Thursday, July 18, 2013

KIO ထိန်းချုပ်ရာရှိ ဂျေယန်းဒုက္ခသည်စခန်းတွင် ငှက်ဖျားဖြစ်ပွားမှု များပြား၊ ဆေးဝါးနှင့် အစားအသောက်လိုအပ်နေသည်ဟုဆို

(Mizzima)

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်သော နယ်မြေတွင်ရှိသော စစ်ပြေးဒုက္ခသည်စခန်းများ
တွင် ငှက် ဖျားရောဂါပြန့်ပွားမှု များပြားလာသလို၊ ဆေးဝါးနှင့် အစားအသောက်များ လိုအပ်မှုများ ရှိနေသည်ဟု ဒုက္ခသည်များအား ကူညီနေသော ကော်မတီနှင့် ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် မေလ၊ ဇွန်နှင့် ဇူလိုင်လအတွင်း လိုင်ဇာမြို့အတွင်းရှိ ဂျေယန်း ဒုက္ခသည်စခန်းတွင် ငှက်ဖျားရောဂါပိုးရှိသူပေါင်း ၄၀၀ ကျော် စစ်ဆေးတွေ့ရှိခဲ့သည်။


“မနှစ်ကတော့ လူ ၅၀ စစ်ရင် တစ်ဦးစ၊ နှစ်ဦးစလောက်ပဲ တွေ့တယ်။ စိုးရိမ်ရတဲ့ ငှက်ဖျားပိုး မတွေ့ဘူး။ ခုဒီနှစ်က မေ၊ ဇွန်၊ ဒီ ဇူလိုင်လအတွင်းမှာ အမြင့်ဆုံးထိ ရောက်သွားတယ်။ လူ ၂၀ ဦးစစ်ရင် ရှစ်ဦးက ငှက်ဖျားပိုး တွေ့တယ်။ ဒီသုံးလအတွင်းမှာ လူပေါင်း ၄၀၀ လောက် ငှက်ဖျားရောဂါ ခံစားနေရတယ်။ ခုတော့ ဆေးသောက်နေတယ်။ ထပ်စစ်ဆေးတွေ့ရှိတဲ့ လူနာတွေလည်း ရှိသေးတယ်”ဟု မဇိ္ဈမကို ပြောသည်။

တစ်ရက်လျှင် ဆေးခန်းသို့ ရောက်ရှိလာသူ အနည်းဆုံး ၁၀ ဦးကျော်မှ ၄၀ ခန့်ထိ ရှိနေပြီး ထိုအထဲမှာ ငှက်ဖျားရောဂါပိုး တွေ့ရှိသူ များပြားနေသဖြင့် Health Unlimited (HU)က ဆေးဝါးထောက်ပံ့ပေးမှုဖြင့် သောက်ဆေးဖြင့် ကုသပေးနေရသည်ဟု ဆိုသည်။

အဓိကအားဖြင့် ဒုက္ခသည်စခန်း ပတ်ဝန်းကျင်တွင် ခြုံပုတ်များ၊ ၀ါးရုံများနှင့် စမ်းချောင်းများ ရှိခြင်းကြောင့် ငှက်ဖျားရောဂါ ဖြစ်ပွားမှု များပြားရခြင်း ဖြစ်သလို၊ ယခုနှစ် မိုးတွင်းအ၀င်တွင် တရုတ်နိုင်ငံမှ ၀ယ်ယူလေ့ရှိသော ခြင်ကာကွယ်ဆေး မဖြန့်ပေးနိုင်ခြင်းကြောင့် ယခုနှစ် ငှက်ဖျားရောဂါ ပိုမိုပြန့်ပွားရခြင်း ဖြစ်သည်ဟု ဆရာလဘန်နော်ဂျာက သုံးသပ်သည်။

ဒုက္ခသည်စခန်းများထဲမှာ အကြီးဆုံးစခန်းဖြစ်သော ဂျေယန်းဒုက္ခသည်စခန်းတွင် လူပေါင်း ၈၅၀၀ ကျော် ခိုလှုံလျက်ရှိသည်။ ယခုနှစ် ငှက်ဖျားရောဂါဖြစ်ပွားမှု ပိုမိုများပြားနေသလို၊ တခြားဝမ်းလျှောခြင်းနှင့် ချောင်းဆိုးစသည့် ရောဂါများ
ဖြစ်ပွားနေသဖြင့် ဆေးဝါးနှင့် အစားအသောက် လိုအပ်နေသည်ဟု KIO ဒုက္ခသည် ကူညီပေးရေးကော်မတီမှ အတွင်းရေးမှူး ဗိုလ်မှူးကြီးဇော်ရော်က ပြောကြားခဲ့သည်။

“ဆေးဝါးနဲ့ အစားအသောက် အခက်ခဲဆုံးပဲ။ ကလေးတွေရဲ့ ပညာရေးအတွက် ကျွန်တော်တို့ ဒီမှာ ဘော်ဒါဖွင့်ပေးထားတာ။ အဲဒီမှာသုံးဖို့ စာအုပ်၊ စားပွဲခုံတွေ လိုအပ်နေသေးတယ်။ ဆေးဝယ်ဖို့၊ ရောဂါစစ်ဆေးဖို့ ပစ္စည်းတွေ၊ မိုးတွင်းဆိုတော့ ထုတ်ကွေးလည်းဖြစ်တော့ အဲဒီ ရောဂါပိုးတွေ စစ်ဖို့ စက်တွေ လိုအပ်နေ တယ်”ဟု သူက မဇိ္ဈမကို ပြောသည်။

ထို့ပြင် မိုင်ဂျာယန်အတွင်းရှိ လနာ့ဇွပ်၊ ဘွမ်စစ်ပါ စသည့် ဒုက္ခသည်စခန်းများတွင် ယခင်နှစ်က ပုံမှန်ပေးနေသော ဗန်းမော်မြို့ရှိ ကရုဏာအဖွဲ့ကလည်း ယခုထိ ပြန်လည် ထောက်ပံ့နိုင်ခြင်း မရှိသေးပေ။ အလားတူ ဇွန်လလယ်က ကုလသမဂ္ဂအဖွဲ့အစည်းများက မိုင်ဂျာယန်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် ကူညီထောက်ပံ့ပေးခဲ့သော်လည်း ယခု ထပ်မံ ထောက်ပံ့မှု ရှိမရှိ အကြောင်းကြားလာခြင်း မရှိသေးပါ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။