Wednesday, July 10, 2013

နိုင်ငံရေးဆွေးနွေးပွဲ ပြင်ဆင်မှုအဖြစ် UNFC နှင့် အစိုးရ ကိုယ်စားလှယ်တို့ ထိုင်းတွင် တွေ့မည်

(Mizzima)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် နိုင်ငံတော်အစိုးရတို့ အကြား နိုင်ငံရေးဆွေးနွေး ပွဲတစ်ရပ် ပြုလုပ်နိုင်ရေး နှစ်ဖက် နည်းပညာ အထောက်အကူပြုအဖွဲ့Technical Teamများ ၏ အကြိုညှိနှိုင်းဆွေးနွေး ပွဲကို ဇူလိုင်လ ၁၃ ရက်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည်ဟု UNFC က ဇူလိုင်၉ရက် တွင် ထုတ်ပြန် ကြေညာလိုက်သည်။

တွေ့ဆုံပွဲသည် နိုင်ငံရေး ဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် ပြင် ဆင်မှုများ ပြုလုပ်နိုင်ရန် ဆွေးနွေး ညှိနှိုင်းကြဖွယ်ရှိသည်ဟု UNFC အထွေထွေ အတွင်းရေမှူး နိုင်ဟံသာက ပြောသည်။



“လုပ်ငန်း အထောက်အကူပြုအဖွဲ့တွေ တွေ့တာဆိုတော့ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်လာအောင် အဓိက ညှိရမှာပေါ့။ လမ်းပြမြေပုံ၊ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်မယ့်သူ၊ ကြားဝင် ဆောင်ရွက်ပေးမယ့်လူ၊ စောင့်ကြည့်
လေ့လာတဲ့သူ၊ အချိန်၊ နေရာတွေ အားလုံး ညှိနှိုင်းရမှာ”ဟု ပြောသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ နည်းပညာ အထောက်အကူ ပြုအဖွဲ့ကို UNFC အတွင်းရေးမှူး (၂) ပဒိုမန်းမန်းက ဦးဆောင်မည်ဖြစ်ကာ၊ ပြည်ထောင်စုအစိုးရ ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ၏ နည်းပညာ အထောက်အကူပြုကိုမူ ဦးလှမောင်ရွှေ ဦးဆောင်ပြီး အဖွဲ့ဝင် ခြောက်ဦး ပါဝင်မည်ဖြစ်သည်။

လမ်းပြမြေပုံ ညှိနှိုင်းခြင်းသည် ယခုဆွေးနွေးပွဲ၏ အဓိကကျမည့် ဆွေးနွေးမှုဖြစ်ကာ မြန်မာအစိုးရမှ ထုတ်ပြန်ထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် လိုက်နာရမည့် လမ်းညွှန်ချက်(၈) ချက်နှင့် UNFC မှ ၂၀၁၂ စက်တင်ဘာလအတွင်း ချမှတ်ထားသည့် ခြောက်ချက် လမ်းပြမြေပုံတို့ကို အကြေအလည် ညှိနှိုင်းရမည်ဟု လည်း နိုင်ဟံသာက ဆိုသည်။

အစိုးရ ထုတ်ပြန်ခဲ့သည့် ရှစ်ချက် လမ်းညွှန်မှုအရ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ လက်နက်စွန့်ရေး၊ နိုင်ငံရေးပါတီထောင်ကာ ရွေးကောက်ပွဲဝင်ရေးတို့မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်များ လက်ခံနိုင်ဖွယ် မရှိသည့် အချက်ဖြစ်သည်။

တိုင်းရင်းသားများဘက်ကမူ ၄င်းတို့၏ လက်နက်ကိုင် တပ်များသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရပြီး စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ချိန်ထိ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ဆက်လက် စွဲကိုင်သွားမည်ဖြစ်ကာ တိုင်းရင်းသား ပြည်နယ်များ၏ လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍကို တာဝန်ယူမည့် လက်နက်ကိုင် တပ်ဖွဲ့များအဖြစ် တည်ရှိသွားရန် လိုလားသည်ဟုလည်း နိုင်ဟံသာက ပြောသည်။

နိုင်ငံရေး ဆွေးနွေးပွဲများတွင် UNFC ဘက်မှ ကြားဝင် ဆောင်ရွက်ပေးမည့် အဖွဲ့အစည်းများအဖြစ် အနောက်နိုင်ငံကြီး များက ဖိတ်ကြားထားမှု ရှိသော်လည်း မြန်မာအစိုးရဘက်ကမူ ကြားဝင်ဆောင်ရွက်ပေး မည့်အဖွဲ့အစား လေ့လာ စောင့်ကြည့်သူများကိုသာ ခွင့်ပြုလိုသည့်အတွက် ညှိနှိုင်းရမည့် အရေးကြီး အချက်တစ်ချက် ဖြစ်သည်။

“အစိုးရဘက်ကတော့ ကြားဝင် ဆောင်ရွက်ပေးတဲ့ အဖွဲ့အဖြစ်တော့ တက်ရောက်ခွင့်မပြုလိုတဲ့ သဘောထားရှိနေ တယ်။ စောင့်ကြည့်သူအဖြစ်သာ လက်ခံမယ်ဆိုရင်တော့ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတွေ နည်းပါးနေချိန်မှာ စောင့်ကြည့်သူထက် မြင့်တဲ့အနေအထားမျိုး အစိုးရက လက်ခံနိုင်အောင် ညှိနှိုင်းဖို့ ရှိနေပါတယ်”ဟု နိုင်ဟံသာက ပြောသည်။

တစ်ဆက်တည်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များသည် ဇူလိုင်လ ၁၃ ရက်တွင် UNFC နှင့်တွေ့ဆုံမည်ဖြစ်သည်။ ဇူလိုင် ၁၂ ရက်တွင် ရှမ်းပြည် တောင်ပိုင်းတပ်မတော် RCSS/SSAနှင့် လည်းကောင်း၊ ဇူလိုင်လ ၁၄ ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့နှင့် အသီးသီး တွေ့ဆုံမည် ဖြစ်သည်ဟု UNFC မှ ထုတ်ဖော် ပြောကြားထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။