Wednesday, July 10, 2013

အစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးရန် UWSA ကိုယ်စားလှယ်များ ကျိုင်းတုံမြို့ သို့ ထွက်ခွာ

(ရွှေဟင်္သာသတင်းဌာန)

ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၏ ကိုယ်စားလှယ် (၅) ဦးသည် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးရန် ယနေ့ မနက်ပိုင်းတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း တြိဂံတိုင်း စစ်ဌာနချုပ် ရှိရာ ကျိုးတုံမြို့သို့ ထွက်ခွာသွားပြီး ဖြစ်ကြောင်း တရုတ်ပြည် နယ်စပ် စစ်ရေး အကဲခတ်သူ ဦးအောင်ကျော်ဇော်က ဆိုပါသည်။ 

“ အခုသွားတဲ့ ကိုယ်စားလှယ်တွေ ကတော့ စီးပွားရေး ဌာနကြီးမှူး ပေါက်ယိုလျံက ခေါင်းဆောင်ပါတယ်။ အဖွဲ့ဝင်တွေ ကတော့ဆက်သွယ်ရေး ဌာနကြီးမှူး ကျောက်ကုန်အန်း ပြီးတော့ (၁၇၁) တောင်ပိုင်း စစ်ဒေသ တပ်မှူးကြီးရှောရင်းဒုဦးစီးမှူး  စိုင်းစံနဲ့ရုံးအုပ် ဉ်ီးအောင်မြင့်တို့ ကိုယ်စားလှယ် (၅) ဦးပေါ့၊ဒီနေ့ မနက်ပိုင်းမှာ ကျိုင်းတုံမြို့ကို ထွက်သွားပါပြီး” ဟုဆိုပါသည်။  


UWSA သည် မူလက ၄င်းတို့၏ ဒုတိယ ဥက္ကဌ ရှောင်းမီလျံကို အဖွဲ့ခေါင်းဆောင် အဖြစ် ရာထားသော်လည်း နောက်ပိုင်းတွင် ပြောင်းလဲခဲ့ပါသည်။  အစိုးရဘက်မှ ကိုယ်စားလှယ်များမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့ဟု သိရသော်လည်း ကိုယ်စားလှယ် ဦးရေစာရင်းကို မသိရသေးဟု ဆိုပါသည်။ 

အစိုးရ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့သည် UWSA နှင့် အစိုးရတပ်တို့၏ နှစ်ဖက် စစ်ရေး တင်းမာမှုများကို ဖြေရှင်းရန် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ ကတည်းက ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) မှ UWSA ကို အကြောင်းကြား ထားခဲ့သည်ဟု ဆိုပါသည်။ UWSA သည် အစိုးရ ချိန်းဆိုခဲ့သော ဇူလိုင် (၆) ရက်နေ့တွင် အဆင်သင့် မရှိသဖြင့် မနက်ဖြန် ဇူလိုင်လ (၁၁) ရက်နေ့တွင် တွေ့ဆုံဆွေးနွေးရန် သဘောတူ ထားခဲ့ခြင်းဖြစ်ပါသည်။ 

ဆွေးနွေးရမည့် အကြောင်းအရာများမှာ UWSA နှင့်အစိုးရတပ်ဖွဲ့တို့သည် မိုင်းတုံမြို့နယ် ပုံပါကျင် အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးတင်ဝင်းမှUWSA ၏ တပ်တည်နှင့် အင်အား စာရင်းတောင်းခံသည့် ကိစ္စ၊ တပ်စခန်းချင်း မျက်နှာချင်းလာရောက် ဆိုင်ထားသည့် ကိစ္စ၊ UWSA အဖွဲ့၏ စိုက်ခင်းများကို လာရောက် သိမ်းပိုက်သည့် ကိစ္စနှင့် တာချီ လိတ်မြို့တွင်း ဖြစ်ပွားသည့် ရှမ်းတစ်ဦးသေဆုံးသည့် ကိစ္စများပင် ဖြစ်ကြောင်း ဦးအောင်ကျော်ဇော်က ဆိုပါသည်
UWSA နှင့် အစိုးရ တပ်ဖွဲ့တို့သည် ရှမ်းပြည်နယ်တောင်ပိုင်း တာချီလိတ်ခရိုင် မိုင်းဆတ်နှင့် မိုင်းတန် မြို့နယ်တွင်မက ထိုင်းနယ်စပ် တစ်လျှောက်ရှိ ဟိုပန်၊ မိုင်းယွမ်း၊ မုင်တန်၊ ဟွေအော့၊ မိုင်းကျွတ်နှင့်ခိုင်လုံး ဒေသ အားလုံးနှင့် ဆိုင်သော ၀တောင်ပိုင်း ကိစ္စ အတွက် အစိုးရ၏ သဘောထား တစ်ရပ် ရရှိရန် ဆွေးနွေးရတော့မည်ဟု အကဲခတ်များက ဆိုပါသည်။
UWSA ၏ တောင်ပိုင်းတိုင်းတွင် စစ်အင်အား (၂)သောင်း နီးပါးရှိပြီး ၀ပြည်သူ တစ်သိန်းခန့်က ၀န်းရံထားပါသည်။ ဤအစီအစဉ်သည် ၁၉၉၆ ခုနှစ်တွင် ဗိုလ်ချုပ် ခင်ညွန်နှင့် တရုတ် အစိုးရတို့၏ သဘော တူညီချက်အရ ဖြစ်လာခဲ့သည်ဟု ဆိုပါသည်။ ထို့အပြင် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ UWSA ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပါ ပေးထားခဲ့ပြီး ဖြစ်ပါသည်။
ထို့အပြင် လက်ရှိ ၀တောင်ပိုင်းဒေသအစိုးရ တပ်အင်အားသည် အများဆုံး တပ်ရင်း (၁၅) ရင်းခန့်သာ ရှိနေသည့် အတွက် အင်အား (၃၀၀၀) ကျော်သာ ရှိနေကြောင်း ၀ဖက်က ဆိုပါသည်။ ဤအခြေအနေများကြောင့် အစိုးရတပ်ဖွဲ့များ သည် UWSA ကို ရင်ဆိုင် တိုက်ခိုက်သည့် အနေအထားမရှိသေးကြောင်း အကဲခတ်များက ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။