Thursday, July 18, 2013

ကေအိုင်အေကိုယ်စားပြု Technical Advisory Team အလုပ်အဖွဲ့ရုံးကို ဇူလိုင်၂၃ ရက်တွင် ဖွင့်မည်

(Eleven Media Group)

ကေအိုင်အေ ကိုယ်စားပြု Technical Advisory Team အလုပ်အဖွဲ့ရုံးကို မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက် နောင်ရာ နယ်မြေ ကေအိုင်အို ဆက်ဆံရေး ရုံးဟောင်းနေရာတွင် လာမည့်ဇူလိုင် ၂၃ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

၎င်းရုံးဖွင့်ပွဲကို ကချင်ပြည်နယ်အစိုးရ၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC)၊ လူမှုအခြေပြု အဖွဲ့အစည်းများ (NGOs)၊ လက်နက်ကိုင် အဖွဲ့အစည်းများကို ဖိတ်ကြားဖွင့်လှစ် သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသည့် ယင်းအလုပ်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။


၎င်းအဖွဲ့ ပေါ်ပေါက်ရန် ကြိုးစားမှုတွင် ပါဝင်ခဲ့သည့် PCG အဖွဲ့ဝင် ဦးဆန်းအောင်က "၀န်ကြီးဦးအောင်မင်းနဲ့ UN ကိုယ်စားလှယ် တက်ရောက်မယ်လို့တော့ သိရတယ်။ ကျန်တာတွေ ဘယ်သူတွေ ပါမယ်ဆိုတာ မသိသေးဘူး။ ဖိတ်စာတောင် ဒီနေ့မှ ရိုက်ရမှာ။ သဘောတူညီချက် ခုနစ်ချက်ကိုတော့ အကြမ်းဖျင်း ဆွေးနွေးမှု လုပ်ကြလိမ့်မယ်လို့ ယူဆပါတယ်" ဟု ပြောကြားသည်။

"ကေအိုင်အို အဖွဲ့ဘက်ကတော့ ဦးဆွမ်လွတ်ဂမ် အပါအ၀င် အားလုံးနီးပါး လာကြမှာပါ။ ဘာဆက်လုပ်ကြမယ် ဆိုတာတော့ စည်းဝေးနေတုန်း ရှိသေးတယ်" ဟု အလုပ်အဖွဲ့မှ ကိုဒေါင်ခါးက ဆိုသည်။

ယင်းအလုပ်အဖွဲ့တွင် ကေအိုင်အိုမှ ငါးဦး၊ အရပ်ဘက်မှ ဆယ်ဦး ပါဝင်မည်ဖြစ်ပြီး အစိုးရနှင့် ကေအိုင်အိုတို့၏ ဆက်ဆံရေးကိစ္စများ၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) အဖွဲ့နှင့် အကြိုညှိနှိုင်း ဆွေးနွေးမှုများ၊ ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်းများ၊ နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာပါက ဆွေးနွေးပွဲများတွင် အငြင်းအခုံများ မဖြစ်ပေါ်အောင် ကြိုတင်ညှိနှိုင်း ဆွေးနွေးခြင်းများကို အဓိက လုပ်ဆောင်ရမည် ဖြစ်သည်။

ကချင်လူမှုရေး အဖွဲ့အစည်းများနှင့် ဘာသာရေး အဖွဲ့အစည်းများသည် ဇူလိုင် ၉ ရက်နှင့် ၁၀ ရက်များက မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲမှ ကချင်ပြည်သူလူထုများ ၀ိုင်းဝန်းအကြံပြု ဆွေးနွေးချက်များကို ကေအိုင်အေ ကိုယ်စားပြု Technical Advisory Team အလုပ်အဖွဲ့ထံ တင်ပြသွားမည်ဟု သိရသည်။

ဆွေးနွေးပွဲ၌ အနာဂတ်တွင် ပြုလုပ်မည့် နိုင်ငံရေး/ငြိမ်းချမ်း ရေးညှိနှိုင်းဆွေးနွေးမည့် လုပ်ငန်းစဉ်တွင် ကချင်ပြည်သူလူထုမှ ထည့်သွင်းဆွေးနွေးစေလိုသည့် လိုအပ်ချက်နှင့် သဘောထားအမြင်များ၊ ကချင်ပြည်သူ လူထုအနေဖြင့် တင်ပြဆွေးနွေးလိုသည့် လိုအပ်ချက် သဘောထားအမြင်များကို ကဏ္ဍအလိုက် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှု ပေးနိုင်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်မည့် အချက်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။