Friday, August 16, 2013

UNFC နှင့် MPC ကိုယ်စားလှယ်များ ယခုလ မကုန်မီ ထိုင်း၌ တွေ့ကြ ဦးမည်

(ရွှေဟင်္သာသတင်းဌာန)



UNFC အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး စင်တာ လုပ်ငန်း အထောက် အကူပြု အဖွဲ့တို့၏ ဒုတိယ အကြိမ် ထပ်မံ တွေ့ဆုံ ကြမည့် ရက်အတိ အကျကို နက်ဖြန် သြဂုတ်လ (၁၆) ရက်နေ့ အစည်း အဝေးတွင် ဆုံးဖြတ်ပြီး မြန်မာ့ ငြိမ်းချမ်းရေး စင်တာသို့ အတည်ပြု အကြောင်းပြန် သွားမည် ဖြစ်ကြောင်း UNFC မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ပြောသည်။

သူတို့ဘက်က အကြောင်းကြား စာကတော့ ဦးအောင်မင်း ကိုယ်တိုင် ပို့တဲ့ စာက ဇူလိုင်လ (၃၁) နေ့က ရောက်တယ်၊ ကျွှန်တော်တို့ ဘက်က တွေ့နိုင် မယ်လို့ သြဂုတ်လ (၇) ရက်နေ့မှာ စာပြန်လိုက် ရတယ်။ ရက်အတိအကျ ကတော့ ကျွှန်တော်တို့ အစည်းအဝေး ထိုင်ပြီးရင် အကြောင်းပြန် မှာပါဟု ဆိုပါသည်။


သြဂုတ်လ မကုန်မီ တွေ့ဆုံ နိုင်ကြရန် နှစ်ဖက် ရည်မှန်း ထားသည့် အဆိုပါ ဒုတိယ အကြိမ် ထပ်မံ တွေ့ဆုံပွဲ ကိုလည်း ယခင် သဘောတူ ထားသည့် အတိုင်း ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ ထပ်မံ တွေ့ဆုံ ကြမည် ဖြစ်သည်။ ယခု အကြိမ် တွေ့ဆုံပွဲကို ဦးအောင်မင်း တက်ရောက်မည် ဖြစ်ကြောင်းလည်း ၄င်းမှ ဆက်ပြောသည်။

တွေ့ဆုံပွဲတွင် ဦးအောင်မင်း ပြောနေသည့် အလုံးစုံ အပစ်အခတ် ရပ်စဲရေး နှင့် UNFC ဘက်က ပြောသည့် တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်ရန် ကိစ္စ ဆွေးနွေး သွားမည့် အပြင် နိုင်ငံရေး မူဘောင် ကိစ္စ နှင့် လက်ရှိ အခြေအနေ ရှုပ်ထွေးမှု ကိစ္စ တွေကိုလည်း ဆွေးနွေး သွားမည်ဟု ဒေးဗစ်သာကပေါ က ပြောသည်။

အဓိက ကတော့ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် မူဘောင် ကိစ္စကို ဆွေးနွေးမယ်။ နောက် တခုက တပြည်လုံး အတိုင်းတာ အပစ်ခတ် ရပ်ပါ ဆိုတာက တိုင်းရင်းသား ဒေသတွေမှာ တိုက်ခိုက်မှု တွေကို ရပ်ဖို့ ပြောတာပါ။ ကျနော်တို့ ကပြောပေမယ့်  ခုချိန်ထိ တိုက်ခိုက် မှုတွေ ဆက်လက်ရှိ နေတုန်းပဲဟု ၄င်းမှ ပြောသည်။

တိုင်းရင်းသား ဒေသ များအား တိုက်ခိုက် နေမှုနှင့် ပတ်သက်၍ နှစ်ဖက် တွေ့ဆုံလျှင် လူထုများ သွားလာ လှုပ်ရှားသည့် နေရာ၊ လုပ်ကိုင် စားသောက်သည့် နေရာတွင် စစ်တပ် ရွေ့ပြောင်း ပေးရန်လည်း တင်ပြမည်ဟု ဆိုပါသည်။

MPC မှမူ အစိုးရမှ ချမှတ် ထားသည့် မူအတိုင်း မည်သူ့ကိုမှ ချန်မထားပဲ အားလုံး ပါဝင်သည့် ပုံစံ ဖြစ်ပေါ် လာရေး အတွက် UNFC အင်အားစု ဘက်မှ တင်ပြချက် များကိုလည်း နားထောင် သွားမည် ဖြစ်ကြောင်း အပစ်ခတ် ရပ်စဲရေး ညှိနှိုင်းရေးနှင့် ဖော်ဆောင်ရေး အဖွဲ့ ညွန်းကြား ရေးမှူးဒေါက်တာ မင်းဇော်ဦး က ပြောသည်။
ဘယ်နေ့ ဘက်ရက် တွေ့ပြီး ကျနော်တို့ ဘက်က ဘယ်သူ ပါမယ် ဆိုတာကိုမပြောနိုင် သေးဘူး အဓိက တော့ ရှေ့ဆက်ပြီး နိုင်ငံရေး Frame Work ကို ဆွေးနွေးမယ်။ အစိုးရရဲ့ မူအတိုင်းပဲ သွားမှာပါ နောက်ပြီး သူတို့ တင်ပြချက် သူတို့ ဆန္ဒ သူတို့ သဘောထား ဘယ်လို ရှိသလဲ ဆိုတာကို နားထောင်ပြီး သူတို့ တင်ပြချက် အပေါ် စုပြီးတော့ ရယူ ထားပါမယ်ဟု ဆိုပါသည်။

ပြီးခဲ့သည့် ဇူလိုင် (၁၃) ရက်နေ့တွင် UNFC နည်းပညာ အထောက်အကူပြု ကိုယ်စားလှယ်အဖွဲ့  ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ပင် ပထမ အကြိမ် တွေ့ဆုံ ခဲ့ကြပြီး ဖြစ်သည်။

ထိုစဉ်က တွေ့ဆုံ ပွဲသို့ ကရင် အမျိုးသား အစည်းအရုံးKNU မှ ပဒိုးမန်းမန်းက ခေါင်းဆောင်၍ ကချင်လွတ် လွတ်လပ်ရေး အဖွဲ့ KIO မှ ဗိုလ်မှူးကြီး ဂျီးနောင်၊ မွန်ပြည်သစ်ပါတီNMSP မှ နိုင်ခွယ်ဟောင်းမွန်၊ အမျိုးသား ညီညွတ်ရေး ပါတီ ရခိုင်ပြည်NUPA မှ ဦးထွန်းဇော်၊ ကရင် အမျိုးသား အစည်းအရုံးKNU မှ သြပေါ်မူ၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီKNPP မှ ဦးအောင်ဆန်းမြင့် တို့မှ UNFC လုပ်ငန်း အထောက်အကူပြု အဖွဲ့များ အဖြစ် တက်ရောက် ခဲ့ကြသည်။

ထိုပထမ အကြိမ် တွေ့ဆုံ ပွဲ၌ ထပ်မံ၍ သြဂုတ်လ (၂၀) ရက်နေ့ နောက်ပိုင်း ဒုတိယ အကြိမ် တွေ့ဆုံ နိုင်ကြရန် သဘောတူ နိုင်ခဲ့ ခြင်းလည်း ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။