Friday, September 13, 2013

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီဒေသတွင် တပ်မတော်နှင့် ကေအိုင်အေတို့ သုံးရက်ဆက် တိုက်ပွဲဖြစ်

(Eleven Media Group)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ကောင်လွင်ကျေးရွာနှင့် နန်လင်းပါကျေးရွာ ၀န်းကျင်တွင် စက်တင်ဘာ ၁၀ ရက်မှ စတင်ပြီး တပ်မတော်နှင့် ကချင်လက်နက်ကိုင် အဖွဲ့ (KIA) တို့ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ကေအိုင်အို ဗဟိုအဖွဲ့ဝင် တစ်ဦးက ''ဒီမနက်လည်း ၅ နာရီလောက်မှာ မုန်ကျိန်ပါ ရွာအနီးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၁ နိုဝင်ဘာ ၀န်းကျင်လောက်က ကေအိုင်အေ တပ်မဟာ (၃) ရင်း (၁၂) ရဲ့ တပ်ရင်းတောင်ကုန်းကို တပ်မတော်က ၀င်သိမ်းလိုက်တော့ တပ်ရင်းက နောက်ဆုတ်ရသွားတယ်။ အခု တိုက်ပွဲဖြစ်တာက တပ်ဆုတ်ထားတဲ့ နယ်မြေထဲမှာ။ ဆုတ်ထားတဲ့ နယ်မြေထဲကို ၀င်လာတော့ တပ်မတော်က နယ်ကျွံတဲ့ သဘောပေါ့။ ထိုးစစ်ဆင်တဲ့ သဘောပေါ့'' ဟု စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက ပြောကြားသည်။


တိုက်ပွဲများနှင့် ပတ်သက်ပြီး မံစီဒေသခံ တစ်ဦးက ''အရင်နှစ်တွေကလည်း ကေအိုင်အေက တပ်မတော် နယ်ကျွံလာရင် ချောင်းပစ်တာ ရှိတယ်။ အခုတိုက်ပွဲ ဖြစ်နေတဲ့ နေရာက ကေအိုင်အေ ရင်း ၁၁ ဌာနချုပ်နဲ့လည်း ခြောက်မိုင်လောက်ပဲ ဝေးတော့တယ်။ စစ်တပ်ကို အလာမခံချင်တဲ့ သဘောပေါ့၊၊ တပ်မတော်က အကျအဆုံး များတယ်လို့ သိရတယ်။ အရပ်သားတွေ ဒုက္ခရောက်တာ မရှိဘူး။ အဲဒီနားမှာရှိတဲ့ ရွာကလူတွေက လွန်ခဲ့တဲ့ နှစ်ကတည်း ဒုက္ခသည်စခန်း ရောက်နေကြပြီ။ နောက်ထပ် စစ်ကူတွေ လွှတ်နေတုန်းဆိုတော့ ကေအိုင်အေက ထပ်တိုက်ရင် ထပ်ဖြစ်ဦးမှာ'' ဟု ဆိုသည်။

မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်ချမ်းရေး အကျိုးဆောင် အဖွဲ့ဝင် ဦးလမိုင်ခွန်ဂျာက ''ကချင်ပြည်နယ် အခြေစိုက်တပ်ရင်းတွေ မဟုတ်ဘဲ ရှမ်းမြောက်တပ်ရင်းတွေနဲ့ ဖြစ်တာလို့ဆိုတယ်။ 
နယ်မြေကြောင့် ဖြစ်ရတာဆိုတော့ နောင်ဆွေးနွေးပွဲမှာ အဓိက စောင့်ကြည့် ကြီးကြပ်ရေးအဖွဲ့ (Joint Monitoring Comitte) ဖွဲ့ဖို့ အသေးစိတ် ဆွေးနွေးဖို့သင့်ပြီ'' ဟု ဆိုသည်။

ကေအိုင်အို ကိုယ်စားပြု နည်းပညာ အကြံပေး အလုပ်အဖွဲ့နှင့် မြန်မာငြိမ်းချမ်းရေး စင်တာတို့ လာမည့် စက်တင်ဘာ ၁၆ နှင့် ၁၇ ရက်များတွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများမှာ ဆွေးနွေးပွဲကို ထိခိုက်မှု မရှိကြောင်း စုံစမ်းသိရှိရသည်။

1 comment:

  1. မင်းဌေးSeptember 14, 2013 at 10:35 AM

    Kiaဆိုတာစောက်ရူးစောက်ပေါတွေပါအပြတ်သာရှင်းပစ်လိုက်

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။