Thursday, August 29, 2013

ကုလအထူးကိုယ်စားလှယ်နှင့် KIO ခေါင်းဆောင်များ တွေ့ဆုံ

(Mizzima)

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားသည် လိုင်ဇာမြို့ရှိ KIO ဌာနချုပ်တွင် KIO ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးအင်ဆင်းဆန်းအောင်က ပြောသည်။

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ကိုယ်စားလှယ်ခုနစ်ဦးသည် မစ္စတာနမ်ဘီးယားနှင့်အတူ လိုက်ပါခဲ့ပြီး KIO
ခေါင်းဆောင်များနှင့် ၂၅ မိနစ်ကြာ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။


“ဥက္ကဋ္ဌက KIOတော်လှန်ရေးအကြောင်းကို အကျဉ်းချုပ်ပြောပြတယ်။ အစိုးရက ငြိမ်းချမ်းရေးဆက်ဆွေးနွေးပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်လာမယ်ဆိုတာကို ယုံကြည်တယ်ဆိုတာ ပြောတယ်။ နမ်ဘီးယားကလည်း ကုလဘက်က တတ်နိုင်သလောက် ကူညီမယ်ဆိုတာတွေပြောတယ်”ဟု ဦးအင်ဆင်းဆန့်အောင် က ဆိုသည်။

တွေ့ဆုံမှုအပြီး မစ္စတာနမ်ဘီးယားသည် လိုင်ဇာရှိ ဒုက္ခသည် အများဆုံး နေထိုင်ရာဖြစ်သည့် ဂျေယန်းစစ်ပြေး ဒုက္ခသည်စခန်းသို့ နေ့လည်တစ်နာရီခွဲတွင် သွားရောက်ကာ ဆေးရုံတက်ရောက်နေသည့် လူနာများကိုလည်း ကြည့်ရှု ခဲ့သေးသည်။

“ကျွန်တော်တို့ကို ဒုက္ခသည်ဦးရေ ဘယ်လောက်ရှိလဲ မေးတယ်။ ခဏပဲထိုင်တယ်။ ဆေးရုံကိုသွားပြီး လူနာတွေကို ၁၀ မိနစ်လောက် ကြည့်ပြီး ပြန်သွားတယ်”ဟု ဂျေယန်းဒုက္ခသည်စခန်းမှ ကိုနော်ဂျာက မဇ္ဈိမကို ပြောသည်။

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးအင်ဆင်းဆန့်အောင်၏ အဆိုအရ ကုလအနေနှင့် တစ်ကြိမ်မှ မရောက်ဖူး
သေးကြောင်း၊ နမ်ဘီးယားအနေနှင့်လည်း ငြိမ်းချမ်းရေးကိစ္စများကို ဘယ်လိုဆက်လုပ်သွား မည်ဆိုသည်ကို အဖြေရှာရန် တတ်နိုင်သလောက် ရရှိသွားနိုင်မည်ဟု မျှော်လင့်သည်ဟု ဆိုသည်။

မစ္စတာနမ်ဘီးယားသည် ဝေကြိုင် စစ်ပြေးဒုက္ခသည်စခန်းသို့လည်း သွားရောက်ခဲ့ပြီး ABSDF၊ ကိုးကန့်၊ ရှမ်း၊ ပလောင်နှင့် ရခိုင် စသည့် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များနှင့် သီးသန့်တွေ့ဆုံခဲ့ခြင်းမရှိဘဲ နေ့လည်စာ စားရင်းဖြင့်သာ တွေ့ဆုံခဲ့သည်။

နမ်ဘီးယားအနေနှင့် တတ်နိုင်သလောက် ကူညီမယ်ဟု ယခုတွေ့ဆုံပွဲတွင် ဆိုထားပြီး ပြီးခဲ့သည့် မေလကုန်ပိုင်း
လောက်က အစိုးရနှင့် KIO တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်လည်း ၎င်းသည် လေ့လာသူအဖြစ် တက်ရောက်ခဲ့
သေးသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။