Wednesday, August 28, 2013

ကုလကိုယ်စားလှယ် ဗီဂျေနမ်ဘီးယား လိုင်ဇာကိုသွားရောက်

(DVB)
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးနဲ့ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ ဗီဂျေနမ်ဘီးယားဟာ ကချင်ပြည်နယ် လိုင်ဇာကို သြဂုတ်လ၂၈ ရက် ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ ရောက်ရှိနေတယ်လို့ ကချင်ပြည်နယ် လူမှုရေးဝန်ကြီးဌာန၀န်ကြီး ဒေါ်ဘောက်ဂျာက ဒီဗီဘီကို ပြောပါတယ်။ ဗီဂျေ နမ်ဘီးယားဟာ ပြည်ထောင်စုအစိုးရထံက ခွင့်ပြုချက်နဲ့ ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့နဲ့ အတူ လိုင်ဇာကို သွားရောက်တယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

မစ္စတာနမ်ဘီးယားဟာ သြဂုတ် ၂၇ ရက်နေ့က ကေအိုင်အေ အလုပ်အဖွဲ့တွေနဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။ မြစ်ကြီးနားမှာရှိစဉ်က ကချင်ပြည်နယ် အစိုးရကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ပြီးခဲ့တဲ့အခေါက် မေလကုန်ပိုင်းက မြစ်ကြီးနားမှာ ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ အကြား ဆွေးနွေးပွဲကိုလည်း တက်ရောက်တာကြောင့် သူ့ရဲ့လိုင်ဇာခရီးစဉ်မှာ ကေအိုင်အိုခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။ မစ္စတာနမ်ဘီးယားဟာ ဒီညနေပိုင်း လိုင်ဇာကနေ ပြန်မယ်လို့လဲ သိရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။