လို့ အခုလို တိုက်ပွဲတွေ ဖြစ်နေတာလို့ ဆိုပါတယ်။



အဲဒါကြောင့် အခု ပြသနာတွေကို လက်တွေ့ကျကျ ဖြေရှင်းနိုင်ဖို့ လိုကြောင်း၊ စက်တင်ဘာ ၁၆၊ ၁၇ ရက်တွေမှာ အစိုးရနဲ့ ကေအိုင်အိုတို့ရဲ့ လုပ်ငန်းအဖွဲ့တွေ ဆွေးနွေးကြရင် စောင့်ကြည့် လေ့လာရေး ကော်မတီဖွဲ့ဖို့ အမြန်ဆုံး လုပ်မယ်လို့ လည်း ပြောပါတယ်။

အဲဒီကော်မတီက အခု ပြသနာတွေကို ဖြေရှင်းဖို့နဲ့ တပ်နေရာ ချထားပုံတွေကို ဖြေရှင်းဖို့ ရည်ရွယ် ထားတယ်လို့ ဆိုပါတယ်။ အပစ်ရပ်ရေးအတွက်ပဲ ပြောနေပြီး စစ်တပ်ပိုင်းနဲ့ ပတ်သက်လာရင် ဆုံးဖြတ်ချက် မချနိုင်လို့ အစည်းအဝေး ကြိမ်ဖန်များလာပြီး အထမမြောက် နိုင်တာလို့ ပြောပါတယ်။

ဒီတခေါက် တပ်တည်မှု မြေပုံကို ဆွေးနွေးမှာ ဖြစ်ပြီး ပွင့်လင်း မြင်သာမှုတွေကသာ မြန်မာပြည်က ပြသနာတွေကို ဖြေရှင်းပေးနိုင်မလားလို့ ကေအိုင်အိုဘက်က မျှော်လင့်ချက် ရှိနေကြောင်း ပြောပါတယ်။

အဲဒီလို တပ်နေရာ ချထားမှုနဲ့ ပတ်သက်လို့ မြန်မာသမတရဲ့ နိုင်ငံရေး အကြံပေး ဒေါက်တာ နေဇင်လတ်ကတော့ အစိုးရအနေနဲ့ ကေအိုင်အိုနဲ့ ညှိနှိုင်းမှုတွေမှာ အခက်အခဲ မရှိလောက်ပေမယ့် အောက်ခြေပိုင်းမှာတော့ စစ်ရေး သဘောအရ ရှည်ရှည် ဝေးဝေး မတွေးလိုက် တာမျိုး ရှိနိုင်ကြောင်း ဆိုပါတယ်။

တပ်ပိုင်းဆိုင်ရာ နေရာချထားဖို့ကတော့ ကေအိုင်အို၊ ကေအိုင်အေတို့ဘက်က တပ်မတော်ကို သူ့စိတ်ကြိုက် ဘယ်နေရာမှာပဲ နေလို့ ပြောလို့မရသလို တပ်မတော်ဘက်ကလည်း ဒီလို့ ပြောလို့ မကောင်းတော့ ညှိနှိုင်းပြီး လုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။

နိုင်ငံတော်ဘက်က ငြိမ်းချမ်းရေး လိုချင်လို့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ညှိနှိုင်းခဲ့ရာ ကျန်တဲ့ အဖွဲ့တွေ အားလုံးနဲ့ ပြေလည်ခဲ့ပြီး ကေအိုင်အို တဖွဲ့သာ ကျန်တော့ကြောင်း၊ အဲဒီတော့ လိုသလို ထိန်းညှိပြီး လုပ်ဖို့နဲ့ တောင်းဆိုမှုတွေ သိပ်မများဘဲ ဆက်လုပ်သွားရင် ငြိမ်းချမ်းရေး မရနိုင်စရာ မရှိဘူးလို့ ဆိုပါတယ်။

1 comment:

  1. ဒီတစ်ခါတော့Kiaတွေကုန်တော့မယ်ပျော်တယ်ဟေ့

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။