Sunday, July 21, 2013

မြန်မာစစ်ပြေး ဒုက္ခသည်များကို နေရပ်သို့ အတင်းအကျပ် ပြန်လည်ပို့ဆောင်မည် မဟုတ်ကြောင်း UNFC နှင့် တွေ့ဆုံစဉ် UNHCR ကတိပြု

(Eleven Media Group)

မြန်မာစစ်ပြေး ဒုက္ခသည်များကို နေရပ်သို့ အတင်း အကျပ် ပြန်လည် ပို့ဆောင်မည် မဟုတ်ကြောင်း ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် တွေ့ဆုံစဉ် ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး (UNHCR) က ကတိပြု ပြောဆိုခဲ့ကြောင်း သိရသည်။

UNFC နှင့် UNHCR တို့သည် ဇူလိုင် ၁၈ ရက်က ထိုင်းနိုင်ငံ၌ တွေ့ဆုံခဲ့ပြီး စစ်ပြေးဒုက္ခသည်များအရေး ပြောကြားရာ၌ ထိုသို့ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု UNFC ၏ အတွင်းရေးမှူး (၁)ဗိုလ်မှူးကြီး ခွန်ဥက္ကာက The Daily Eleven သို့ ပြောကြားသည်။


"ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ စစ်ပြေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုအကြောင်းအရာတွေ ပါဝင်သလဲ ဆိုတာကို သူတို့က လာမေးတာပါ။ သူတို့အနေနဲ့ စစ်ပြေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး လိုအပ်တာတွေကို ပါဝင်ဆောင်ရွက်ပေးဖို့ အသင့်ရှိတယ် ဆိုတာကိုလည်း ပြောခဲ့ပါတယ်" ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

"အဓိက အချက်ကတော့ ကုလသမဂ္ဂ အနေနဲ့ ဒုက္ခသည်တွေကို အတင်းအကျပ် နေရပ်ပြန်ပို့မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို ပြောခဲ့ပါတယ်" ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

UNFC အနေဖြင့် စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ရေးကို အဆောတလျင် ဆောင်ရွက်မည်မဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲများမှတစ်ဆင့် ထွက်ပေါ်လာသည့် ရလဒ်ကို အခြေခံပြီး ဆောင်ရွက်မည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

မြန်မာစစ်ပြေး ဒုက္ခသည်များ အရေးကို UNFC နှင့် လာရောက်ဆွေးနွေးခဲ့သူများမှာ UNHCR ၏ ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ခံနှင့် မဲဆောက်မြို့ တာဝန်ခံတို့ဖြစ်ကြောင်း သိရသည်။ မြန်မာတစ်နိုင်ငံလုံးတွင် စစ်ဘေးဒုက္ခသည်များ အပါအ၀င် ရွှေ့ပြောင်းဒုက္ခသည် အရေအတွက် ၆၃၂၀၀၀ ကျော်ရှိပြီး ကရင်ပြည်နယ် တစ်ဝိုက်တွင် အများဆုံးဖြစ်သည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက်ပေးရေးရုံး UNOCHA ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထိုအထဲတွင် ဒုက္ခသည် လေးသိန်းကျော်မှာ ကရင်ပြည်နယ် တစ်ဝိုက်ရှိ မြို့နယ် ၃၆ မြို့နယ်မှဖြစ်ပြီး ၎င်းတို့သည် နယ်မြေမတည်ငြိမ်မှုများကြောင့် အိုးအိမ်များကို စွန့်ခွာခဲ့ပြီး နှစ်ကာလရှည်ကြာ စစ်ပြေးဒုက္ခသည်ဘ၀ ရောက်နေကြသူများဖြစ်ကြောင်း သိရသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရွှေ့ပြောင်းဒုက္ခသည်များကို ၂၀၁၃ ခုနှစ် မတ်မှဒီဇင်ဘာအထိ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၉ သန်းကျော် လိုအပ်နေပြီး လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းသာ ရရှိသေးကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။