Friday, August 23, 2013

KIO ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာ ကချင်ပြည်နယ် ဒီမိုကရေစီပါတီအမည်ဖြင့် ပါတီထောင်ရန် ပြင်ဆင်

(Mizzima)

၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့တွင် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သူ ကချင်လွတ်လပ်ရေးအဖွဲ့ KIO
ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီထောင် ယှဉ်ပြိုင်ရန် ထပ်မံပြင်ဆင်လျက် ရှိနေသည်။

“ကချင်ပြည်နယ် ဒီမိုကရေစီပါတီအမည်ဖြင့် နိုင်ငံရေးပါတီ ထူထောင်ရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်ထံ ယခုလမကုန်မီ သွားရောက် လျှောက်ထားမည်ဖြစ်ကာ လတ်တလော လူဦးရေ မည်မျှ ပါဝင်မည်ကို မသိရသေးဟု ဒေါက်တာတူးဂျာက မဇိ္ဈမကို ပြောသည်။


“အဓိကတော့ပါတီထောင်ဖို့ပါ။ ရွေးကောက်ပွဲတော့ အချိန်ရောက်လာလို့ရှိရင်တော့ ပါတီအတွင်း ညှိနှိုင်း ဆွေးနွေး ပြီးတော့မှ ဘယ်ဆန္ဒနယ်မှာ ဘယ်သူဆိုတာ ခန့်အပ်သွားမှာပါ။ အခုတော့ ပါတီတစ်ရပ်ထောင်ဖို့ လုပ်ဖော်ကိုင်ဖက်
တွေနဲ့ လုပ်ဆောင်နေပါတယ်”ဟု ပြောသည်။

ပြည်ထောင်စု တိုးတက်ဖွံ့ဖြိုးရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး ရရှိရေး၊ ဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် တရားဥပဒေစိုးမိုးရေး ဖြစ်ထွန်းစေရေး ရည်ရွယ်ချက်ဖြင့် ပါတီသစ် ထူထောင်ရခြင်း ဖြစ်သည် ဟု ဒေါက်တာတူးဂျာက မဇိ္ဈမကို ပြောသည်။

“ပါတီဖွဲ့စည်းရေးကတော့ အခု ကျွန်တော်တို့နိုင်ငံမှာ စတင် ကျင့်သုံးနေတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို
ထောက်ခံတဲ့အနေနဲ့ ဒီ ပါတီစုံ ဒီမိုကရေစီစနစ်အောက်မှာ လှုပ်ရှားသွားဖို့ စဉ်းစားထားပါတယ်။ ကျွန်တော်တို့က ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ် ပြည်ထောင်စု တိုးတက်ဖွံ့ဖြိုးဖို့အတွက် ပါတီသစ်ထူထောင်ဖို့ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

ဒေါက်တာတူးဂျာသည် ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်ရန် ပါတီထူထောင်ခဲ့သော်လည်း ရွေးကောက်ပွဲ
ကော်မရှင်ဘက်မှ မှတ်ပုံတင်မချပေးသဖြင့် ရွေးကောက်ပွဲ ၀င်ရောက်ခွင့်မရခဲ့ပေ။ သို့သော် ယခုတစ်ကြိမ်မှာ သူ့အနေဖြင့် ပါတီထောင်ခွင့် မှတ်ပုံတင်လို့ ရလိမ့်မည်ဟု မျော်လင့်နေသည်ဟု ပြောသည်။

“အခုက အစိုးရလည်း ပြောင်းသွားပြီ။ အခြေအနေတွေ စနစ်ကလည်း ပြောင်းသွားပြီ၊ အဲဒါကြောင့်မလို့ ကချင်ပြည်နယ်မှာ ကချင်တိုင်းရင်းသား ပါတီတစ်ရပ် ထူထောင်သင့်တယ်ဆိုတဲ့ အမြင်သဘောထားရှိ ကြပါတယ်။ ဒါကြောင့် ပါတီတစ်ရပ် ထူထောင်ပြီးတော့ သွားရအောင် ရွေးကောက်ပွဲဝင်သင့်ရင်လည်း ၀င်ဖို့ဆိုပြီး ဆုံးဖြတ်တာ
ဖြစ်တယ်”ဟု သူက ပြောသည်။

“အခြေအနေတွေ ပြောင်းသွားပြီလေ။ အခြား တိုင်းရင်းသားတွေလည်း ပါတီဖွဲ့စည်းလာကြပြီလေ။ ကျွန်တော်တို့ ကချင်တိုင်းရင်းသားများကိုလည်း နားလည် သဘောပေါက်ကြမယ်။ လမ်းဖွင့်ပေးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့် ထားပါတယ်”ဟု သူက ဆက်ပြောသည်။

ကချင်တိုင်းရင်းသားများ ဦးဆောင်၍ ပါတီထူထောင်ခွင့် ရရှိသွားသော်လည်း နောက်ပိုင်း အခြား ကချင်ပြည်နယ် သားများ၊ နိုင်ငံရေး စိတ်ဝင်စားသူများရှိပါက လူမျိုး၊ ဘာသာမရွေး လက်ခံသွားရန် လမ်းဖွင့်ပေးသွားမည်
ဖြစ်ကြောင်း ဒေါက်တာတူးဂျာက ရှင်းပြသည်။

ကချင်ပြည်နယ်တွင် လက်ရှိ ကချင်တိုင်းရင်းသားများ ဦးဆောင်သော “စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ UDPKS ပါတီရှိသော်လည်း ၎င်းပါတီသည် အစိုးရ၏ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဘက်ပြောင်း၍ ပါတီဖွဲ့စည်းထား သဖြင့် ကချင်လူထုအား ကိုယ်စားပြုခြင်း မရှိပေ။

ကချင်လွတ်လပ်ရေးအဖွဲ့KIOဒုဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာအပါအ၀င် ထိပ်ပိုင်းခေါင်းဆောင်ခြောက် ဦးတို့ သည် ၂၀၀၉ ခုနှစ် စက်တင်ဘာလက KIO မှ တရားဝင် နှုတ်ထွက်ပြီး နောက်တစ်နှစ် ၂၀၁၀ ခုနှစ် ဧပြီလ ၅ ရက်မှာ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် “ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP ကို မှတ်ပုံတင်ခွင့် လျှောက်ထား ခဲ့သည်။

သို့သော် ယခင်အစိုးရက KIO ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာ ပါတီဝင်နေသဖြင့် ပါတီထူထောင်ရန် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားခဲ့မှုအား လက်မခံခဲ့သဖြင့် ထိုပါတီအား ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂၃ ရက်က KSPP ပါတီကို ဖျက်သိမ်း လိုက်သည်။

ထို့ပြင် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ဒေါက်တာတူးဂျာသည် မိုးကောင်းမြို့နယ် မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ရန် ကြိုးစားခဲ့သေးသည်။

၁၉၉၄ ခုနှစ်က KIO နှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက် ဒေါက်တာတူးဂျာသည် ၁၄ နှစ်ကြာ အခြေခံဥပဒေမူကြမ်း ရေးဆွဲရာတွင် ကချင်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင် တက်ရောက်ကြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။