Wednesday, August 28, 2013

အစိုးရနှင့် ကေအိုင်အေတို့ သဘောတူညီခဲ့သည့် နေရပ်ပြောင်းရွှေ့ဒုက္ခသည်များ ပြန်လည်ထူထောင်ရေး ကိစ္စမှာ သုံးလကြာလာသော်လည်း အကောင်အထည် မပေါ်သေး

(Eleven Media Group)

အစိုးရနှင့် ကေအိုင်အေတို့ ၂၀၁၃ ခုနှစ် မေ ၃၀ ရက်က ဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုး သဘောတူညီခဲ့သည့် သဘောတူညီချက် ခုနစ်ချက်တွင် ပါဝင်သော နေရပ်ပြောင်းရွှေ့ ဒုက္ခသည်များ ပြန်လည်ထူထောင်ရေး ကိစ္စမှာ သုံးလကြာလာသော်လည်း အကောင်အထည် မပေါ်သေးကြောင်း စုံစမ်းသိရှိရသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှစ၍ အစိုးရတပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ မြစ်ကြီးနားမြို့နယ်၊ ၀ိုင်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ လဂျားယန်မြို့နယ်၊ မံစီမြို့နယ်၊ ဗန်းမော်မြို့နယ်၊ ပန်ဝါမြို့နယ်၊ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ် စသည့်မြို့နယ်များမှ ရွာပေါင်း ၃၀၀ ကျော်မှ လူဦးရေ တစ်သိန်းကျော် နှစ်သိန်းနီးပါးမှာ လုံခြုံမှုရှိသည့် မြို့ရွာများသို့ ပြေးဝင်ခိုလှုံ ခဲ့ကြရသည်။


ကချင်ပြည်နယ် အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ဒုက္ခသည် စခန်းများရှိ ဒုက္ခသည် ဦးရေမှာ သုံးသောင်းလေးထောင်ကျော်ရှိပြီး ဒုက္ခသည် စခန်းများတွင် မခိုလှုံသူများကိုပါ ထည့်တွက်ပါက တစ်သိန်းကျော်မည်ဟု လူမှုကူညီရေး အဖွဲ့အစည်းများက ဆိုသည်။

လူတစ်ထောင်ကျော် ခိုလှုံနေသော မိုင်းနားစိန့်ဂျိုးဇက် ဒုက္ခသည်စခန်းမှ အသက် ၅၀ ၀န်းကျင်ရှိ နန်ဆန်ယန်ကျေးရွာက ဒေါ်လာမလဲက "ဒီမှာ မနေချင်တော့ဘူး။ ကိုယ်ရပ်ကိုယ့်ရွာမှာက အပင်တစ်ပင်စိုက်လည်း ကိုယ့်အပင်ပဲ။ ပြန်လည်ထူထောင်ရေးကို အစိုးက ၀န်လေးနေရင်လည်း ကျွန်မတို့နေဖို့ အခြေအနေ ကောင်းပြီလို့သာ အာမခံပါ။ ကိုယ့်ဟာကိုယ် ထူထောင်မှာပါ။ ဒီစခန်းမှာ အသက်အိုတဲ့လူတွေ ၇၀ ကျော် ရှိတယ်။ အားလုံး အိမ်ပြန်ချင်နေကြပြီ" ဟု ဆိုသည်။

ဝိုင်းမော်မြို့ သာဂရ သရက်တောကျောင်းတိုက်မှ ဒုက္ခသည်များကို ကူညီစောင့်ရှောက်နေသည့် ဦးစိုင်းအောင်က "မပြန်နိုင်သေးတာက ပြည်နယ်တွင်းမှာ သေနတ်သံတွေ မစဲသေးတာ ပထမအချက်၊ နောက်မိုင်းရှင်းဖို့ လိုတယ်။ ဒါတွေမရှိရင် ချက်ချင်းပြန်ကြပြီ" ဟု ဆိုသည်။

ဒုက္ခသည်များအား စောင့်ရှောက်နေသည့် ပြည်နယ်ကြက်ခြေနီအသင်း ဦးစီးအရာရှိ ဦးဂဲနစ်က "အခု အခြေနေမှာတော့ ပြန်လည်ထူထောင်ဖို့ မရှိသေးဘူး။ လွန်ခဲ့တဲ့ ဇူလိုင် ၉ ရက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌလာတုန်းက အိမ်ခြေ ၃၀၀ နဲ့ ၅၀၀ ကြားမှာရှိတဲ့ ရွာတစ်ရွာ ပြန်လည်ထူထောင်ဖို့ ကမ်းလှမ်းထားပေမယ့် အကြောင်းမပြန်သေးဘူး။ အခု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC နဲ့ ပူးပေါင်းပြီး ပြန်လည်နေရာ ချထားရေးမှာ အဆင်သင့် ကူညီနိုင်အောင် စီမံကိန်း ရေးဆွဲခြင်းနဲ့ ဒီဇိုင်းရေးဆွဲခြင်း သင်တန်းတွေကို နိုင်ငံတကာ ပညာရှင်တွေက ပို့ချနေပါတယ်" ဟု ဆိုသည်။

ကေအိုင်အို ကိုယ်စားပြု အလုပ်အဖွဲ့မှ ဦးဒေါင်ခါးက "ကျွန်တော်တို့ဘက်ကတော့ ပြည်နယ်တွင်း NGOs အဖွဲ့တွေ၊ ရပ်မိရပ်ဖတွေနဲ့ တိုင်ပင်နေတုန်းပါ။ ဒုက္ခသည်တွေကို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ နည်းလမ်းတွေ ရှာနေပါတယ်။ အဓိကကတော့ ဒုက္ခသည်တွေရဲ့ သဘောထားကို အခြေတည်ပြီး ဆောင်ရွက်မှာပါ။ အစိုးရနှင့် ညှိနှိုင်းမှုပေါ်မှာလည်း မူတည်ပါတယ်" ဟု ပြောကြားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။