Friday, August 16, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဖက်ဒရယ်စနစ် ဖော်ဆောင်ရာတွင် သယံဇာတ ခွဲဝေသုံးစွဲခွင့်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ အကျေအလည် ဆွေးနွေးရန် လိုအပ်ကြောင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အကြံပြု

(Eleven Media Group)

နိုင်ငံ၏ သယံဇာတများ ခွဲဝေသုံးစွဲခွင့်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ အကျေအလည် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော ဖက်ဒရယ်စနစ်ကို လေ့လာသုံးသပ်သင့်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ ပြည်ထောင်စုစနစ်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)အပေါ် လေ့လာတင်ပြချက်တွင် အကြံပြု တင်ပြထားသည်။

 
ကော်မတီ အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော ဖက်ဒရယ်စနစ်ကို လေ့လာ၍ "လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဒရယ်ဟူသော အသုံးအနှုန်း မသုံးခဲ့သော်လည်း ဖက်ဒရယ်စနစ်ကို အခြေခံသော ၀ိသေသ လက္ခဏာများ ပါဝင်ပြီးဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးနေသော ဖက်ဒရယ်စနစ်၏ အင်္ဂါရပ်များ ပါရှိပြီးဖြစ်ကြောင်း၊ လက်တွေ့ညှိနှိုင်း ကျင့်သုံးရင်း အများလက်ခံလာစေရန် ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဆိုပါက အောင်မြင်မည်ဟု ယုံကြည်ပါသည်" ဟု သုံးသပ်ခဲ့ပြီး ဆောင်ရွက်သင့်သည်များကို ထည့်သွင်းအကြံပြုခဲ့ရာတွင် ထိုသို့ထည့်သွင်း အကြံပြုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တိုင်းရင်းသား လူမျိုးများအား စွမ်းရည်မြှင့်တင်ပေးမှုကို အစီအမံဖြင့် ဆောင်ရွက်၍ ရာထူးတာဝန်များ ခွဲဝေခန့်အပ် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆောင်ရွက်သင့်ကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကား၊ စာ၊ ဓလေ့ထုံးတမ်း၊ တိုင်းရင်းသား လက္ခဏာများကို ကာကွယ်စောင့်ရှောက် မြှင့်တင်ပေးသင့်ကြောင်း၊ အမျိုးသားရေး ကိုယ်ပိုင်လက္ခဏာ၊ တိုင်းရင်းသားတိုင်းကို အသိအမှတ်ပြု ဘုံအကျိုးစီးပွားကို ဖော်ဆောင်သွားရန် လိုကြောင်း၊ ပြည်ထောင်စုအစိုးရ အရာထမ်း၊ ၀န်ထမ်းများသည် တာဝန်ထမ်းဆောင်သော နေရာဒေသရှိ တိုင်းရင်းသား ဘာသာစကား တတ်ကျွမ်းရန် လိုအပ်ကြောင်း အကြံပြု တင်ပြထားသည်။

အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ နောက်ခံသမိုင်းကြောင်းများကို လေ့လာသုံးသပ်၍  ဖက်ဒရယ်စနစ် ကျင့်သုံးသော နိုင်ငံများနှင့် နှိုင်းယှဉ်ဖော်ပြပြီး "နိုင်ငံတကာ၌ ဖက်ဒရယ်စနစ် ကျင့်သုံးကြသော နိုင်ငံများ၌ အချုပ်အခြာ အာဏာကို မထိပါးစေသော အာဏာခွဲဝေ ကျင့်သုံးကြကြောင်း၊ နိုင်ငံရေးစနစ် ဖော်ဆောင်ခြင်းသည် ပုံတူယူ၍ လုပ်ဆောင်ခြင်း မပြုအပ်ဘဲ မိမိနိုင်ငံ၏ တိုင်းရင်းသား လူမျိုးများ၏ သဘောသဘာဝနှင့် သမိုင်းနောက်ခံ အခြေပြု ဆောင်ရွက်သင့်ကြောင်း အကြံပြု တင်ပြထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။