Tuesday, July 2, 2013

KIO မှ ဖွင့်လှစ်ထားသည့်ကျောင်းတွင် အဆင်မပြေမှုများစွာရှိ။

(kachin wave)


၂၀၁၃ ပညာသင်နှစ်မှ စတင်ပြီး အာလန်ဘွမ်(Alen Bum)တွင် ကေအိုင်အို မှဖွင့်လှစ်ထားသည့် စစ်ရှောင်တိမ်း ကလေးများ၏ ကျောင်းတွင် ဖတ်စာအုပ်၊ အစားအသောက်၊ အ၀တ်အစားနှင့် သောက်သုံးရေ စသည့် အခက်အခဲများရှိ နေကြောင်း သိရသည်။

“မိဘတွေလည်းအားလုံးက စစ်ဘေးဒုက္ခသည်တွေဆိုတော့ မထောက်ပံ့နိုင်တော့ ကျောင်းသားတွေက အ၀တ်အစားတွေ အစားအသောက်တွေက အစ အဆင်မပြေတာတွေ အများကြီးရှိတယ်။အခုလက်ရှိ အရေးတကြီးလိုအပ်နေတာက ဖတ်စာအုပ်တွေပါ။ တချို့အခန်းတွေမှာ ဖတ်စာအုပ် တစ်အုပ်မှ မရှိတော့ စာသင်ရာမှ ထိရောက်မှုနည်းပါးတယ်”ဟု ကျောင်းအုပ် ဦးခေါင်လွမ်းကဆိုသည်။

စစ်ရှောင်စခန်းများတွင် စာကောင်းကောင်းမသင်ရတော့ကြောင့် KIO အစိုးရမှ စစ်ရှောင်စခန်းများရှိကျောင်းသားများအား အခမဲ့ ကျောင်းဘောဒါဆောင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း အခြားအဖွဲ့အစည်းများ၏ အကူအညီလည်း များစွာလိုအပ်ကြောင်း ကျောင်းအုပ်က ဆက်လက်ဆိုသည်။

အခုအချိန်တွင် ၉တန်း နှင့်၁၀ တန်းကိုသာ စတင် စာသင်ကြားလျှက်ရှိပြီး ၅တန်းမှ ၈ တန်းကျောင်းသားများကို မှု ကျန်ရှိနေသည့် စစ်ရှောင်စခန်းများမှ ကျောင်းသားများ ရောက်ရှိ လာမှ စတင်သင်ကြားမည် ဖြစ်သည်။ အခုအချိန်တွင် ကျောင်းသားများအား ထားမည့် နေရာ အဆင်သင့် မဖြစ်သေးသည့် အတွက် ကျောင်းသားများ ရောက်ရှိလာနေသေးသည်ဖြစ်ကြောင်း ပြောသည်။

“အစားသောက်လည်း အဆင်မပြေဘူး ။ ဆန်လည်း အရမ်းကြမ်းတယ်။ ရေချိုမည့်နေရာလည်းအဆင်မပြေဘူး။ လူကများ နေချို့မည့်နေရာ ကမလောက်တော့ မနက် မျက်နှာသစ်ဖို့တောင် အရမ်းခက်တယ်။ တခါ တခါဆိုရင် မျက်နှာမသစ်ပဲနဲ့တောင် ကျောင်းတက်ရတယ်။” ဟု၁၀ တန်းကျောင်းသားတစ်ဦးဖြစ်သူ မောင်ဘရန်ဆန်အောင်ကဆိုသည်။

ထိုအဆောင်တွင် ကေအိုင်အို ထိန်းချုပ်နယ်မြေ နှင့် အစိုးရထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်းများက စစ်ရှောင်တိမ်းကလေးများ ၅ တန်းမှ ၁၀ တန်းထိ ကျောင်းသားများကို ထားရှိမည် ဖြစ်ပြီး အခုတွင် ကျာင်းသားများ ၇၀၀ ခန့်ရောက်ရှိနေပြီဖြစ်သည်။

နောက်ထပ် ကျန်ရှိနေသည့် စစ်ရှောင်စခန်းများမှ ကျောင်းသူကျောင်းသားများ ၁၂၀၀ခန့် ရောက်ရှိရန်ရှိသေးကြောင်း ကျောင်းအုပ်မှ ပြောသည်။

အဆိုပါကျောင်းမှ အောင်မြင်ခဲ့သည့် ကျောင်းသားများ KIO အစိုးရမှ ဖွင့်လှစ်ထားသည့် ကျောင်းများ နှင့် ကျမ်းစာကျောင်းများတွင် တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။ မြန်မာအစိုးရကျောင်းများတွင် ပြန်လည် သွားရောက်ဖြေဆိုရန်အတွက် ယခုချိန်အထိ အစီအစဉ်မရှိသေးကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။